ကိုဗစ်လှိုင်း၏ အရှိန်ကို မမေ့ကြပါနှင့်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုက အရှိန်ရှိနေဆဲ။ သည့်ထက်ပိုဆို ရလျှင် ရောဂါပိုး၏ အန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရသေး။ မိမိတို့ သတိထားမှုကိုလျှော့လို့မရသေး။ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုက ရှိနေဆဲဖြစ်ပါသည်။

ရွေးကောက်ပွဲအပြီးတွင် ပျော်ပျော်ပါးပါး အောင်ပွဲခံမှုများက မြို့များ၊ နယ်များတွင် အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့သည်။ ပြည်သူ လူထုသည် ဒီမိုကရေစီအရေးအတွက် ပစ်ခတ်နေသောသေနတ်သံ များ၊ ရိုက်နှက်နေသော မြင်ကွင်းများကြားကပင် ဆန့်ကျင်ဆန္ဒပြခဲ့ သည့် အစဉ်အလာနှင့် သမိုင်းတို့ရှိခဲ့ဖူးသည်ဖြစ်ရာ မဲရုံများဆီသို့ သွားရောက်မဲပေးရခြင်းကို စွန့်စားမှုဟုပင် မယူဆကြ။

ထိုကဲ့သို့ ကိုဗစ်အန္တရာယ်ကိုပင် မကြောက်နိုင်ကြဘဲ မဲရုံများသို့ သွားရောက်မဲပေးခဲ့ကြသူများဖြစ်သည့်အတွက် မဲနိုင်ပြီဟု သိရသည့် အခါ လူတို့၏ ပျော်ရွှင်မှုက ထိန်းမနိုင်သိမ်းမရ ဖြစ်ကြတော့သည်။ နေရာအနှံ့တွင် ဆင်နွှဲကြသော အောင်ပွဲများက ခြိမ့်ခြိမ့်သဲ ဖြစ်လေရာ ထိုထိုသော လူစုလူဝေးများက ရောဂါပိုးပျံ့နှံ့သည့်နှုန်းကို မည်မျှ တိုးမြင့်လာစေမည်ဆိုခြင်းကို မပြောနိုင်သေးသည့် အခြေအနေ ဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လည်းကောင်း၊ နိုင်ငံရေးပါတီခေါင်းဆောင်များက လည်းကောင်း၊ အစိုးရခေါင်းဆောင် များကလည်းကောင်း မေတ္တာရပ်ခံခြင်း၊ တားမြစ်ဟန့်တားခြင်း၊ ဥပဒေဖြင့် ကန့်သတ်ခြင်းတို့ကြောင့်သာ လူစုလူဝေးများ တဖြည်း ဖြည်းချင်း ကျဲပါးလာခြင်း ဖြစ်ပါသည်။

ယခုရွေးကောက်ပွဲသည် ဒီမိုကရေစီရေး အောင်မြင်မှုနှင့် ဆက်စပ် မှုများ ရှိနေသည့်အတွက် များစွာအရေးကြီးသော အောင်ပွဲတစ်ခု အဖြစ် ပြည်သူလူထုက သတ်မှတ်ကာ အပျော်လွန်မိကြခြင်း ဖြစ်ပါ သည်။ သို့သော်လည်း နိုင်ငံအဝန်းအတွက် အထူးဂရုစိုက် ကာကွယ် ကြရန်လိုသော ကပ်ရောဂါ၏ အန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောထား ၍ မရပါ။ ထို့ပြင် ကျန်းမာရေးဆိုင်ရာ အကန့်အသတ်များ၊ စည်းမျဉ်း စည်းကမ်းများ ဥပဒေများဆိုသည်က မည်သည့် အကြောင်းပြချက် ဖြင့်မျှ ချိုးဖောက်လို့မရ၊ မလိုက်နာလို့မရနိုင်ပါ။

ဒီမိုကရေစီအောင်ပွဲဟု ယူဆလျှင် ဒီမိုကရေစီ အလေ့အကျင့် ပိုမို၍ရင့်သန်ကြဖို့လိုပါမည်။ ဒီမိုကရေစီစနစ်အောက်တွင် လူထုသည် ဥပဒေကို လိုက်နာရိုသေခြင်းဖြင့် အရေးပါသည့် အလေ့အထ အမူ အကျင့်ကို ခိုင်မာအောင်လုပ်ကြရန် လိုပါမည်။

ဒီမိုကရေစီ အောင်ပွဲရပြီ ဆိုရုံမျှဖြင့် ဒီမိုကရေစီစနစ် အခြေကျ ခိုင်မာသွားမည် မဟုတ်ပါ။ ဒီမိုကရေစီစနစ်သည် ပြည်သူလူထု၏ အလေ့အကျင့်အပေါ်တွင် မူတည်၍ ခိုင်မာမြဲမြံလာမည်ဆိုခြင်းကို မျက်ခြည်ပြတ်၍ မဖြစ်ပါ။

ယနေ့ဆိုလျှင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ပြီးစီးခဲ့ပြီ။ ရွေးကောက်ပွဲရလဒ်များအတိုင်း ဆက်လက်လုပ်ကိုင်စရာ လုပ်ငန်းရပ်များက အမြောက်အမြား ရှိနေသေးသည်။ ထိုတာဝန် များကို ဆက်လက်ထမ်းဆောင်ရင်း မဆုတ်မနစ်သော ဇွဲဖြင့် ဆက်လက်ကျော်ဖြတ်ရမည့် အခက်အခဲများ အကျပ်အတည်းများ စိန်ခေါ်မှုများက ရှေ့ခရီးတွင် တင်းကျမ်း ရှိပါသေးသည်။

မိမိတို့ ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ် အများစုပါဝင်သော လွှတ်တော်တို့က ဖွဲ့စည်းပေးမည်ဆိုသည့် အစိုးရ အဖွဲ့နှင့် အုပ်ချုပ်ရေးစနစ်သည်ပင် ပြည့်ပြည့်၀၀ ဒီမိုကရေစီစနစ် မဖြစ်နိုင်သေးသည့် အချိန်ဖြစ်ပါသည်။ ပန်းတိုင်ရောက်ပြီဟု ကြွေးကြော်ကာ တက်ထောင်လို့ မရသေးပါ။

ပြည်ထောင်စု တိုင်းရင်းသားတို့နှင့် ဆွေးနွေးနားလည်မှု ယူရမည့် လုပ်ငန်းများ၊ ပြည်တွင်းပဋိပက္ခများပြေလည်စေမည့် ငြိမ်းချမ်းရေး လုပ်ငန်းများ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် အခြေခံဥပဒေကို ပြင်ဆင်ရမည်များ၊ နိုင်ငံ၏ စီးပွားရေးတိုးတက်မြင့်မားလာရေးအတွက် စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော်ရမည့်လုပ်ငန်းများ၊ လူတစ်ဦးချင်း၏ နေ့စဉ်လူမှုဘ၀ ရှင်သန်နေထိုင်မှု လွယ်ကူလုံခြုံရေး ကိစ္စများ စသည်ဖြင့် စိန်ခေါ်မှု များစွာကို ရင်ဆိုင်ကြရဦးမည် ဖြစ်ပါသည်။

လောလောဆယ် ရင်ဆိုင်နေရသည့် ကျန်းမာရေးပြဿနာကို လူထုအရေး၊ အမျိုးသားအရေးအဖြစ် ဆက်လက်နားလည် လက်ခံ ကာ ကျော်လွှားကြရပါဦးမည်။ ပြည်သူတို့၏ ကျန်းမာရေးသတိကို မြဲမြဲဆုပ်ကိုင်ထားကြရန်လိုပါသည်။ လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ လူချင်းအနည်းဆုံး ခြောက်ပေခွာကာ ပြောဆိုဆက်ဆံခြင်း၊ စနစ် တကျ လက်ဆေးခြင်း၊ နှာခေါင်းစည်းမျက်နှာဖုံးများ တပ်ဆင်ခြင်း စသည်တို့ဖြင့် ကိုဗစ်အန္တရာယ်ကို အသိဉာဏ်ကြီးကြီး သတိကြီးကြီး တို့ဖြင့် ကာကွယ်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။