ကိုဗစ်ထိခိုက်မှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှာ တစ်နေ့ထက်တစ်နေ့ မြင့်မား လာသည်။  ဇူလိုင် ၇ ရက်က  ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၃၉၀၀ ကျော်မှ ဇူလိုင် ၈ ရက်တွင် ရောဂါပိုးတွေ့သူ ၄၀၀၀ ကျော် ဖြစ်လာခဲ့သည်။ ရောဂါကြောင့်  သေဆုံးသူမှာ ဇူလိုင် ၇ ရက်က ၅၇ ဦးနှင့်   ဇူလိုင် ၈ ရက်တွင် ၅၁ ဦးရှိသည်။ ယင်းမှာ ပိုးတွေ့လူနာများမှ ပေါ်ထွက်လာသော ရလဒ်ဖြစ်ပြီး ရောဂါဖြစ်ပွားမှု   စစ်ဆေးခြင်း မပြုနိုင်သော  ပြည်သူများကို ထည့်ပေါင်းလျှင် ယင်းထက်ပင် ပိုများမည်မှာ သေချာသည်။


ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေး၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းသို့ ဖြတ်ကျော်ကူးသန်းသွားလာမှုမျာကို စောင့်ကြပ် ကြည့်ရှုစစ်ဆေးခြင်း၊ သံသယလူနာများ၊ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား  ဓာတ်ခွဲနမူနာများ  ရယူစစ်ဆေးခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်း များအား ဆောင်ရွက်ခြင်း၊ မိမိအိမ်တွင်သာနေထိုင်ခြင်းအစီအစဉ်တွင်ပါဝင်သည့် မြို့နယ်များအား အချိန်နှင့်တစ်ပြေးညီ       တိုးချဲ့သတ်မှတ်ပေးလျက်ရှိခြင်း၊  Stay at Home အစီအစဉ်တွင်မပါဝင်သည့်  မြို့နယ်များ တွင်လည်း တိတိကျကျ လိုက်နာရမည့် ရောဂါကာကွယ်ထိန်းချုပ်ရေး  စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်၍ နေပြည်တော်ကောင်စီနယ်မြေနှင့်  သက်ဆိုင်ရာ  ပြည်နယ်နှင့်  တိုင်းဒေသကြီးရှိ  စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။


ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ဆေးရရှိမှုအပေါ်မူတည်၍ ဦးတည် အုပ်စုများကို အချိန်နှင့်တစ်ပြေးညီ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးအပြည့် အဝရရှိပြီးသူ ၁ ဒသမ ၇၅ သန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ မကြာမီကာလတွင် ကာကွယ်ဆေး နှစ်သန်းခန့် ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး ယခုနှစ်အတွင်း ကာကွယ်ဆေးများ  ထပ်မံရောက်လာဦးမည်ဖြစ်သည်။  ထို့အပြင် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများကိုလည်း မိမိအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ တင်သွင်းရောင်းချ ထိုးနှံနိုင်ခွင့်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ရေးကို လမ်းဖွင့် ပေးထားသည်။
ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးဆိုင်ရာ အပြုအမူများ ပိုမို သတိပြုဆောင်ရွက်နိုင်ရေးအတွက်   ဝန်ကြီးဌာနအနေဖြင့်  ပါးစပ်နှင့် နှာခေါင်း စည်း(Mask) များ ဖြန့်ဝေခြင်းလုပ်ငန်းကို ဇွန်လအတွင်း အရေအတွက် ၁၂ သန်း ဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ နောက်ထပ်အရေအတွက် ငါးသန်းကို ဖြန့်ဝေပေးရန် စီစဉ်လျက်ရှိသည်။ အဆိုပါ အကာအကွယ် Mask များကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ လူစည်ကားရာ ဈေး၊ ကားဂိတ်စသည့်နေရာများတွင် အခမဲ့ ဖြန့်ဝေပေးခြင်းတို့ကို   ဆောင်ရွက်လျက်ရှိသည်။  ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးကို  ဆောင်ရွက်ရာတွင်  စည်းကမ်းများ  တင်းတင်းကျပ်ကျပ်  ချမှတ်ရသည် နှင့်အတူ တစ်ဖက်တွင်လည်း ပညာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်မှုရှိလာ နိုင်သည့်အတွက် စနစ်တကျ ချင့်ချိန်၍ ဆောင်ရွက်လျက်ရှိသည်။ သို့သော် ရောဂါ ဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ ထုတ်ပြန်ထားသော စည်းကမ်းများအား လိုက်နာဖို့ လိုအပ်သည်။


ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်ဆံမိသူများကို ရှာဖွေဖော်ထုတ်၍ အသွား အလာကန့်သတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဓာတ်ခွဲစစ်ဆေး၍ ပိုးတွေ့ရှိခြင်းမရှိသူများကို ပြည်သူလူထုအခြေပြု (Facility Quarantine Center) များတွင်နေထိုင်နိုင်ရေး တတ်နိုင်သရွေ့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ နေရာများတွင် လက်ခံရန် အခက်အခဲရှိပါက သတ်မှတ်ချက်နှင့်ပြည့်စုံသူများကို မိမိအိမ်တွင်သာ အသွားအလာကန့်သတ်၍ နေထိုင်စေခြင်း (Home Quarantine) ကို စီစဉ်ခွင့်ပြုပေးလျက်ရှိသည်။ ရောဂါပိုးတွေ့ရှိထားသည့် အတည်ပြုလူနာများကို လူနာ၏ ရောဂါအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်ချက် များအပေါ်မူတည်၍ ကုသရေးစင်တာများတွင် ဦးစွာထားရှိ၍ လိုအပ်ပါက ဗဟိုအဆင့် ဆေးရုံကြီးများသို့ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများကို တိုးချဲ့ဖွင့် လှစ်ပေးလျက်ရှိပြီး ကိုဗစ် -၁၉ ရောဂါ အတည်ပြုလူနာနှင့် သံသယလူနာများ လက်ခံကုသခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံများ၌ ဆောင်ရွက်ပေးလျက်ရှိရာ ရောဂါအခြေအနေအရ နေအိမ်တွင်သာ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စနစ်တကျခွင့်ပြုပေးလျက်ရှိ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသိတရားဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါ ကြောင်း။        ။