ကိုလိုနီခေတ် ပန်းကန်စက်နှင့် ရော်ဘာစက်ရုံများ

Type
w

 

 

သိပ္ပံစာရေးဆရာကိုကိုအောင်

 

 

ဦးသော်သည် ၁၉၂၀ ပြည့်နှစ်တွင် နိုင်ငံခြားပြန် ပန်းကန်အတတ်ပညာရှင် ဇီးကုန်းမြို့သား ဦးဖိုးမြိုင်နှင့်အတူ ပန်းကန်လုပ်ငန်းကို စမ်းသပ်လုပ်ကိုင်ခဲ့ရာ ၁၉၂၂ ခုနှစ် ဧပြီလတွင် ခေါင်းပွကြွေထည်ပစ္စည်းများကို ပထမဦးဆုံး အောင်မြင်စွာဖြင့် စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်။ ထိုအချိန်က ပြည်တွင်း၌ သုံးစွဲသမျှသော ကြွေပန်းကန်များကို စမ်းသပ်ထုတ်လုပ်နိုင်သောအခါ ဦးသော် သည် ဂျာမနီမှ စက်ကိရိယာများကို မှာယူတပ်ဆင်ပြီး အိန္ဒိယပါရဂူ Mr.Deb ကို ငှားရမ်းကာ ခေါင်းပွကြွေထည်ပစ္စည်း အများအပြားကို တိုးတက်ထုတ်လုပ်ခဲ့ သည်။ သို့သော် ထုတ်လုပ်ပြီးသည့် ပစ္စည်းများမှာ ရက်အနည်းငယ်အကြာတွင် အက်ကြောင်းကလေးများ ဖြစ်လာသည့်အတွက် အကြိမ်ကြိမ် ထပ်မံစမ်းသပ် ထုတ်လုပ်ခဲ့သည့်တိုင် မအောင်မြင်သဖြင့် ၁၉၂၅ ခုနှစ်၏နှစ်လယ်တွင် စက်ရုံကို ပိတ်ခဲ့ရသည်။

ထို့နောက် ၁၉၂၆ ခုနှစ်တွင် ဗြိတိသျှအစိုးရက ပေါင်းတည်မြို့သား ဦးကျင် အား မြေထည်လုပ်ငန်းအတတ်ကို သင်ကြားနိုင်ရန်အတွက် ဥရောပသို့ အစိုးရ ပညာတော်သင်အဖြစ် စေလွှတ်ခဲ့သည်။ ဦးကျင်သည် မြန်မာနိုင်ငံရှိ မြေ အမျိုးမျိုး၊ ကျောက်အမျိုးမျိုးနှင့် ဖော်မြူလာစမ်းနည်းများကို ဥရောပတွင် လေ့လာခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ဘိလပ်မှ ဦးကျင်ပြန်ရောက်ပြီးနောက် ဦးသော်သည် ဦးကျင်နှင့်အတူပူးပေါင်းကာ ခေါင်းပွကြွေထည်ပစ္စည်းများကို စမ်းသပ်ထုတ်လုပ်ရာ အောင်မြင်မှုရရှိခဲ့သည်။

ခေတ်မီပန်းကန်ပြားလုပ်စက်များ မှာယူတပ်ဆင်

ထိုမှတစ်ဆင့် ဦးသော်နှင့်ဦးကျင်တို့သည် စားပွဲတင် ပန်းကန်ခွက်ယောက် ထုတ်လုပ်နည်းများကို စမ်းသပ်ခဲ့ကြသော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ဖော်မြူလာအမျိုးမျိုးဖြင့် စမ်းသပ်ထုတ်လုပ်ခဲ့ကြသော်လည်း မအောင်မြင် ရခြင်းမှာ ခေတ်မီပစ္စည်းများ မရှိသောကြောင့်ဟု ယူဆသဖြင့် အစိုးရထံမှ ငွေတစ်သိန်းချေးယူမတည်ပြီး ခေတ်မီပန်းကန်ပြားလုပ်စက်သစ်ကြီးများကို မှာယူတပ်ဆင်ခဲ့သည်။ သို့ရာတွင် အခြေအနေက ထူးခြားလာခြင်း မရှိခဲ့ပေ။

မြန်မာအမျိုးသားတစ်ဦးက ဦးဆောင်ထူထောင်သော ထိုပန်းကန်စက်ကို ကိုလိုနီအစိုးရက အားမပေးခဲ့ပေ။ တစ်နှစ်လျှင် ငွေပေါင်း သိန်းနှစ်ဆယ် တန်ဖိုးရှိသော ပန်းကန်များကို အင်္ဂလန်၊တရုတ်နှင့်အိန္ဒိယတို့မှ တင်သွင်းခဲ့သည်။ ထိုစဉ်က လူဦးရေအရ တစ်လလျှင် အိမ်သုံးကြွေထည်ပစ္စည်း အရေအတွက် ၃၀၀၀၀ လိုအပ်ခဲ့သဖြင့် ဦးသော်က မဖြစ်မနေ စမ်းသပ်ကြိုးပမ်းခဲ့ရာ ၁၉၂၉ ခုနှစ်တွင် မတည်ရင်းနှီးငွေ ကျပ် ၄ သိန်းခန့်အထိ မြှုပ်နှံခဲ့ရသည်။ ပန်းကန် ပြုလုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ရှိနေပြီး နည်းပညာကိုရရှိရန်သာ လိုအပ်ကြောင်းကို သဘောပေါက်သော ဦးသော်သည် စမ်းသပ်မှုအမျိုးမျိုးကို ပြုလုပ်ကာ ပန်းကန်ခွက်ယောက်နှင့် ကြွေထည်ပစ္စည်း များကို ကြိုးပမ်းထုတ်လုပ်ခဲ့သည်။ ဦးသော်၏စက်မှထွက်သော ကြွေထည် များမှာ ပြည်ပမှ တင်သွင်းသော ပစ္စည်းများနှင့် အရည်အသွေး ယှဉ်နိုင် လာပြန်သောအခါ၌လည်း နိုင်ငံခြားဖြစ်ကိုမှ အထင်ကြီးသော ခေတ်ဖြစ်နေ သောကြောင့် ဦးသော်ပန်းကန်စက်မှထွက်သည်ဟု မပြောဘဲ နိုင်ငံခြားဖြစ်ပစ္စည်းဟုပြောဆို၍သာ ရောင်းချခဲ့ကြရသည်။

ဦးသော်သည် စက်မှုလက်မှုပညာရပ်နှင့် ပတ်သက်၍ အမြော်အမြင်ကြီးမား သော မြန်မာလူမျိုးတစ်ဦး ဖြစ်သလို မြန်မာနိုင်ငံကို တိုးတက်စေလိုလျှင် ကုန် ချောထုတ်လုပ်နိုင်သော စက်မှုလုပ်ငန်းများ ထူထောင်ရမည်ဟု လက်ခံထားသူ တစ်ဦးလည်း ဖြစ်သည်။ မူလက ချမ်းသာသောမိဘမျိုးရိုးမှ ပေါက်ဖွားခဲ့သူ ဦးသော်သည် ထိုပန်းကန်စက်ကို တည်ထောင်ခြင်းကြောင့် စမ်းသပ်မှု များစွာ ထဲသို့ ငွေရင်းငွေနှီးများဝင်ကာ ပိုက်ဆံနှစ်ပဲမျှသာ ကျန်တော့သည့် အခြေအနေ အထိလည်း ရောက်ခဲ့ရဖူးသည်။ ၁၉၃၆ ခုနှစ် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုထောက်ပံ့ရေး ဝန်ကြီး ဒေါက်တာသိန်းမောင် လက်ထက်တွင် စက်မှုလက်မှုထောက်ပံ့ရေး အက်ဥပဒေအရ ငွေတစ်သိန်းချေးယူရရှိ ခဲ့သည်။ ၁၉၃၉ ခုနှစ်မှ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီအချိန်အထိ ဦးသော်၏ပန်းကန်စက်မှ ထွက်ရှိသောပစ္စည်းများမှာ တွင်ကျယ်စွာ ရောင်းချခဲ့ရသည်။

နိုင်ငံခြားပစ္စည်းများထက် အရည်အသွေးကောင်း

သမိုင်းပန်းကန်စက်၏ ကုန်ထုတ်စွမ်းအားမှာ တစ်လလျှင်ပန်းကန်မျိုးစုံ ဒါဇင်တစ်သောင်းကျော်အထိ ရှိခဲ့သည်။ ၁၉၄၀-၄၁ ခုနှစ်တွင် သမိုင်းပန်းကန် စက်မှ တစ်လလျှင် ပန်းကန်အကြမ်းအချော စုစုပေါင်းဒါဇင် ငါးထောင်ကျော် ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်သောပစ္စည်းများမှာ နိုင်ငံခြားပစ္စည်းများထက် အရည်အသွေး ပိုမိုကောင်းမွန်သဖြင့် အရောင်းရ တွင်ကျယ်လာသည်ဖြစ်ရာ ကုန်ထုတ်စွမ်းအားကိုတိုးမြှင့်ပြီး ကုန်ပစ္စည်းများကို အများအပြားထုတ်လုပ်ခဲ့ သည်။ ထိုကဲ့သို့ ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နေဆဲ၌ပင် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်လေတပ်က ရန်ကုန်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုအချိန် မှစ၍ စစ်ကာလတစ်လျှောက်လုံးတွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားခဲ့ရသည်။

မြန်မာတို့သည် ပျူခေတ်ကတည်းကပင် မြေအိုး၊မြေခွက်၊မြေထည်များကို မီးဖုတ်ထုတ်လုပ်ကာ သုံးစွဲနိုင်ခဲ့ကြသည်။ ၁၁ ရာစုခန့်မှစ၍ စဉ့်ကို အသုံးပြု တတ်လာကာ စဉ့်အိုး၊ စဉ့်ခွက်များကိုလည်း ထုတ်လုပ်ခဲ့ကြသည်။ ကိုလိုနီ ခေတ်တွင်မူ မြေအိုး၊ မြေခွက်၊ စဉ့်အိုး၊ စဉ့်ခွက်တို့၏နေရာတွင် ဒန်အိုး၊ ဒန်ခွက်၊ ဒန်ပစ္စည်းများနှင့် ဒယ်အိုးများက အစားထိုး နေရာယူလာခဲ့သည်။ ဒန်အိုး၊ ဒန်ခွက်များသည် မြို့ပေါ်ရှိ အိမ်တိုင်းသုံး၊ နေ့စဉ်သုံးပစ္စည်း ဖြစ်လာသည်။ လိုအပ်သော ဒန်အိုး၊ဒန်ခွက်နှင့်ဒန်ပစ္စည်းများကို အိန္ဒိယနှင့်အခြားနိုင်ငံများမှ တင်သွင်းရသည်။ ထိုနိုင်ငံခြား ပစ္စည်းများနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချ ရန် ဒန်အိုး၊ ဒန်ခွက်ထုတ်လုပ်သော စက်တစ်ခုလည်းရှိခဲ့သည်။

ထိုဒန်သတ္တုပစ္စည်းစက်ရုံကို တည်ထောင်သောကုမ္ပဏီမှာ Messrs Jeewanlal Ltd. ဖြစ်ပြီး အင်းစိန်လမ်းမပေါ်၌ တည်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ သားပိုင်ဖြစ်သည့် ထိုစက်ရုံအတွက် လိုအပ်သော ဒန်သတ္တုပြားများကို အိန္ဒိယ နှင့် အခြားနိုင်ငံများမှ တင်သွင်းကာ အလုပ်သမား ၂၈၅ ဦးဖြင့် ဒန်အိုး၊ ဒန်ခွက် နှင့်ဒန်ပစ္စည်းများကို ထုတ်လုပ်ခဲ့သည်။ ထိုစက်ရုံကို ၁၉၂၉ ခုနှစ်ခန့်က တည် ထောင်ခဲ့သည်ဟု ယူဆရသည်။ ၁၉၃၁ ခုနှစ်တွင်မူ ဒယ်အိုးစက်ရုံတစ်ခုလည်း ပေါ်ထွန်းလာခဲ့သည်။ ဦးဟိုတိတ်နှင့် အစုရှယ်ယာဝင်များ စုပေါင်းကာ ဟိုတိတ် ဒယ်အိုးစက်ရုံ အမည်ဖြင့် အမှတ် ၁၂၃-၁၂၅၊ ၅၈ လမ်း၊ ကမာရွတ်တွင် တည် ထောင်ခဲ့သော စက်ရုံဖြစ်သည်။

နှစ်ဆယ်ရာစု နှစ်ဆန်းလာသောအခါ ရော်ဘာဖြင့်ပြုလုပ်သော ပစ္စည်း အမျိုးမျိုးတို့ ခေတ်စားလာသည်။ မြန်မာပြည်တွင် တနင်္သာရီ၊ မြိတ်နှင့်ထားဝယ်ဒေသတို့၌လည်းကောင်း၊ ရန်ကုန်မြို့အနီး၌လည်းကောင်း နိုင်ငံခြားသား အရင်းရှင်ကြီးများနှင့် ကုမ္ပဏီများပိုင်သော ရော်ဘာစိုက်ခင်းကြီးများ ထွန်း ကားလာသည်။ ဤတွင် ရော်ဘာလုပ်ငန်းဆိုင်ရာ စက်ရုံများကိုလည်း တည် ထောင်လာကြသည်။ ၁၉၂၁ ခုနှစ်ကပင် ရော်ဘာပစ္စည်းများ ထုတ်လုပ်သော စက်ရုံတစ်ရုံရှိခဲ့သည်။ ၁၉၂၉ ခုနှစ်မှ ၁၉၃၁ ခုနှစ်များအတွင်း ရော်ဘာပစ္စည်း ထုတ်လုပ်သော စက်ရုံပေါင်း ခြောက်ရုံအထိ တိုးတက်ခဲ့သည်။ ၁၉၃၇ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အထိအတွင်း၌မူ စက်ရုံနှစ်ရုံသာရှိခဲ့သည်။

ထိုစက်ရုံများအနက် ၁၉၃၅ ခုနှစ်က တည်ထောင်ခဲ့သော ဘရှီးဘရားသား ကုမ္ပဏီလီမိတက်ပိုင် စက်ရုံမှာ ထုတ်လုပ်စွမ်းအားကောင်းသဖြင့် ထင်ရှား ခဲ့သည်။ ကုမ္ပဏီအစုရှယ်ယာရှင် ခုနစ်ဦးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ကြပြီး မတည်ရင်းနှီးငွေ ကျပ် ၁၀၀၀၀၀၀ မြှုပ်နှံကာ အမှတ် ၁၀၁၊ ရန်ကုန်-အင်းစိန် လမ်း၊ သမိုင်းရှိ မစ္စတာဘရှီး ပိုင်ဆိုင်သော ၉ ဒသမ ၅ ဧကရှိမြေပေါ်၌ စက်ရုံကို တည်ဆောက်ထားသည်။ ရော်ဘာပစ္စည်း ထုတ်လုပ်သော စက်ရုံများသည် များသောအားဖြင့် ထုတ်လုပ်စွမ်းအားနည်းပါးသော စက်ရုံငယ်များသာ ဖြစ် သည့်အပြင် လုပ်ငန်းအောင်မြင်မှုနှင့် ဆုံးရှုံးမှုများအပေါ်မူတည်ပြီး လုပ်ငန်း ရပ်လိုက်၊ စက်ပြန်လည်လိုက်နှင့် စက်သစ်စက်ဟောင်း အပြောင်းအလဲနှင့် အတိုးအလျှော့များ ရှိနေခဲ့သည်။ ဘရှီးဘရားသားစက်ရုံကို တည်ထောင် ထုတ်လုပ်သော ၁၉၃၅-၁၉၃၆ ခုနှစ်များတွင် ရော်ဘာပစ္စည်းထုတ်လုပ်သော စက်ရုံအနေဖြင့် ထိုစက်ရုံတစ်ခုတည်းသာ ရှိနေခဲ့သည်။

ဘရှီးဘရားသားကုမ္ပဏီမှ တစ်လလျှင် ရော်ဘာဖနောင့်အောက်ခံဖြင့် ချုပ်လုပ်သော ကင်းဘတ်ဖိနပ်အရန် ၄၀၀၀ ခန့်နှင့် ရော်ဘာခြေညှပ်ဖိနပ် အရန် ၁၂၅၀၀ ထုတ်လုပ်ပြီး တစ်လလျှင် ရော်ဘာကုန်ကြမ်း တန်ရှည် ၁၈ တန် အသုံးပြုခဲ့သည်။ ရော်ဘာပစ္စည်းထုတ်လုပ်သော အခြားစက်ရုံတစ်ခုမှာ ကမာရွတ်တွင် တည်ထောင်ထားသော Burma Rubber Works ဖြစ်သည်။ ထိုစက်ရုံက တစ်လလျှင် ရော်ဘာကုန်ကြမ်း ၄ တန်မှ ၅ တန်အထိ အသုံးပြုပြီး ဆန်စက်များတွင်အသုံးပြုသည့် ရော်ဘာတုံးနှင့် ရော်ဘာဘောလ်များ (Ru- bber Blocks and Balls)ကို ထုတ်လုပ်ခဲ့သည်။ ရော်ဘာစက်ရုံနှစ်ခုမှ ထုတ် လုပ်သောပစ္စည်းများကို ပြည်တွင်း၌အသုံးပြုခဲ့သလို ပြည်ပမှလည်း ရော်ဘာ ပစ္စည်းအမျိုးမျိုးကို တင်သွင်းခဲ့ရသည်။ ။