
ရန်ကုန် သြဂုတ် ၂၂
ကိုရီးယား-မြန်မာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာ အတတ်သင်သိပ္ပံ Korea-Myanmar TVET Teacher Training Institute (KMTTTI) ဖွင့်လှစ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကိုရီးယား-မြန်မာနည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင်သိပ္ပံ Korea-Myanmar TVET Teacher Training Institute (KMTTTI) ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)တို့၏ ကူညီထောက်ပံ့မှုဖြင့် KMTTTI တည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးလာသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နည်းပညာ၊ သက်မွေးပညာကဏ္ဍ တိုးတက်လာရေးအတွက်လည်း အစဉ် တစိုက်ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊Korea-Myanmar TVET Teacher Training Institute (KMTTTI) တည်ထောင်ဖွင့်လှစ် နိုင်ရေးအတွက် ဆွေးနွေးမှုမှတ်တမ်း(RoD)အရ KMTTTI ကျောင်းသည် နည်းပညာနှင့်သက်မွေးပညာကဏ္ဍမှ ဆရာ၊ ဆရာမများ၏အရည်အသွေးများ ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနက အလေးထား ဆောင်ရွက်နေသည့် နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ အရည်အသွေး မြှင့်တင်ရေး ဆောင်ရွက်မှုများအတွက် များစွာအထောက်အကူ ဖြစ်စေပါ ကြောင်း။
ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်
KMTTTI သင်တန်းကျောင်းတွင် တက်ရောက်မည့် သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီသည့် အရည်အသွေးရှိသော နည်းပညာများကို သင်ယူလေ့ကျင့်ခွင့်ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ Korea-Myanmar TVET Teacher Training Institute (KMTTTI)ကို အစီအစဉ် (၃)ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပထမအနေဖြင့် ဆရာ ဆရာမများအား လေ့ကျင့်ပေးနိုင်ရန်အတွက် လေ့ကျင့်ရေးစင်တာ(TVET Teacher Training Center)ကို လည်းကောင်း၊ ဒုတိယအနေဖြင့် ဆရာ၊ ဆရာမများ လေ့ကျင့် သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များနှင့် ဆက်စပ်ဆောင်ရွက်မည့် စံနမူနာပြ အစိုးရစက်မှုလက်မှုသိပ္ပံ(၁)ကျောင်း (Model GTI) အား လည်းကောင်း၊ တတိယ အနေဖြင့် အသက်မွေးဝမ်းကျောင်းနှင့် ကိုက်ညီသော စွမ်းဆောင်ရည်ပြည့်ဝ သည့် နည်းပညာရှင်များ မွေးထုတ်နိုင်ရေး နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍအား စက်မှုလုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် သုတေသနဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Research & Development Center) ကို လည်းကောင်း တစ်ပါတည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် KMTTTI အတွက် လိုအပ် သည့် လုပ်ငန်းစဉ်များအားလုံးကို အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းပံ့ပိုးကူညီ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ KMTTTI တည်ထောင်ဖွင့်လှစ်နိုင်ရေး KOICA မှ လိုအပ်သော အဆောက်အဦနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်း ကိရိယာများ ဖြည့်ဆည်းရေးတို့အတွက် ဘဏ္ဍာငွေထောက်ပံ့ပေးသကဲ့သို့ ဆရာ၊ ဆရာမများ လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း များ ပြုစုခြင်း၊ သင်တန်းများပေးခြင်း စသည့် နည်းပညာအကူအညီများ လည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ထို့ပြင် အဆောက်အဦများ အချိန်မီပြီးစီး နိုင်ရေးအတွက် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကိုဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တာဝန်ယူဆောက်လုပ်နေသည့် သက်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီများမှလည်း အချိန်မီအရည်အသွေးပြည့်မီစွာ ပြီးစီးအောင် ဆောင်ရွက် ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ Korea-Myanmar TVET Teacher Training Institute (KMTTTI) Soft Opening Ceremony ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ကျင်းပရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိအနေဖြင့် ကိုရီးယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်စေရန် အလေးထားဆောင်ရွက်ရေးအတွက် သိသာထင်ရှားသည့် သမိုင်းမှတ်တိုင် တစ်ခုအဖြစ် တည်ရှိနေမည့် KMTTTI အား အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေး အားလုံးအတူ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာက အမှာစကားပြောကြားခဲ့ပြီး ကိုရီးယား- မြန်မာနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင်သိပ္ပံ (KMTTTI) ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူရနှင့် Project Manager ဦးအောင် ခိုင်ဟိန်းတို့က ကျောင်းတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အစည်းအဝေးတက်ရောက် လာသူများမှ KMTTTI ကျောင်းဝင်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာ၀န်ရှိသူများသည် စက်မှု နည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) သို့သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ သင်ကြား သင်ယူရေး၊ စီမံခန့်ခွဲရေးရာဆိုင်ရာ ကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်း များနှင့် ကိုဗစ်ကာလအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
တွေ့ဆုံ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီ၊ ပါမောက္ခချုပ်များကော်မတီ၊ ပါမောက္ခချုပ် များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်