
ရန်ကုန် ဇွန် ၁၅
ကိုရီးယားသမ္မတနိုင်ငံသို့ ရာသီချိန်လုပ်သား စေလွှတ်မည်ဟုဆိုကာ လိမ်လည်မှုဖြစ်စဉ်များရှိနေ၍ သတိထားကြရန် မြန်မာပြည်ပအလုပ် အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန် ရှိသူက တိုက်တွန်းပြောကြားထားသည်။
လက်ရှိကာလတွင် ကိုရီးယားနိုင်ငံသို့စေလွှတ်ရန် ကြိုးပမ်းနေဆဲအခြေအနေသာရှိနေသော်လည်း မြေပြင်တွင်ပွဲစားများက ရာသီချိန် လုပ်သားစေလွှတ်မည်ဆို၍ ငွေကြေးကောက်ခံနေမှုများ များစွာရှိနေ ကြောင်း ၎င်းက ပြောသည်။ “ရာသီချိန်လုပ်သားနဲ့ဆိုင်တဲ့ ကိုရီးယားကို လုပ်သားစေလွှတ်ဖို့က မဖွင့်သေးဘူး။ ကြိုးစားတုန်းပဲရှိသေးတာ။ ဒီဘက်မှာအေဂျင်စီတွေ တရားဝင်စေလွှတ်နိုင်ဖို့ ကြိုးစားတုန်းပဲရှိသေး တာ။ ပွဲစားတွေက ကလေးတွေပိုက်ဆံလိမ်တာ၊ ကောက်တာတွေနဲ့ ကတော့ အများကြီးဖြစ်နေပြီ။ အဲဒါမျိုးတွေကို ကလေးတွေအနေနဲ့ သတိတော့ထားရမယ်” ဟု ၎င်းက ပြောသည်။
ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားအဖြစ်သွားရောက်လုပ်ကိုင် ရန် ပွဲစားများထံသို့ ငွေကြေးပေးသွင်းထားကြပြီး အချို့မှာ ချေးငှား၍ပေးသွင်းထားမှုများလည်းရှိနေကြောင်း သိရသည်။ လက်ရှိတွင် လိုင်စင်ရပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီ ၅၆၀ ကျော်ရှိပြီး ပြည်ပထွက်ခွာသူများအနေဖြင့် ပွဲစားများနှင့်ချိတ်ဆက်၍သွားရောက် ရန် ဆောင်ရွက်မှုများရှိနေ၍ သေသေချာချာစုံစမ်းပြီး လိုင်စင်ရအေဂျင်စီ များနှင့်ချိတ်ဆက်ကာ တိုက်ရိုက်သွားရန်သာ အကြံပေးလိုကြောင်း ပြောကြားသည်။ ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရ၏ပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA)မှတစ်ဆင့် EPS စနစ်ဖြင့်သာ မြန်မာလုပ်သား များကို စေလွှတ်လျက်ရှိကြောင်း သိရသည်။ MT