ယဉ်ကျေးမှုဟူသည် နိုင်ငံတစ်နိုင်ငံနှင့် ထိုနိုင်ငံနေလူမျိုးတို့၏ ဝိသေသလက္ခဏာပင် ဖြစ်သည်ဟုဆိုသည်။ ၂၀ ရာစုခေတ် အတွင်းက ကမ္ဘာ့နိုင်ငံတို့၏ ဝိသေသလက္ခဏာ သို့မဟုတ် အမှတ်အသားသရုပ်တို့ကို ထိုနိုင်ငံက စွဲကိုင်သည့် ဝါဒရေးရာ သဘောတရားတို့ဖြင့် ဖော်ပြကြပြီး ( ဥပမာ - အရင်းရှင်နိုင်ငံ၊ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံ စသည်ဖြင့်) ၂၁ ရာစုသို့ ရောက်လာသည့်အခါတွင်မူ ထိုနိုင်ငံ ၏ ယဉ်ကျေးမှုအပေါ် အခြေခံ၍ (ဥပမာ- အစ္စလာမ္မစ်နိုင်ငံ၊ ကက်သလစ်နိုင်ငံ၊ ဗုဒ္ဓဘာသာနိုင်ငံ စသည်ဖြင့်) ဖော်ပြလာကြ သည်ဟု ပညာရှင်များက ဆိုမိန့်ကြသည်။
ကမ္ဘာပေါ်တွင် ဝါဒသဘောတရားရေးရာ ပြိုင်ဆိုင်မှုသည် စစ်အေးခေတ်နိဂုံးချုပ်မှုနှင့်အတူ တစ်ခန်းရပ် သွားခဲ့ပြီဖြစ်ပြီး စစ်အေးခေတ်လွန် မျက်မှောက်ကာလကိုမူ ယဉ်ကျေးမှုများ တိုးတိုက်နေသည့်ကာလ၊ မတူခြားနားသည့် ယဉ်ကျေးမှုကြီးများ ၏ ပဋိပက္ခကာလဟုလည်း ဆိုထားသည်။ ယဉ်ကျေးမှုများ၏ ပြိုင်ဆိုင်မှုတွင် ထိပ်တိုက်ရင်ဆိုင်ကာ ပဋိပက္ခများဖြစ်ပေါ်နိုင် ကြောင်း အကိုးအကားနှင့် သက်သေပြမှုများရှိသကဲ့သို့ မတူညီ သည့် ယဉ်ကျေးမှုတို့ တိုးတိုက်ကြရာမှ အပြန်အလှန် တုံ့လှယ် ကာ အပြောင်းအလဲအသစ်များ တိုးတက်ဖြစ်ပေါ်လာကြောင်း အထောက်အထားတို့နှင့် ဖော်ပြမှုများလည်းရှိသည်။ မည်သို့ပင် ဆိုစေကာမူ ယဉ်ကျေးမှုဟူသည် မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်း၏ ရေးရာကိစ္စသက်သက်မျှသာ မဟုတ်တော့ဘဲ နိုင်ငံတကာဆက်ဆံ ရေး၊ ကမ္ဘာပေါ်ရှိ အခြားလူ့အဖွဲ့အစည်းများနှင့် ဆက်ဆံရေးတို့ တွင် ထည့်သွင်းစဉ်းစားရမည့် အရေးပါသောကိစ္စဖြစ်လာသည်မှာ သေချာသည်။
ယဉ်ကျေးမှုသည် ပထဝီရေခံမြေခံနှင့် ကိုးကွယ်ရာဘာသာ အယူဝါဒတို့မှ ဖြာထွက်လာခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး တွင်မူ အပျော့ထည်စွမ်းအား Soft Power အနေဖြင့် အသုံးချပြီး အပြန်အလှန် တင်ပို့နေကြသည်ကို တွေ့ရှိနိုင်သည်။ ထင်သာ မြင်သာ ဥပမာအားဖြင့် အမေရိကန်မှ ထုတ်လုပ်သည့် ဂီတ၊ ရုပ်ရှင်၊ ကုန်အမှတ်တံဆိပ်များ၊ စားဖွယ်သောက်ဖွယ်များ နည်းတူပင် ဥရောပနိုင်ငံများ၊ အာရှနိုင်ငံများ စသည်တို့မှလည်း ယဉ်ကျေးမှုထုတ်ကုန်များ ကမ္ဘာပတ်နေကြသည်။ မိမိတို့နိုင်ငံ ၌ပင် မက်ဒေါ်နယ်၊ ကေအက်ဖ်စီ၊ ဟမ်ဘာဂါ၊ ပီဇာ၊ ကိုကာ ကိုလာ၊ ဆူရှီ၊ ကင်မ်ချီ၊ ကွေ့တယို၊ သင်္ဘောသီးထောင်း ……. စသည်ဖြင့် အနောက်တိုင်း၊ အရှေ့တိုင်း၊ အိမ်နီးချင်း နိုင်ငံပေါင်းစုံ တို့မှ ဝင်လာသမျှ အစားအစာများကို ခံတွင်းတွေ့စွာ စားသောက် နေကြပြီ။ ဟောလိဝုဒ်၊ ဘောလိဝုဒ်၊ ဟောင်ကောင်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင် စသည့်နိုင်ငံများမှ ရုပ်ရှင်၊ ရုပ်မြင် ဇာတ်လမ်းတွဲများတို့ကိုလည်း ကြည့်ရှုခံစားတတ်နေကြပြီ။
စင်စစ်မိမိတို့နိုင်ငံတွင် အမျိုးသားယဉ်ကျေးမှု အခိုင်အမာ ရှိသည်။ ဒေသအသီးသီးတွင် ရှိနေသော တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဝိသေသ အမှတ်သရုပ်များကလည်း အရောင်အသွေး စုံလင်လှပသည်။ ရိုးသားဖြူစင် ပွင့်လင်းသကဲ့သို့ သိမ်မွေ့ ယဉ်ကျေးသည်။ မိမိတို့နိုင်ငံသည် ဧရာမနိုင်ငံကြီးတစ်နိုင်ငံ မဟုတ်သော်လည်း ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုတို့ ပြည့်စုံကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ မိမိတို့တွင် ရှိပြီးဖြစ်သည့် ယဉ်ကျေးမှု အမွေအနှစ်တို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့လိုအပ်သလို ခေတ်နှင့်လျော်ညီအောင်မြှင့်တင်ရန်၊ ပြုပြင်မွမ်းမံရန်လည်း လိုအပ်သည်။ မိမိတို့၏ မူပိုင်ကို ကမ္ဘာကလက်ခံလာအောင်၊ မိမိတို့၏ အမှတ်တံဆိပ်၊ မိမိတို့၏ ယဉ်ကျေးမှုထုတ်ကုန်များ လည်း အခြားသောနိုင်ငံများနည်းတူ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ ထိုးဖောက်နိုင်အောင် ကြိုးပမ်းကြရန်လိုသည်။ ဤအရေးသည် အမျိုးသားရေးပင်ဖြစ်သည်။
၂၁ ရာစု၏ ပထဝီနိုင်ငံရေးသည် စစ်ရေး၊ စီးပွားရေးအင်အား နည်းတူ ယဉ်ကျေးမှုသည်လည်း အားကြီးရန် လိုသည်ဟု ခေတ်ပြိုင်သမိုင်းရေးရာ သုခမိန်တို့က ထောက်ပြထားသည်။ မျက်မှောက်ခေတ် နိုင်ငံများအကြားမှ ပဋိပက္ခများကို ယဉ်ကျေးမှု ချင်း ထိပ်တိုက်တွေ့မှုများအဖြစ်လည်း ရှုမြင်သုံးသပ်ကြသည်။ မျက်မှောက်ကမ္ဘာတွင် နိုင်ငံတိုင်းက ကိုယ်ပိုင်ယဉ်ကျေးမှုများကို အခိုင်အမာ တည်ဆောက်မြှင့်တင်နေကြချိန် မိမိတို့တွင် အခိုင် အမာ ယဉ်ကျေးမှုတို့ ထုနှင့်ထည်နှင့်ရှိပါလျက် တန်ဖိုးမထား ပစ်ပယ်ကြကာ နိုင်ငံတကာ၌ပင် ယဉ်ကျေးမှုအဖြစ် နေရာပေး မထားသည့် ရုပ်ပြပေါ်ပင် သရုပ်ပျက်မှုများနောက် လိုက်ပါကြမည့် အစား ကိုယ့်နိုင်ငံ၏ အလှအပနှင့် ယဉ်ကျေးမှု တင်ပို့သူတို့ ဖြစ်ကြ စေလိုသည်။ မြန်မာတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာ၊ ကိုယ်ပိုင် အမှတ်သရုပ်များကိုဖော်ထုတ်ကာ နိုင်ငံတကာအလယ်တွင် ဝင့်ထည်စေခြင်းဖြင့် နိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်ကျက်သရေကို ဆောင်နိုင်ကြပါစေကြောင်း။ ။