
နေပြည်တော် ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား ယနေ့နံနက်ပိုင်းတွင် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၁ဝဝ ခန့်သည် ယနေ့ နံနက် ၃ နာရီခန့်တွင် တပ်ရင်း၏ အနောက်မြောက်ဘက်မှလည်းကောင်း၊ နံနက် ၄ နာရီခန့်တွင် တပ်ရင်း၏ အရှေ့ဘက်မှလည်းကောင်း၊ နံနက် ၄ နာရီ ၅၅ မိနစ်ခန့်တွင် တပ်ရင်း၏ အမှတ်(၂)ဂိတ်မှလည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်ရင်းရှိ အရာရှိ၊ စစ်သည်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ခြင်းကြောင့် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား ဆုတ်ခွာထွက်ပြေး သွားကြောင်းနှင့် ဖြစ်စဉ်တွင် စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ နယ်မြေခံတပ်ရင်းသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး ဆုတ်ခွာထွက်ပြေးသွားသော KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများအား လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်