ကလေးအလုပ်သမားပြဿနာ ဆင်းရဲနွမ်းပါးမှုသသရာ

 

ပညာသင်ကြားရမည့်အရွယ် ကလေးများ စာသင်ခန်းတွင်မရှိဘဲ မိသားစု၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရရှိစေရန် ကလေးအလုပ်သမားများအဖြစ် လုပ်ငန်းခွင် ဝင်နေ ကြရခြင်းမှာ ကမ္ဘာ့နိုင်ငံများစွာတို့တွင် တွေ့ရှိရသော ပြဿနာ တစ်ခုဖြစ်သည်။ အထူးသဖြင့် ဆင်းရဲသည့်နိုင်ငံများတွင်   ကလေး အလုပ်သမားဦးရေ အများအပြားရှိနေကြရာ ၂၀၁၇ ခုနှစ် စာရင်း များအရ ဆာဟာရအောက်ပိုင်း အာဖရိကဒေသတွင် ကလေး သူငယ်များ၏ ၂၉ ရာခိုင်နှုန်း အလုပ်လုပ်နေကြပြီး အာဖရိကနိုင်ငံ အချို့တွင် အသက်ငါးနှစ်မှ ၁၄ နှစ်အရွယ်  ကလေး ၅၀ ရာခိုင်နှုန်း အလုပ်လုပ်နေကြရသည်ဟု ဆိုသည်။

 


၂၀၁၂ ခုနှစ်   နိုင်ငံတကာ စစ်တမ်းတစ်ခုအရ  နိုင်ငံပေါင်း      ၇၆ နိုင်ငံတွင် ကလေးအလုပ်သမား ပြဿနာကြီးမားလျက်ရှိပြီး အန္တရာယ်အကြီးဆုံး ၁၀ နိုင်ငံ စာရင်းထဲတွင် မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြထားသည်။ ကလေးများ အရွယ်မတိုင်မီ အလုပ် သမားဘဝသို့   ရောက်ရှိရခြင်းမှာ   မိသားစုဆင်းရဲနွမ်းပါးခြင်း ကြောင့် ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးကဲ့သို့သော မိသားစု လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရခြင်း သို့မဟုတ် မိသားစု ဝင်ငွေအတွက် ပြင်ပသို့ထွက်၍ အလုပ်လုပ်ရခြင်း၊ ကျောင်းတက် ရောက်ရန် လွန်စွာ အလှမ်းကွာဝေးနေခြင်း၊ ကလေးများ ပညာ သင်ကြားမှုကို မိဘအုပ်ထိန်းသူများက အားမပေးလိုခြင်းကဲ့သို့ သော အကြောင်းရင်းခံများမှာ ကလေးအလုပ်သမားများဖြစ်လာ ရသည့် အဓိကအကြောင်းများဖြစ်နေသည်။

 


ကလေးအလုပ်သမားများပြားခြင်းမှာ နိုင်ငံအတွက် မကောင်း  သော လက္ခဏာပင်ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်နိုင်ရန် ကလေးသူငယ်များနှင့် လူငယ် များ ဖွံ့ဖြိုးတိုးတက်ရေးကို မလွဲမသွေ ရင်းနှီးမြှုပ်နှံဆောင်ရွက် ပေးရန်  လိုအပ်သည်။   ကျောင်းပညာတစ်ပိုင်းတစ်စ    သေစာ ရှင်စာမျှနှင့် အလုပ်ခွင်ဝင်သွားသူများမှာ ကလေးသူငယ်များ၏ လုပ်အားကို ဈေးပေါပေါနှင့် ရယူသည့် အလုပ်သမားဈေးကွက် သို့ အများစု ရောက်ရှိသွားကြပြီး ရေရှည်တွင် ကလေးအလုပ် သမားများကိုယ်တိုင်မှာလည်း ၎င်းတို့၏ မိဘများနှင့်   မူလ မိသားစုများနည်းတူပင် ဆင်းရဲနွမ်းပါးသည့် နောက်ထပ်မိသားစု ကို ထပ်မံဖန်တီးကာ ဆင်းရဲမှုသံသရာစက်ဝန်းသို့ ကျရောက် သွားကြရပြန်သည်။ ကျောင်းပညာမတတ်ဘဲ အဆင့်နိမ့် အလုပ် ကြမ်းမျှသာ လုပ်ကိုင်နိုင်သည့် အောက်ခြေလူတန်းစား ကြီးမား ကျယ်ပြန့်နေခြင်းသည် နိုင်ငံ၏ လူသားအရင်းအမြစ်  အဟော သိကံ ဖြစ်သွားရုံမျှသာမက နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်လာစေသည်။  အသိပညာ၊ အတတ်ပညာ လွန်စွာနိမ့်ကျနေ ပြီး ဆင်းရဲနွမ်းပါးသည့်    အောက်ခြေလူေခတန်းစား   ကြီးမား ကျယ်ပြန့်နေခြင်းမှာ    ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖို့ဆိုလျှင် အန္တရာယ်တစ်ခုပင်ဖြစ်သည်။

 


ကလေးအလုပ်သမားပြဿနာသည် ဆင်းရဲနွမ်းပါးခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး ကို ရေရှည်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မြန်မာ နိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းနေထိုင်ရာ ကျေးလက်ဒေသများ ၌ စာသင်ကျောင်းများကို ကလေးများနှင့် လက်လှမ်းတစ်မီတွင် တည်ထောင်ပေးခြင်း၊ ကျောင်းပြင်ပပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာရေးတို့‌ ဆောင်ရွက်ပေးခြင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများ   မျက်ခြည်မပြတ် ထိရောက်စွာ ဆောင်ရွက်ပေးခြင်း၊ ကလေးများ၏ မိဘအုပ်ထိန်း  သူများနှင့် အလုပ်ရှင်များကို အသိပညာပေးခြင်း၊ လိုအပ်သည့် ဥပဒေနည်းဥပဒေများ ပြဋ္ဌာန်းပေးခြင်း  စသည်တို့ကို စဉ်ဆက် မပြတ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန များ၊ တာဝန်ရှိသူများသာမက လူမှုအဖွဲ့အစည်းများနှင့် ရပ်ရွာ အသင်းအဖွဲ့များပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နှိုးဆော် တိုက်တွန်းအပ်ပါကြောင်း။       ။