စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားပြီးနောက် ယခုကာလသည် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလဖြစ်ပြီး ကျောင်းသူ ကျောင်းသားများအဖို့လည်း ရက်သတ္တပတ်အနည်းငယ်မျှ အနားယူပြီးခဲ့ကြပြီဖြစ်သည်။ အတန်းတင်စာမေးပွဲကြီး ပြီးဆုံးစ တွင် ကျောင်းသူ ကျောင်းသားများအနေဖြင့် တစ်နှစ်တာလုံး အားထုတ်ကြိုးပမ်းခဲ့သမျှအတွက် လုံလောက်စွာ အနားယူရန် လိုအပ်သော်လည်း နွေကျောင်းပိတ်ရက်တစ်ခုလုံးအနေဖြင့်မူ မိမိတို့အတွက် အကျိုးရှိစွာ အသုံးချနိုင်ကြရန်လည်း လိုအပ်မည် ဖြစ်သည်။
အခြေခံပညာအဆင့်တွင် သင်ယူနေကြသည့် ကျောင်းသူ ကျောင်းသားများမှာ ကလေးသူငယ်အရွယ်များဖြစ်ကြသည့် အလျောက် ကျောင်းသင်ဘာသာရပ်များမှလွဲ၍ ပြင်ပသင်တန်း များကို ကလေး၏ အသက်အရွယ်နှင့် စိတ်ဝင်စားမှုအပေါ် လိုက်၍ ကလေးများ အကျိုးဖြစ်ထွန်းစေရန် မိဘများက ရွေးချယ်ထား ပေးကြရန်လိုသည်။ မူလတန်းအောက်ဆင့်အရွယ် ကလေးငယ် များသည် ယဉ်ကျေးလိမ္မာမှုနှင့် မိခင်ဘာသာစကားမဟုတ်သည့် ပြင်ပဘာသာစကားတစ်ခုခုကို သင်ကြားပေးရန် အကောင်းဆုံး အရွယ်ဖြစ်ကြောင်း ပညာရှင်များက ပြောကြားထားသည်။ ကလေး အသက် ၅ နှစ်မှ ၇ နှစ်ခန့်တွင် ပြင်ပဘာသာစကားတစ်ခု (အင်္ဂလိပ်၊ တရုတ် စသည်ဖြင့်) စတင်သင်ကြားပေးပြီးနောက်ထပ် ဆက်လက် သင်ကြားလေ့ကျင့်ပေးသွားခြင်းဖြင့် ကလေး၏ သင်ယူနိုင်စွမ်း မြင့်မားလာခြင်းနှင့်အတူ သင်လွယ်တတ်လွယ် နိုင်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားကြသည်။
ကျောင်းစတင်နေသည့်အရွယ်တွင် ကလေးသည် မိသားစု၏ ပြင်ပသို့ စတင်ထွက်လာပြီး လူမှုအသိုင်းအဝိုင်းနှင့် စတင် ထိတွေ့လာရသည့် အချိန်ဖြစ်သည့်အပြင် သင်ကြားပေးရန် လည်း အကောင်းဆုံးအရွယ်ဖြစ်သည့်အတွက် ယဉ်ကျေးလိမ္မာ (Etiquette) သင်ခန်းစာများ သင်ကြားပေးသင့်သည့် အရွယ် လည်းဖြစ်သည်။ နေ့စဉ် နာရီပိုင်းမျှ သင်ကြားလေ့ကျင့်ပေး လိုက်သည့် ဘာသာစကား၊ ယဉ်ကျေးလိမ္မာ အမူအရာများက ကလေးငယ်၏ အနာဂတ်ဘဝအပေါ်တွင် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ရာ နွေကျောင်းပိတ်ရက်ကာလအတွင်း ကလေးများ အကျိုးဖြစ်ထွန်းစေမည့်သင်တန်းများ ဖွင့်လှစ်နိုင်ရန် လိုအပ်သကဲ့သို့ ကလေးမိဘများကလည်း မိမိတို့ရင်သွေးများကို နွေသင်တန်းတစ်ခုခုဆီသို့ မပျက်မကွက်စေလွှတ်နိုင်ရန် ကြိုးပမ်း ကြရမည်ဖြစ်သည်။
ယခုအခါ အမြို့မြို့အနယ်နယ်တို့တွင် ကလေးသူငယ်အရွယ် အမျိုးမျိုးတို့အတွက် ပန်းချီသင်တန်း၊ စန္ဒရား၊ ဂစ်တာအတီး သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ အင်္ဂလိပ်သဒ္ဒါသင်တန်း၊ တရုတ်စကားပြောသင်တန်း၊ ကာယ ကြံ့ခိုင်မှုအကသင်တန်း၊ ရေကူးသင်တန်း၊ သိုင်းသင်တန်း၊ ဂျူဒို သင်တန်း၊ ကရာတေးသင်တန်း၊ အခြေခံဘောလုံးသင်တန်း စသည်ဖြင့် ဖွင့်လှစ်သင်ကြားပေးနေကြကြောင်း တွေ့ရှိရသည်။ အနုပညာသင်တန်းများသည် ကလေးတို့၏စိတ်နှလုံးကို နူးညံ့ သိမ်မွေ့စေပြီး စိတ်ကူးဖန်တီးမှုကို မြင့်မားစေသည်။ ဘာသာ စကားသင်တန်းများကလည်း ကလေးများ၏ ဘာသာစကား စွမ်းရည်ကို မြင့်မားစေပြီး မှတ်ဉာဏ်ကိုလည်း အားကောင်းစေ သည်။ ကိုယ်လက်ကြံ့ခိုင်မှု အားကစားနှင့် ကိုယ်ခံပညာသင်တန်း များက ကလေးများ၏ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှု၊ ဇွဲလုံ့လဝီရိယ နှင့် အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်တို့ကို ဖြစ်ထွန်းစေသည်။ နည်းပညာခေတ်တွင် ကွန်ပျူတာအခြေခံသည်လည်း လူတိုင်း တတ်မြောက်ထားရမည့် ပညာရပ်ဖြစ်ရာ နွေကျောင်းပိတ်ရက်တွင် သင်ယူလေ့လာခြင်းဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
ကလေးငယ်များအတွက် နွေကျောင်းပိတ်ရက်သင်တန်းများ က တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းစေသည်သာဖြစ်ပြီး မကောင်း သည့် အကျင့်စရိုက်များနှင့် မကောင်းသည့်ဆွဲဆောင်ရာများနှင့် လည်း ကင်းဝေးစေသည်။ ကျောင်းသူ ကျောင်းသား ကလေးငယ် များ၏ အနာဂတ်လှပရေးသည် နိုင်ငံအတွက် လူ့စွမ်းအား အရင်းအမြစ် မြင့်မားရေးနှင့်လည်း တစ်ဆက်တစ်စပ်တည်း ပင်ဖြစ်ရာ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ကြရေး တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။