
နေပြည်တော် ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ၍ မီးရှို့ ဖျက်ဆီးခဲ့သည့်တံတားကို သွားရောက်မီးငြှိမ်းသတ်ပြီး ပြန်လည်ထွက်ခွာလာသည့် မီးသတ်ယာဉ်ကို အကြမ်းဖက်သောင်းကျန်းသူများက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းထောင်ဖောက်ခွဲ
ဖြစ်စဉ်မှာ ကလေးမြို့နယ် ဆည်တော်ကျေးရွာနှင့် ကြာအင်း ကျေးရွာအကြားရှိ ကလေး- နတ်ချောင်း ကားလမ်းပေါ်၌ ဒေသခံပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တည်ဆောက်ထားသည့် တံတားအမှတ် (၂/၁၁၇) ဘေလီ ကွန်ကရစ်တံတားကို ဩဂုတ် ၁၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင် အကြမ်းဖက်သောင်းကျန်းသူများ က မိုင်းထောင်ဖောက်ခွဲခဲ့ရာ လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ကလေးမြို့သို့ အဝင်ဘက် တံတား ချဉ်းကပ်လမ်း၏ ယာဘက်ခြမ်းရှိ မြေသားများ ချိုင့်ဝင်နိမ့်ကျသွား ခဲ့သည်။
ထို့အပြင် ဩဂုတ် ၁၃ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် အဆိုပါတံတားရှိ သစ်သား ကြမ်းခင်းများကို အကြမ်းဖက် သောင်းကျန်းသူများက ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားလျက်ရှိကြောင်း သတင်း အရ ကလေးမြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ သည် မီးငြှိမ်းသတ်ယာဉ်တစ်စီး ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တံတား ကြမ်းခင်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။
လက်လုပ်မိုင်း ခုနစ်လုံးတွေ့
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင် များသည် ကလေးမြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ရာ ဇင်းကလင်း ကျေးရွာနှင့် ချင်းဆိုင်ကျေးရွာ အကြားရှိ သံလမ်းကူးအနီး အရောက်၌ အကြမ်းဖက် သောင်းကျန်းသူများက လမ်း၏ ဝဲ/ယာတို့မှ လက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မီးသတ် တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိသော်လည်း မီးသတ် ယာဉ်၏ နောက်ဘီးတစ်လုံး ကွဲကာ၊ တစ်လုံးပြုတ်ထွက်ခဲ့ပြီး ယာဉ်အတွင်းရှိ ရေစုပ်စက်ပျက်စီး သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ တံတား အမှတ် (၂/၁၁၇)အနီး ကားလမ်း ဘေး၌ အကြမ်းဖက်သူများ ထောင်ထားပြီး မပေါက်ကွဲသေး သည့် နှစ်ပင်လိမ် ဝိုင်ယာကြိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ် မိုင်းခုနစ်လုံး တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
အကြမ်းဖက်လုပ်ရပ်မုန်းတီး
အများပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်များ အပေါ် မီးဘေးအပါအဝင် အခြား သဘာဝဘေးအန္တရာယ် တစ်မျိုး မျိုး ကျရောက်လာပါက အချိန် အခါနေရာဒေသမရွေး အရေးပေါ် ကူညီကယ်ဆယ်မှုများ ဆောင် ရွက်ပေးလျက်ရှိသည့် မီးသတ် တပ်ဖွဲ့ဝင်များအပေါ် အစွန်း ရောက် အကြမ်းဖက်ဝါဒကို အခြေခံကာ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းသည် အကျိုးမဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ထိုသို့ တိုက်ခိုက်ခြင်းသည် ဒေသခံ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအား လွန်စွာထိခိုက် စေမှုများသာ ဖြစ်ပေါ်စေသည့် အတွက် အေးချမ်းစွာနေထိုင်လိုသူ ဒေသခံ ပြည်သူလူထုများ အနေဖြင့် လက်နက်ကိုင်အကြမ်း ဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ရွံရှာမုန်းတီးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်