ကမ္ဘာ့ဆူနာမီ အသိပညာ ပြန့်ပွားရေးနေ့

Type

ဆောင်းပါး

=====

 

ကမ္ဘာ့ဆူနာမီ အသိပညာ ပြန့်ပွားရေးနေ့

=====================

 

မြတ်မိုးသွယ်

======

 

ဆူနာမီဆိုသည်မှာ

ဆူနာမီဟူသည့် ဝေါဟာရသည် ဂျပန်ဘာသာစကား မှ ဆင်းသက်လာခြင်းဖြစ်ပြီး ကမ်းခြေသို့ ရိုက်ခတ်လာ သော လှိုင်းလုံးကြီးဟူသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ အဓိက အကြောင်းရင်းများဖြစ်သည့် ပင်လယ်အောက်ကြမ်းပြင် တွင် မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲ ခြင်း(သို့မဟုတ်) ရေအောက်ကြမ်းပြင်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုခုဖြစ်ပွားခြင်း၊ ရေခဲတောင်များပြိုကျ ခြင်း၊ ပင်လယ်ပြင်အတွင်းသို့ ဥက္ကာခဲများ ကျရောက်ခြင်း နှင့် ပင်လယ်ရေမျက်နှာပြင်အပေါ် (သို့မဟုတ်) အောက်ဘက်တွင် ကြီးမားပြင်းထန်သည့် တုန်ခါမှုတစ်ခုခု တို့ကြောင့် ဆူနာမီဖြစ်ပွားနိုင်ပါသည်။ ဘေးအန္တရာယ် ဆိုင်ရာ ကိန်းဂဏန်းများအရ ဖြစ်ပွားသည့် အကြိမ် အရေအတွက်နှင့် နှိုင်းဆကြည့်ပါက ဆူနာမီဘေးသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှုနှင့်ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ပေါ်စေနိုင်သော သေမင်းတမန် သဘာဝဘေးအန္တရာယ် တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။

အဖျက်စွမ်းအားကြီးမားသည့် ဆူနာမီ

ကမ္ဘာလုံးဆိုင်ရာ စာရင်းဇယားများအရ(၁၉၉၆) ခုနှစ်မှ (၂၀၁၆) ခုနှစ်အတွင်း ဆူနာမီဘေး(၁၆)ခုကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံစုစုပေါင်း(၂၁)နိုင်ငံမှ လူဦးရေ ၂၅၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါသည်။ အာရှဒေသတစ်ခုတည်း သည်ပင် (၂၀၀၁-၂၀၁၅) ကာလအတွင်း ဆူနာမီဘေး ကြောင့် သေဆုံးသူနှင့် ဘေးသင့်သူစုစုပေါင်း ၆၂၁၀၆၁၉ ဦးရှိခဲ့ပြီး (၂၀၁၆-၂၀၃၀)ကာလတွင် ခုနစ်သန်းကျော်အထိ မြင့်တက်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားပါ သည်။ ဆူနာမီဖြစ်ရပ်များထဲတွင် (၂၀၀၄) အိန္ဒိယသမုဒ္ဒရာ ဆူနာမီနှင့် (၂၀၁၁) ဂျပန်နိုင်ငံ၊ တိုဟိုကုဆူနာမီတို့သည် အဆိုးရွားဆုံး သမိုင်းဝင်ဘေးများဖြစ်ခဲ့ပါသည်။ (၂၀၀၄)ခုနှစ် အိန္ဒိယသမုဒ္ဒရာဆူနာမီကြောင့် နိုင်ငံစုစုပေါင်း(၁၅) နိုင်ငံမှ သေဆုံးသူစုစုပေါင်း ၂၂၇၀၀၀ ခန့်ရှိခဲ့ပြီး ဘေးကြောင့် လူပေါင်း ငါးသန်းခန့် ထိခိုက်ခံစားခဲ့ကြရ ပါသည်။ လူသေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့သည့် နိုင်ငံ များမှာ အင်ဒိုနီးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း (၂၀၀၄) အိန္ဒိယသမုဒ္ဒရာဆူနာမီကြောင့် လူသေဆုံးမှုစုစုပေါင်း ၇၁ ဦး ရှိခဲ့ပါသည်။ ထိုနည်းတူစွာ ၂၀၁၈ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီပြည်နယ် ပါလူမြို့၌ဖြစ်ပွားခဲ့သည့် ဆူနာမီကြောင့်လည်း လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့ရပြီး ယခုချိန်ထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် နေရဆဲဖြစ်ပါသည်။

ကမ္ဘာ့ဆူနာမီ အသိပညာ ပြန့်ပွားရေးနေ့ ဖြစ်ပေါ်လာပုံ

၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးက အတည် ပြုခဲ့သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်၏ ပန်းတိုင်(၇)ချက် အနက် ပန်းတိုင်(၁)နှင့် (၂)တို့သည် ဘေးအန္တရာယ်များ ကြောင့် သေဆုံးသူနှင့် ထိခိုက်ခံစားရသူဦးရေကို လျှော့ချ ရန်ဖြစ်သည့်အတွက် ဆူနာမီဘေးသည် အဆိုပါ ပန်းတိုင် များအရ အလေးထားဖြေရှင်းဆောင်ရွက်ရမည့် ဘေးအန္တရာယ်တစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာနှင့်အဝှမ်းတွင် ဆူနာမီဘေးအန္တရာယ် အသိပညာ ပြန့်ပွားရေးနေ့ကို နှစ်စဉ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ဂျပန်နိုင်ငံက ဦးဆောင်၍ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၄၂ နိုင်ငံက အဆိုပြုခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အမှတ်(က/၇၀/၂၀၃)အရ အတည်ပြုသတ်မှတ်ခဲ့ပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် အင်အားအလွန်ကြီးမားသော ဂျပန်အရှေ့ပိုင်း ငလျင်ကြောင့် ၁၀ မီတာခန့် အမြင့်ရှိသော ဆူနာမီလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့ပြီး ကမ်းခြေ၏ ကီလိုမီတာ ၄၀၀ ကျော်အထိ အဆိုပါလှိုင်းလုံးကြီးများ ဖုံးလွှမ်းရောက်ရှိခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် အဆိုပါ ဘေးအန္တရာယ်ကြောင့် လူပေါင်း ၂၀၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး မမျှော်မှန်းနိုင်သော ပမာဏဖြင့် ထိခိုက်ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီးနောက် ဆူနာမီဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် အက်ဥပဒေတစ်ခုကို ရေးဆွဲခဲ့ပါသည်။ အဆိုပါ အက်ဥပဒေအရ နိုဝင်ဘာလ ၅ ရက်နေ့ကို ဆူနာမီ ကြိုတင်ပြင်ဆင်ရေးနေ့အဖြစ် သတ်မှတ်၍ ဆူနာမီ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို နိုင်ငံနှင့်အဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်ခဲ့ကြ ပါသည်။

စင်စစ်အားဖြင့် အဆိုပါ နိုဝင်ဘာလ ၅ ရက်နေ့သည် ၁၈၅၄ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ ပမာဏ ၈ ဒသမ ၄ ရှိသည့် အန်ဆိုင်းနမ်ကိုင် ငလျင်လှုပ်ခတ်ခဲ့သောနေ့လည်း ဖြစ်ပါ သည်။ အဆိုပါနေ့တွင် ဝါကာယာမပြည်နယ်ရှိ ဆာမူရိုင်း တစ်ဦးသည် ၎င်းနေထိုင်သည့် ကျေးရွာရှိ ရွာသူ၊ ရွာသား များအား ဆူနာမီအန္တရာယ်မှ လွတ်ကင်းစေရန်အတွက် ကုန်းမြင့်သည့်နေရာတွင် ကောက်လှိုင်းစည်းများကို မီးရှို့အချက်ပြပေးခဲ့ရာ လူအများက အဆိုပါကုန်းမြင့်ဆီသို့ စုဝေးရောက်ရှိလာကြခြင်းကြောင့် လူ့အသက်ပေါင်းများစွာ ကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိ ရပါသည်။ ထိုကဲ့သို့ ကြီးမားသည့် ဘေးအန္တရာယ်အတွင်းမှ လူ့အသက်များစွာကို ကယ်တင်နိုင်ခဲ့ခြင်းကို ဂုဏ်ပြုသည့် အနေဖြင့် နှစ်စဉ် နိုဝင်ဘာလ ၅ ရက်နေ့ကို ဆူနာမီ အသိပညာပြန့်ပွားရေးနေ့အဖြစ် သတ်မှတ်ရန် ဂျပန်နိုင်ငံမှ ဦးဆောင် အဆိုပြုခဲ့ခြင်းလည်းဖြစ်ပါသည်။

ဆူနာမီအန္တရာယ်သတိပြုဖွယ်

အန္တရာယ်ကျရောက်နိုင်ခြေ ဆန်းစစ်ချက်များအရ အနာဂတ်ကာလတွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံ နှစ်ပုံသည် ကမ်းရိုးတန်းဒေသများတွင် နေထိုင်နိုင်ကြောင်း ခန့်မှန်း ထားသည့်အတွက် ကမ္ဘာတစ်ဝန်းလုံး၌ ဆူနာမီအန္တရာယ်၏ ခြိမ်းခြောက်မှုကို ပိုမိုတွေ့ကြုံရနိုင်ပါသည်။ ထို့နည်းတူစွာ လူဦးရေဆိုင်ရာ အခြေအနေများ ပြောင်းလဲလာခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့ကလည်း အန္တရာယ်ကြုံတွေ့ရနိုင်ခြေကို တိုးမြင့်စေလျက်ရှိပါသည်။ မြန်မာနိုင်ငံသည်လည်း ရှည်လျားသည့် ကမ်းရိုးတန်းရှိသည် ဖြစ်ရာ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများသည် ဆူနာမီ ဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသည့် ဒေသများဖြစ် ကြောင်း မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ဆိုင်ရာ သမိုင်း ကြောင်းဖြစ်စဉ်များအရ လေ့လာသိရှိရပါသည်။ ၎င်းတို့ အနက် ရခိုင်ကမ်းရိုးတန်း တောင်ဘက်ပိုင်းသည် ဂဝံ ဆန်သောမြေနှင့် သဲဆန်သောမြေများဖြင့် ဖွဲ့စည်းထားသည့် အတွက် ဆူနာမီအန္တရာယ် ထိခိုက်ခံစားရနိုင်ခြေ မြင့်မား သည့် ဒေသတစ်ခုလည်း ဖြစ်ပါသည်။ သုတေသနတွေ့ရှိချက် များအရ ဘင်္ဂလားပင်လယ်အော်တောင်ဘက်ပိုင်း(ရခိုင် ကမ်းရိုးတန်းနှင့် ဆက်စပ်နေသည့်အပိုင်း)တွင် ၁၇၆၂ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က အင်အားကြီးမားသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးကြောင်း ဖော်ပြထားသည်ဖြစ်ရာ အဆိုပါ ဒေသတွင် ယင်းကဲ့သို့ အင်အားကြီးငလျင်တစ်ခု ထပ်မံ လှုပ်ခတ်လျှင်ဖြစ်စေ၊ ပင်လယ်ရေအောက် မြေပြိုမှုဖြစ်ပွား လျှင်ဖြစ်စေ ရခိုင်ကမ်းရိုးတန်းဒေသသည် ဆူနာမီ အန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားကြောင်း တွေ့ရှိရပါ သည်။ အတိတ်ကာလတွင် ဆူနာမီအတွေ့အကြုံအနေဖြင့် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆူမတြားကျွန်းဆွယ်၌ ဖြစ်ပွားသည့် အိန္ဒိယသမုဒ္ဒရာဆူနာမီကြောင့် ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ပါသည်။

ဆူနာမီဘေးသည် နယ်နိမိတ်သတ်မှတ်ချက်မရှိ သကဲ့သို့ သမုဒ္ဒရာများတွင်သာမက ရေအိုင်ကြီးများနှင့် လျှိုမြောင်တောင်ကြားရှိ ရေနက်အိုင်များတွင်လည်း ကုန်းတွင်းပိုင်းဆူနာမီ (Inland Tsunami)ဖြစ်ပွားနိုင် ကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ဆူနာမီဘေးသည် ဖြစ်ခဲသောဘေးအန္တရာယ်ဖြစ်သော်လည်း ဖြစ်လေ့ဖြစ်ထရှိသည့် ဘေးအန္တရာယ်ဖြစ်သည်ကို မည်သူမှမငြင်းနိုင်ပါ။ လူ့အသက်များသာမက ပင်လယ် ဆိပ်ကမ်းနှင့် လေဆိပ်များအပါအဝင် အရေးပါသည့် အခြေခံအဆောက်အအုံများနှင့် သဘာဝပတ်ဝန်းကျင်ကို လည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါသည်။ လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပျံ့နှံ့မှုနှင့် လူသေဆုံးမှု များကို ဆူနာမီလောက်ရှိသည်ဟု တင်စားပြောဆိုကြခြင်း ကိုကြည့်လျှင် ဆူနာမီ၏ ဆိုးရွားပြင်းထန်မှုကို ပိုမို သိသာထင်ရှားစေပါသည်။ ထို့အပြင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆူနာမီဘေးနှင့်ဆက်စပ်၍ နျူကလီးယားအန္တရာယ်နှင့် အခြားသော နည်းပညာဆိုင်ရာအန္တရာယ်များ ကြုံတွေ့ရ သည့် နမူနာများလည်းရှိပါသည်။ ဆူနာမီဘေးနှင့် စပ်လျဉ်း၍ “လှုပ်၊ ကျ၊ အော်၊ ပြေး”ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင့်သုံးဆောင်ရွက်ရန် ပြည်သူများအကြား အသိပညာ ဖြန့်ဝေပေးလျက်ရှိပါသည်။ အဆိုပါ ဆောင်ပုဒ်အရ ပင်လယ်ကမ်းစပ်အနီးတွင် နေထိုင်သူများအနေဖြင့် အင်အားအတော်အသင့်ရှိသည့် ငလျင်လှုပ်ခတ်မှုကို ခံစားရခြင်း၊ ငလျင်လှုပ်ခတ်ပြီးနောက် ပင်လယ်ရေများ ကျဆင်းသွားခြင်းနှင့် လှိုင်းလုံးကြီးများအော်သံ (တော်လဲသံ)မြည်ဟီး၍ ကမ်းခြေသို့ရိုက်ခတ်လာခြင်းတို့ကို ကြုံတွေ့ရလျှင် ကုန်းမြင့်ပိုင်း(သို့မဟုတ်) ကုန်းတွင်း ပိုင်းသို့ အမြန်ဆုံး ထွက်ပြေးခိုလှုံရန်ဖြစ်ပါသည်။

လေ့ကျင့်ပြင်ဆင်ခြင်းဖြင့်

ထိခိုက်ဆုံးရှုံးမှုများ လျော့ကျစေနိုင်ဖို့

နိဂုံးချုပ်အားဖြင့် ဆူနာမီဘေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို ပြည်သူများအကြား စိမ့်ဝင်ပျံ့နှံ့စေရန် ရည်ရွယ်၍ ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့ကို နိုင်ငံ အနှံ့အပြား၌ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်ကြ ခြင်းဖြစ်ပါသည်။ သဘာဝဘေးဟူသည် မဖြစ်ပွားသည့် အချိန်ကာလကြာမြင့်သည်နှင့်အမျှ လူအများက မေ့လျော့ ထားတတ်သည်ဖြစ်ရာ ဆူနာမီအသိပညာပေးလုပ်ငန်း များကို နှစ်စဉ်ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဆူနာမီ ကြိုတင် ပြင်ဆင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ လုပ်ဆောင် ရာတွင်လည်းကောင်း၊ ခိုလှုံရာနေရာများနှင့် လမ်းကြောင်း များ ကြိုတင်သတ်မှတ်ဖော်ထုတ်ရာတွင် လည်းကောင်း၊ ဆူနာမီကြိုတင် သတိပေးချက် ထုတ်ပြန်ခြင်းနှင့် သတင်း ဖြန့်ဝေခြင်းတို့တွင်လည်းကောင်း၊ အရေးပေါ် တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင်လည်းကောင်း အဖွဲ့အစည်းအသီးသီး နှင့် လူပုဂ္ဂိုလ် အသီးသီးတို့က ပိုမိုစိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။ ထို့အပြင် အကြိမ်ကြိမ်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း အားဖြင့် “အလေ့အကျင့်မှသည် အလေ့အထသို့” ကူးပြောင်းပေးနိုင်သဖြင့် အနာဂတ်ကာလတွင် ဆူနာမီ ဘေးကြောင့် လူသေဆုံးမှုများနှင့် ထိခိုက်ဆုံးရှုံးရမှု များကို ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်မည် ဖြစ်ပါ ကြောင်း။ ။

 

ကျမ်းကိုးစာရင်း-

Cabinet Office, Japan, 2016

Centre for Research on the Epidemiology of Disaster (CRED), 2016

Hazard Profile of Myanmar, 2009

The International Disaster Database, 2019

United Nations Office for Disaster Risk Reduction, 2020