ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး (၂၀၂၀) ၌ မကူးစက်နိုင်သောရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ရေရှည်တည်တံ့ လက်လှမ်းမီရရှိရေး ဆွေးနွေးပွဲကျင်းပ


 

နေပြည်တော် အောက်တိုဘာ၂၇


ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး (၂၀၂၀) (World Health Summit 2020) ၌ မကူးစက်နိုင်သော ရောဂါများ ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ရေရှည်တည်တံ့ လက်လှမ်းမီရရှိရေး ဆွေးနွေးပွဲအစီအစဉ်ကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂နာရီခွဲက ဂျာမနီနိုင်ငံ ဘာလင်မြို့တော်၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အဓိက ဆွေးနွေးသူတစ်ဦးအဖြစ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း၌ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုများသည် မြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း ဆေးရုံ၌သေဆုံးမှုများ အားလုံး၏ ၆၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါ များကြောင့် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အထူး အားထည့်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ပြင်ဆင် အားထုတ်ဆောင်ရွက်ခြင်းမရှိပါက နောင် ငါးနှစ်မှ ၁၀ နှစ် တာကာလအတွင်း ထိန်းချုပ်ရန် ခက်ခဲသည့် ပြည်သူ့ ကျန်းမာရေးပြဿနာကြီးဖြစ်လာကာ ၎င်းရောဂါသည် များကို ကုသရန်အတွက် ကျန်းမာရေးအသုံးစရိတ်များ၏ ရာခိုင်နှုန်းအများစုကို အသုံးပြုရမည်ဖြစ်ပါကြောင်း။
သေဆုံးနိုင်ခြေ ၂၄ ရာခိုင်နှုန်း ပိုမိုရှိ
ဆေးရုံများတွင် မကူးစက်နိုင်သောရောဂါဖြစ်ပွားသူ များ ယခုထက်ပိုမို ပြည့်ကျပ်လာမည်ဖြစ်၍ ကုသမှုအရည် အသွေးလည်း ကျဆင်းလာနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်းဇယားများအရ မကူးစက်နိုင်သောရောဂါများကြောင့် အချိန်မတိုင်မီ သေဆုံးနိုင်ခြေ ၂၄ ရာခိုင်နှုန်း ပိုမိုရှိပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးမှုများ၏ ၂၅ ရာခိုင်နှုန်းမှာ နှလုံးနှင့် သွေးကြောရောဂါများကြောင့်ဖြစ်ပြီး ၁၃ ရာခိုင် နှုန်းမှာ ကင်ဆာရောဂါများကြောင့်ဖြစ်သည်ကို တွေ့ရှိရပါ ကြောင်း၊ မကူးစက်နိုင်သော ရောဂါဖြစ်ပွားသူ တစ်ဦးချင်း တွင်လည်း ဘဝရှင်သန်နေထိုင်မှု အရည်အသွေး (quality of life) ကျဆင်းခြင်းနှင့် ရောဂါဖြစ်ပွားသူ၏ မိသားစုများ တွင် ငွေကြေးကုန်ကျမှုများပြားခြင်းအပါအဝင် စိတ်ဖိစီးမှု များနှင့် လူမှု-စီးပွားပြဿနာများကို ခံစားဖြစ်ပွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၌ ကျေးလက်ကျန်းမာရေးဌာန ၁,၇၁၅ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၇,၃၁၇ ခုတို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ကုသပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် တွင် အဆိုပါဆေးခန်းများသို့ လာရောက်ပြသသူ ၁ ဒသမ ၇ သန်းကို စစ်ဆေးခဲ့ရာ၌ ဆီးချိုရောဂါ ဖြစ်ပွားသူပေါင်း ၂၀၆,၀၀ နှင့် သွေးတိုးရောဂါဖြစ်ပွားသူ ၄၂၉,၀၀၀ ကို တွေ့ရှိ ကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် မဟာဗျူဟာ ၂၀၁၇-၂၀၂၁ ဖြင့် လုပ်ငန်း များဆောင်ရွက်လျက်ရှိပြီး ပိုမိုထိရောက် ကောင်းမွန်စေရေး အတွက် ရေးဆွဲထားသော "စရိတ်ထည့်သွင်းတွက်ချက်ထား သော မကူးစက်နိုင်သောရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံကိန်း ၂၀၂၁-၂၀၂၀ (Costed Plan for NCD preven-tion and control 2021-2020)" ကို ယခု ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် The Defeat-NCD partnership တို့ ပူးပေါင်းကာ ယခုနှစ် မတ်လတွင်စတင် ရေးဆွဲခဲ့ပြီး စက်တင်ဘာလတွင် အပြီးသတ် ရေးဆွဲနိုင်ခဲ့ ခြင်း ဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းကို မကူးစက်နိုင်သော ရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအတွက် လိုအပ်မည့် အရင်းအမြစ်များကို ကြိုတင် မျှော်မှန်း ဆန်းစစ်ရန်၊ ပြည်သူလူထုအား ဆီးချို၊ သွေးတိုး စစ်ဆေးကုသမှုပေးခြင်း လွှမ်းခြုံမှုအခြေအနေကို တိုးမြှင့် ရန်အတွက် လုပ်ဆောင်မည့် လုပ်ငန်းပုံစံနှင့် သုံးစွဲရမည့် အရင်းအမြစ်များ မျှော်မှန်းတွက်ချက်ရန်နှင့် မကူးစက် နိုင်သော ရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဘဏ္ဍာငွေများ ရေရှည်တည်တံ့ရေး လမ်းပြမြေပုံ ရေးဆွဲချမှတ်ရေးတို့အတွက် ရည်ရွယ်ကာ ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် နှစ်နှစ်စီမံကိန်း ကာလအတွင်းတွင် လူနှစ်သန်းအတွက် မကူးစက်နိုင်သော ရောဂါများ ကာကွယ်ခြင်းနှင့် စစ်ဆေးခြင်းတို့အတွက် အမေရိကန်ဒေါ်လာ ၁၀၁ သန်းခန့် ကုန်ကျမည်ဟု မျှော်မှန်း တွက်ချက်ထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ ကူညီမှု အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် ရရှိမည်ဟု မျှော်မှန်းထားပါကြောင်း၊ ဤစီမံကိန်းတွင် မကူးစက်နိုင် သော ရောဂါများ စစ်ဆေးကုသခြင်းဆိုင်ရာ လုပ်ငန်း ၄၈ ခု ပါဝင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းတွင် အဓိကထား ဆောင်ရွက်မည့် လုပ်ငန်းများမှာ ဆေးလိပ်၊ ဆေးရွက်ကြီး နှင့် အရက်သုံးစွဲမှု လျှော့ချခြင်း၊ ကျန်းမာရေးနှင့် ညီညွတ် သော အစားအစာ စားသုံးမှုများကို အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေးအဆင့်မြင့်ကျောင်းလုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲရေးဆောင်ရွက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ နှလုံး နှင့် သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ နာတာရှည်အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများကို စစ်ဆေးကုသမှု ပေးခြင်း စသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း။
စီမံကိန်းအကျိုးအမြတ်များ
စီမံကိန်းအကျိုးအမြတ်များအဖြစ် မိမိကိုယ်တိုင်ကျခံ သုံးစွဲရသည့် ကျန်းမာရေးအသုံးစရိတ်သည် ၈၂ ရာခိုင် နှုန်းမှ ၆၃ ရာခိုင်နှုန်းအထိ လျော့ကျလာနိုင်ခြင်း၊ ရည်မှန်း လူဦးရေ နှစ်သန်းအတွက် မကူးစက်နိုင်သော ရောဂါများ ဆိုင်ရာ အရည်အသွေးပြည့်ဝသည့် စစ်ဆေးမှုများရရှိနိုင် ခြင်း၊ ကြိုတင်ကာကွယ်မှုဖြင့် မကူးစက်တတ်သော ရောဂါ များကို လျှော့ချနိုင်ကာ ၎င်းရောဂါများအတွက် ကျန်းမာရေး အသုံးစရိတ်များ သက်သာလျော့ပါးလာခြင်း၊ ပြည်သူများ၏ နေထိုင်မှု အရည်အသွေးမြင့်မားလာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုများ မြင့်တက်လာခြင်း၊ လူတိုင်း လက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Cover-age)၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs) နှင့် ပြည်သူများနေထိုင်ကောင်းပျော်ရွှင်မှု (Gross National Happiness) တို့ ရရှိအောင်မြင်ရေးအတွက် အထောက်အပံ့ ပေးနိုင်ခြင်းတို့ကို ရရှိမည်ဖြစ်ပါကြောင်း၊ “စရိတ်ထည့်သွင်း တွက်ချက်ထားသော မကူးစက်နိုင်သောရောဂါ ကာကွယ် ထိန်းချုပ်ရေး စီမံကိန်း (၂၀၂၁-၂၀၂၀)” ရေးဆွဲရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ဆက်လက်ပံ့ပိုးသွားမည့် The Defeat NCD partnership နှင့် ယခု လုပ်ကိုင်လျက်ရှိသော ၂၀၁၇-၂၀၂၁ စီမံကိန်း လုပ်ငန်းများအတွက် ရန်ပုံငွေများ ပံ့ပိုး ပေးခဲ့သည့် World Diabetes Foundation၊ European Foundation နှင့် ကမ္ဘာ့ဘဏ်တို့အား ကျေးဇူးတင်ရှိပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးသူများ
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဓိက ဆွေးနွေးသူများအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Department of NCD မှ ညွှန်ကြားရေးမှူး၊ Boehringer Ingelheim ၏ ဥက္ကဋ္ဌ၊ African Union Commission ၏ Commissioner for Social Affairs၊ ရဝမ်ဒါနိုင်ငံ ကျန်းမာ ရေးဝန်ကြီး၊ ဂမ်ဘီယာနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် The Defeat- NCD partnership မှ The United Nations Institute for Training and Research ၏ ဦးဆောင် ညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ခဲ့ကြသည်။
၎င်းဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်များ၊ ကျန်းမာရေး ဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်း များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ADB၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပ Union တို့မှ အရာရှိကြီးများ၊ နိုင်ငံတကာ တက္ကသိုလ်ကြီး များမှ ပညာရှင်များနှင့် သုတေသီများ၊ ကာကွယ်ဆေးနှင့် ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီကြီးများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်