မြန်မာနိုင်ငံသို့ သမဝါယမစနစ်ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ခန့်ရှိပြီ ဖြစ်သည်။ မြန်မာ့သမဝါယမ၏ အစသည် ၁၉၀၅ ခုနှစ် မြင်းမူ ငွေစုငွေချေးသမဝါယမဖြစ်ရာ တိတိကျကျဆိုရလျှင် ၁၁၇ နှစ် ရှိပြီဖြစ်သည်။ သမဝါယမ လူ့အဖွဲ့အစည်းများ၏ အနှစ်သာရ မှာ အများအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အများ၊ စုပေါင်းဆောင်ရွက်၊ မျှဝေခံစားခြင်းဖြစ်ရာ မူလမြန်မာလူမျိုးတို့၏ ရိုးရာဓလေ့စရိုက်တို့နှင့်လည်း ကိုက်ညီသည်။ သို့ရာတွင် သမဝါယမဟု ဆိုသည်နှင့် တစ်ခေတ်တစ်ခါက ရပ်ကွက်/ကျေးရွာ စားသုံးသူ သမဝါယမအသင်းများ၏ အသင်းသား ပြည်သူလူထု အကျိုးစီးပွားကို အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့သည့်ပုံရိပ်များ အပါအဝင် မကောင်းသည့်၊ မအောင်မြင်သည့် ပုံရိပ်များစွာတို့က စွဲထင်နေဆဲဖြစ်သည်။
ကမ္ဘာ့သမဝါယမအခြေခံမူများမှာ အသင်းသားအဖြစ် လွတ်လပ်သောဆန္ဒနှင့်အညီ ပါဝင်ခြင်း၊ အသင်းသားများ၏ ဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ အသင်း၏ စီးပွားရေးလုပ်ငန်းများတွင် အသင်းသားများက ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အသင်းသည် ကိုယ်တိုင်စီမံခန့်ခွဲကာ လွတ်လပ်မှုရှိခြင်း၊ သမဝါယမအသင်း အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ပါဝင်ရာ သမဝါယမအသင်းသားတိုင်း အများအကျိုးရွက်သယ်ပိုးလိုသည့် စိတ်ဓာတ်၊ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်နှင့် စည်းလုံးညီညွတ်မှုတို့က အသင်းအောင်မြင်ရေးအတွက် လိုအပ် သည့် စိတ်ဓာတ်နှင့် အမူအကျင့်များပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင် သမဝါယမအဖွဲ့အစည်း စုစုပေါင်း သုံးသန်းကျော် တို့ ဖွဲ့စည်းဆောင်ရွက်နေပြီး အသင်းသား သန်းပေါင်းများစွာတို့ကို အကျိုးပြုလျက်ရှိရာ သမဝါယမအဖွဲ့အစည်းများဟူသည် စိတ်ဓာတ်ကောင်းကောင်း၊ စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ကြခြင်းဖြင့် လူသားအကျိုးပြုအဖွဲ့အစည်းများ ဖြစ် ကြောင်း ပြသလျက်ရှိခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကုန်ထုတ်လုပ်မှုဝန်ဆောင်မှုနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် သမဝါယမအသင်းပေါင်း ၃၉၀၀၀ ကျော်ရှိရာ ပြည်သူလူထုအတွင်း သမဝါယမစနစ်နှင့် စပ်လျဉ်း၍ အသိပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်ကာ သမဝါယမအဖွဲ့အစည်းများ တိုးချဲ့ဖြစ်ထွန်းလာရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများဖြင့် သမဝါယမအပေါ် အဆိုးမြင်မှုများကို အကောင်းမြင်အဖြစ်သို့ ပြောင်းလဲလာစေရန် ဆောင်ရွက်သွား ကြရမည်ဖြစ်သည်။
ယခု ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့သည် နှစ်တစ်ရာပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့(100th COOPSDAY) ဖြစ်ပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာ “Cooperatives Build a Better World” “ကမ္ဘာလောက ပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး” ဟူ၍ ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ကာလ စီးပွားရေးပြန်လည်နိုးထလာရေးနှင့် အေးချမ်းတည်ငြိမ် ရေးတို့တွင် သမဝါယမအဖွဲ့အစည်းတို့၏ ကဏ္ဍမှာ ပိုမိုအရေးပါ လျက်ရှိသကဲ့သို့ သမဝါယမ၏ အမွန်အမြတ်စိတ်ဓာတ်တို့ကို လူ့အဖွဲ့အစည်းများအတွင်း ဖြန့်ကြက်စေခြင်းဖြင့် ပိုမိုကောင်းမွန် သော လူ့ဘောင်လောကကို တည်ဆောက်နိုင်ကြပါစေ ကြောင်း။ ။