
ဂျီနီဗာ ဒီဇင်ဘာ ၂၃
ကမ္ဘာပေါ်တွင် သီတင်းပတ်တစ်ခုကုန်ဆုံးပြီးသည့်အချိန်တိုင်း လူ ၅၀၀၀၀ ခန့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးနေရသည်ကို တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဂီဘရီယီဆက်က ပြောကြားသည်။
အထက်ပါပြောကြားချက်အား ယမန်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသာတူညီမျှရရှိရေး ဆောင်ရွက်ရန်အတွက်လည်း ၎င်းက တောင်းဆိုခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သာတူညီမျှမရရှိခြင်းကြောင့် လူ့အသက်ပေါင်း များစွာ ဆုံးရှုံးနေရသည်ကို တွေ့မြင်နေရကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် လူပေါင်း ၃ ဒသမ ၅ သန်း အသက်ဆုံးရှုံးခဲ့ကြောင်းနှင့် ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသောအချိန်မှ လက်ရှိအချိန်အထိ လူပေါင်း ၅ ဒသမ ၃ သန်း ကျော် သေဆုံးခဲ့ကြောင်း ၎င်းကပြောကြားသည်။
ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြန့်ဖြူးရေး၌ အခက်အခဲများ ရှိနေသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများ၏ ထက်ဝက်ခန့်တွင်သာ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းအား ယခုနှစ်ကုန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘာ့နိုင်ငံတိုင်းရှိ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် COVAX ကဲ့သို့သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထောက်ပံ့ရေးအစီအစဉ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံလောက်စွာရရှိရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကာကွယ်ရေးအတွက် သတိထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာနည်းပညာအကြီးအကဲ မာရီယာဗန်ကာကိုဗီက ပြောကြားသည်။ ၂၀၂၂ ခုနှစ်၌ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအဆုံးသတ်ရေးအတွက် မျှော်လင့်ထားကြောင်း ဂီဘရီယီဆက်က ပြောကြားသည်။
ကိုးကား - စီဂျီတီအင်န်၊ ဘာသာပြန် - စိုးသူရ