ကမ္ဘာ့ပတ်ဝန်းကျင် ကျန်းမာရေးနေ့

Type
ဆောင်းပါး

သီဟစည်သူ

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်သည် (၁၃)ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ကျန်းမာရေးနေ့ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ကျန်းမာရေးနေ့၏ ဆောင်ပုဒ်မှာ “ပတ်ဝန်းကျင်ကျန်းမာရေး- သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျော့ပါးရေးနှင့် လိုက်လျောညီထွေဖြစ်အောင်ဖန်တီးရေး- Environmental Health: Creating Resilient Communities through Disaster Risk Reduction and Climate Change Mitigation and Adaptation” ဖြစ်သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ကျန်းမာရေးနေ့ကို လေထုညစ်ညမ်းမှု၊ ရာသီဥတုဖောက်ပြန်မှု၊ စက်မှုထွန်းကားမှု၊ မြို့ပြအသွင်ကူးပြောင်းမှု၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ညစ်ညမ်းမှုတို့ကြောင့် ဖြစ်ပေါ်လာသော လူသားတို့၏ ကျန်းမာရေးကို ဆက်လက်ခြိမ်းခြောက်နေမှုများကို သတိပြုမိစေရန်၊ ကမ္ဘာတစ်ဝန်းရှိ ပတ်ဝန်းကျင်ကျန်းမာရေးပညာရှင်များနှင့် အသိပညာပေးသူများ၏ ဆောင်ရွက်မှုနှင့် လုပ်ငန်းတာဝန်များကို အသိအမှတ်ပြုမိစေရန်နှင့် သဘာဝပတ်ဝန်းကျင်၊ လေ၊ ရေ၊ အစားအစာ၊ အိမ်ရာနှင့် လူ့အသိုက်အဝန်းများ၏ အရည်အသွေးကို မြှင့်တင်ရန်ရည်ရွယ်ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၆ ရက်ကစ၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသည်။

ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်

၁၉၈၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အခြေစိုက်သည့် အကျိုးအမြတ် မယူသောအဖွဲ့အစည်းတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ကျန်းမာရေးဖက်ဒရေးရှင်း(IFEH)မှ ကြီးမှူးကာ ကမ္ဘာ့ပတ်ဝန်းကျင်ကျန်းမာရေးနေ့ကို စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့အစည်းကို လူမှုအသိုက်အဝန်းအကြား သဘာဝပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ အသိပညာများမျှဝေရန်နှင့် ကျွန်ုပ်တို့၏ ကမ္ဘာမြေ၏ ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာပေါ်ရှိ လူသားအားလုံးအတွက် နေထိုင်မှု၊ ကျန်းမာရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့အတွက် အဓိကခြိမ်းခြောက်မှုများပင်ဖြစ်သည်။ ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သော လူမှုအသိုက်အဝန်းများ ဖန်တီးနိုင်ရန်အတွက် ရာသီဥတုပြောင်းလဲမှုလျော့ပါးရေး၊ လိုက်လျောညီထွေဖြစ်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများလျှော့ချရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် ပတ်ဝန်းကျင်ကျန်းမာရေးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ပတ်ဝန်းကျင်ကျန်းမာရေးသည် ဘေးအန္တရာယ်များမဖြစ်ပွားမီကာလ၊ ဘေးအန္တရာယ်များဖြစ်နေစဉ်ကာလနှင့် ဘေးအန္တရာယ်များဖြစ်ပွားပြီးနောက်ပိုင်း ကာလများအထိ အကျုံးဝင်သည့် အဓိကကျသော အချက်တစ်ခုဖြစ်သည်။

လူတိုင်းအတွက် ကျန်းမာရေး

၂၀၃၀ ပြည့်နှစ် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်း(၃)မှာ လူတိုင်းအတွက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရရှိရေးဖြစ်သည်။ ပိုမိုကျန်းမာသောပတ်ဝန်းကျင်သည် ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားမှု၏ လေးပုံတစ်ပုံနီးပါးကို တားဆီးနိုင်သည်။ ကောင်းမွန်သော ကျန်းမာရေးသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည်။ စီးပွားရေးနှင့် လူမှုရေးမညီမျှမှုများတိုးပွားလာခြင်း၊ မြို့ပြအလျင်အမြန် ဖွံ့ဖြိုးလာခြင်း၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများ၊ အိပ်ခ်ျအိုင်ဗွီနှင့် အခြားကူးစက်ရောဂါများ၏ ဝန်ထုပ်ဝန်ပိုးများနှင့် မကူးစက်နိုင်သော ရောဂါများမြင့်မားလာခြင်း စသည့်တို့ကို ဖြေရှင်းရန်အတွက် အားလုံးလွှမ်းခြုံမှုရှိသော ကျန်းမာရေးစနစ်ရရှိရေးသည် ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ရန်နှင့် မညီမျှမှုများကိုလျှော့ချရန် အရေးပါသောအချက်တစ်ခုဖြစ်သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများသည် လူသားတို့၏ဘဝနှင့် ကျန်းမာရေးအပေါ်တွင် နည်းအမျိုးမျိုးဖြင့် သက်ရောက်လျက်ရှိသည်။ ယင်းသည် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော လေကောင်းလေသန့်၊ ဘေးကင်းသော သောက်သုံးရေ၊ အာဟာရပြည့်ဝသော အစားအစာနှင့် ဘေးကင်းလုံခြုံမှုရှိသော နေထိုင်ရာအဆောက်အအုံများကို ခြိမ်းခြောက်လျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းများ၊ တောမီးများ၊ ရေကြီးမှု၊ အပူပိုင်းမုန်တိုင်းများနှင့် ဟာရီကိန်းမုန်တိုင်းများ၏ ပြင်းထန်မှုနှင့် အကြိမ်ရေ တိုးလာလျက်ရှိသည်။ လေ့လာမှုများအရ လူပေါင်း ၃ ဒသမ ၆ ဘီလီယံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံရနိုင်ခြေများသော ဒေသများတွင် နေထိုင်နေရသည်ဟု ဆိုသည်။

အဖြစ်အများဆုံး ရောဂါများ

ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ရောဂါများဖြစ်ပွားသည့် အကြောင်းရင်းများအနက် လေထုညစ်ညမ်းမှု၊ ရေနှင့်သန့်ရှင်းရေးပစ္စည်းများ လက်လှမ်းမမီမှု၊ အပူလှိုင်းများတိုးလာမှု၊ ပြင်းထန်သော ရာသီဥတုအခြေအနေများ၊ အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများကို ထိတွေ့မှုနှင့် အခြားအရာများ ပါဝင်သည်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ကင်ဆာရောဂါများအပါအဝင် မကူးစက်နိုင်သော ရောဂါများသည် ကျန်းမာရေးနှင့် မညီညွတ်သော ပတ်ဝန်းကျင်အခြေအနေများကြောင့်အဖြစ် အများဆုံးရောဂါများဖြစ်သည်။ ၂၀၁၆ ခုနှစ် တစ်နှစ်တာအတွင်း ကမ္ဘာလုံးဆိုင်ရာ သေဆုံးသူ ၁၃ ဒသမ ၇ သန်းအနက် ၂၄ ရာခိုင်နှုန်းသည် အသစ်သစ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးအန္တရာယ်များကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ သေဆုံးမှုနှုန်းအရ လူလေးဦးလျှင် တစ်ဦးသည် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများနှင့် ဆက်စပ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဝင်ငွေနည်းနှင့် အလယ်အလတ်ရှိ နိုင်ငံများတွင် ပြည်သူများသည် အဆိုပါပတ်ဝန်းကျင်ဆိုင်ရာ ရောဂါများ၏ ဝန်ထုပ်ကို အကြီးမားဆုံးထမ်းရွက်နေကြရသည်။ ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်မှုအရှိဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး လာမည့်နှစ်များအတွင်း ရင်ဆိုင်ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် ဘေးအန္တရာယ်များအတွက် အထိခိုက်နိုင်ဆုံးနိုင်ငံလည်းဖြစ်သည်။ သဘာဝဘေးအန္တရာယ်များသည် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခြင်းအပြင် မိမိတို့နိုင်ငံ၏ နှစ်စဉ်ဂျီဒီပီ၏ သုံးရာခိုင်နှုန်းကျော်အထိ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားပြီး ရေရှည်အကျိုးသက်ရောက်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

ကျန်းမာရေးဆိုင်ရာ ပြဿနာများ

၂၀၃၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် အာဟာရချို့တဲ့ခြင်း၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ခြင်းနှင့် အပူဒဏ်ကြောင့် တစ်နှစ်လျှင် လူပေါင်း ၂၅၀၀၀၀ ခန့် သေဆုံးနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ ကျန်းမာရေးအတွက် တိုက်ရိုက်ဆုံးရှုံးမှု ကုန်ကျစရိတ်ပမာဏသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံမှ လေးဘီလီယံကြားရှိမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ လူပေါင်းနှစ်ဘီလီယံသည် ဘေးကင်းသောသောက်သုံးရေပြတ်လပ်နေပြီး နှစ်စဉ် သန်း ၆၀၀ သည် အစားအစာကြောင့်ဖြစ်သော ရောဂါများကို ခံစားနေရသည်။ အသက်ငါးနှစ်အောက် ကလေးများသေဆုံးမှု၏ ၃၀ ရာခိုင်နှုန်း အငတ်ဘေးကြောင့်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် အာဖရိကနှင့် အာရှရှိ လူပေါင်း သန်း ၇၇၀ သည် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်ခဲ့ရသည်။ ရာသီဥတုပြောင်းလဲမှုသည် အစားအစာနှင့် အာဟာရဆိုင်ရာအကျပ်အတည်းများကို ပိုမိုဆိုးရွားလာစေလျက်ရှိသည်။ အပူချိန်နှင့် မိုးရွာသွန်းမှု အပြောင်းအလဲများသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါများပျံ့နှံ့မှုကို အားကောင်းစေသည်။ ကြိုတင်ကာကွယ်မှုမရှိပါက ထိုကဲ့သို့သော ရောဂါများကြောင့် သေဆုံးမှုသည် နှစ်စဉ် ၇၀၀၀၀၀ ကျော်အထိ မြင့်တက်လာနိုင်သည်။ ရာသီဥတုပြောင်းလဲမှုသည် စိုးရိမ်ပူပန်မှုနှင့် စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုကဲ့သို့ လက်ငင်းစိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေလျက်ရှိသည်။ မကြာသေးမီက သုတေသနပြုချက်အရ အပူကြောင့်သေဆုံးမှု ၃၇ ရာခိုင်နှုန်းသည် လူသားများကြောင့်ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုကြောင့်ဟု သတ်မှတ်ထားသည်။ အသက် ၆၅ နှစ်ကျော်သူများတွင် အပူကြောင့်သေဆုံးမှုများသည် ဆယ်စုနှစ် နှစ်ခုစာအတွင်း ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ကျန်းမာရေး

ထို့ကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် သဘာဝဘေးအန္တရာယ်များကို လျှော့ချရန် ရုပ်ကြွင်းလောင်စာများနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စံနှုန်းများဖြစ်သည့် ရာသီဥတုဒဏ်ခံနိုင်စေရေးနှင့် ရေရှည်တည်တံ့ကောင်းမွန်သော ပတ်ဝန်းကျင်ကျန်းမာရေးစနစ်များ တည်ဆောက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများကို ကြိုတင်ကာကွယ်ခြင်းတို့အပြင် ကုလသမဂ္ဂ၏ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ ပါရီသဘောတူညီချက်နှင့် အခြားသော ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ပန်းတိုင်များအောင်မြင်စေရေး တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် လေထုညစ်ညမ်းမှုများနှင့် ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့်  သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။         ။

ကိုးကား -

(၁) https://www.careourearth.com/world-environmental-health-day/

(၂) https://www.who.int/data/gho/data/themes/public-health-and-environment

(၃) https://www.who.int/news-room/fact-sheets/detail/climate-change-and-health