
ဖနောင်ပင် အောက်တိုဘာ ၂၀
ကမ္ဘောဒီးယားအစိုးရက ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုစီးပွားဘဝ ထိခိုက် ခံစားနေရသည့် ပြည်သူများအား အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ သုံးလစာအတွက် ထောက်ပံ့ငွေများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ဒေါ်လာ ၃၀ ပေးအပ်သွားမည်
မြို့တော် ဖနောင်ပင်နှင့် ခရိုင်မြို့များရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများအား တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် အိမ်ထောင်စုဝင်တစ်ဦးစီလျှင် အမေရိကန် ဒေါ်လာ လေးဒေါ်လာမှ ၁၃ ဒေါ်လာ အကြား ရရှိမည်ဖြစ်သည်။ အသက် ငါးနှစ် အောက်ကလေးငယ်များ၊ မသန်စွမ်းများ၊ ခုခံအား ကျဆင်းရောဂါခံစားနေရသူ များ သို့မဟုတ် အသက် ၆၀ နှင့်အထက် အရွယ်ပြည်သူများသည် အမေရိကန် ဒေါ်လာ လေးဒေါ်လာမှ ၁၀ ဒေါ်လာ အကြား ရရှိမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါထောက်ပံ့ရေး အစီ အစဉ်အရ ယခုထောက်ပံ့မှုသည် ခုနစ် ကြိမ်မြောက်ရှိပြီဖြစ်သည်။
နိုင်ငံတစ်ဝန်း၌ လွန်ခဲ့သော ရက် အနည်းငယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် သိသိသာသာ လျော့ကျလာခဲ့သည်။ လက်ရှိတွင် နိုင်ငံ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၆ ဦးနှင့် အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၁၇၂၀၁ ဦး ရှိပြီး သေဆုံးသူပေါင်း ၂၆၉၃ ဦးရှိသည်။ ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၁၁၁၆၉၀ ရှိကြောင်း သိရသည်။
တိုက်တွန်းပြောကြား
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းသည် ရောဂါကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းကို လျော့ကျစေသည့် အတွက် ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် ပြည်သူများအား ကမ္ဘောဒီးယားဝန်ကြီး ချုပ် ဟွန်ဆန်က တိုက်တွန်းပြောကြား သည်။
ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ခဲ့ရာ လက်ရှိအချိန်အထိ ပြည်သူ ၁၃ ဒသမ ၆၂ သန်း (နိုင်ငံလူဦးရေ၏ ၈၅ ဒသမ ၁၄ ရာခိုင်နှုန်း)သည် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၁၂ ဒသမ ၈ သန်း (နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်း) သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံ မှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ဆေးတတိယ အကြိမ် ထပ်ဆောင်းထိုးနှံမှုခံယူပြီးသူ အရေအတွက် ၁ ဒသမ ၅၁ သန်းရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်