ကမ္ဘောဒီးယားနိုင်ငံက အသက်ငါးနှစ်အရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်

ဖနောင်ပင်  အောက်တိုဘာ ၃၁


ကမ္ဘောဒီးယားနိုင်ငံသည်   အသက်ငါးနှစ်အရွယ်ကလေးငယ်များအား နိုဝင်ဘာ ၁ ရက်မှစတင်၍   တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးမည်ဖြစ်ကြောင်း  ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။


ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်နယ်နှင့်မြို့ပေါင်း ၂၅ ခုရှိ  အသက် ငါးနှစ်အရွယ် ကလေးငယ်များအား နိုဝင်ဘာ ၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် စတင်ထိုးနှံပေးမည်ဖြစ်ပြီး ပထမ အကြိမ်ထိုးနှံပြီးနောက် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ်ကာကွယ် ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။


ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံလူဦးရေ ၁၆ သန်းရှိသည့်အနက် အသက်ခြောက်နှစ်နှင့်အထက်  အသက်အရွယ်ရှိသူ ၁၃ ဒသမ ၇ သန်း အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပေး ပြီးဖြစ်ကြောင်းလည်း သိရသည်။


အဆိုပါလူဦးရေအနက် ၁၃ ဒသမ ၀၅ သန်းသည် ကိုဗစ်-၁၉ ရောဂါ      ကာကွယ်ဆေးနှစ်ကြိမ်    ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၁၁ ဒသမ ၄ သန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယ အကြိမ် အပိုဆောင်းထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။


ကမ္ဘောဒီးယားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွင်   အသုံးပြုခဲ့သည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အများစုသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှင့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတို့ဖြစ်ကြောင်း လည်း သိရသည်။        

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်