
ဖနောင်ပင် နိုဝင်ဘာ ၂
ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနောင်ပင်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်ဆိုင်းထားခဲ့ရသော ဘတ်စ်ကား ပြေးဆွဲရေးလုပ်ငန်းနှင့် အငှားမော်တော်ဘုတ်ပြေးဆွဲ ခြင်းလုပ်ငန်းကို ယနေ့တွင် ပြန်လည်စတင်ပြေးဆွဲခဲ့ ကြောင်း ဖနောင်ပင်မြို့တော် ဘတ်စ်ကားပြေးဆွဲရေးလုပ်ငန်းအာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူး အန်ဆော့ဟင်က ပြောကြားသည်။
ယခုစတင်ပြေးဆွဲသော အဆိုပါဘတ်စ်ကားနှင့် အငှားမော်တော်ဘုတ်များအား နိုဝင်ဘာ ၂ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ် ကာ နိုဝင်ဘာ ၈ ရက်မှစတင်၍ ယာဉ်စီးခ ပြန်လည် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ဘုန်းတော်ကြီးများ၊ သက်ကြီးရွယ်အို များ၊ ကလေးသူငယ်များ၊ ကျောင်းသားများ၊ အထည် ချုပ်စက်ရုံဝန်ထမ်းများ၊ အားကစားသမားများနှင့် ဆရာ ဆရာမများအား အခမဲ့စီးနင်းခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ် များနှင့် မော်တော်ဘုတ်များတွင် လိုက်ပါစီးနင်းသည့်ခရီးသည်များအနေဖြင့် နှာခေါင်းစည်းဝတ်ဆင် ခြင်း၊ ကိုယ်အပူချိန်တိုင်းတာမှုခံယူခြင်းနှင့် မိုဘိုင်းဖုန်း များ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိပေးချက် အက်ပလီကေးရှင်း “Stop COVID QR Code” ကို ထည့်သွင်းထားခြင်း စသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း အန်ဆော့ဟင်က ပြောကြား သည်။
နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် အဆိုပါရောဂါကြောင့် သေဆုံးမှု များ ကျဆင်းလျက်ရှိပြီး နိုင်ငံလူဦးရေ ၁၃ ဒသမ ၇၄ သန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် လူဦးရေ ၁၃ ဒသမ ၀၈ သန်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးခဲ့ပြီး လူဦးရေ ၁ ဒသမ ၈၈ သန်း မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။
တရုတ်နိုင်ငံက ထုတ်လုပ်သော Sinovac နှင့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များအား နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာ၌ အများဆုံး သုံးစွဲလျက်ရှိကြောင်း သိရသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၈၇၀၂ ဦး၊ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၁၁၅၀၁၇ ဦးနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၈၀၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ