ကမ္ဘောဒီးယားနိုင်ငံ၌ ၁၀ လတာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိ

ဖနောင်ပင်  ဒီဇင်ဘာ  ၂၀


ကမ္ဘောဒီးယားနိုင်ငံ၌ ဒီဇင်ဘာ ၂၀ ရက် တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ မရှိခဲ့ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိခဲ့သည်မှာ  ဖေဖော်ဝါရီလ နောက်ပိုင်း   ပထမဆုံး အကြိမ်ဖြစ်ကြောင်း    ကမ္ဘောဒီးယားဝန်ကြီးချုပ်  ဟွန်ဆန်က    ပြောကြားသည်။


“ဒီနေ့ဟာ   ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိ ခဲ့တာ      ၁၀    လတာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီနေ့တစ်ရက် အတွင်း ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ အရေအတွက်ကလည်း ခုနစ်ဦးပဲရှိခဲ့ပါ တယ်” ဟု  ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။


လက်ရှိတွင်  ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၂၀၄၂၃ ဦးရှိကြောင်း၊  အဆိုပါရောဂါ ကြောင့်   သေဆုံးသူပေါင်း    ၃၀၀၅ ဦး ရှိကြောင်းနှင့်  ပြန်လည်ကျန်းမာလာသူ စုစုပေါင်း    ၁၁၆၈၀၃   ဦးရှိကြောင်း           ကမ္ဘောဒီးယား  ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။


ကမ္ဘောဒီးယားနိုင်ငံသည် တရုတ် နိုင်ငံမှ အဓိကထောက်ပံ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့်အတူ နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို  ဖေဖော်ဝါရီ ၁၀ ရက် တွင် စတင်ခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင်  ကမ္ဘောဒီးယားနိုင်ငံ၌  လူဦးရေ ၁၆ သန်းရှိသည့်အနက်   ၈၈ ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ်  ၁၄ ဒသမ ၂၂ သန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း  ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။


ထို့ပြင်  ကမ္ဘောဒီးယားနိုင်ငံ၌  နိုင်ငံ လူဦးရေ၏  ၈၅ ရာခိုင်နှုန်း    သို့မဟုတ် လူဦးရေ ၁၃ ဒသမ ၆  သန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် နိုင်ငံလူဦးရေ ၏  ၁၉ ရာခိုင်နှုန်း သို့မဟုတ် ၃ ဒသမ ၀၆ သန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတတိယအကြိမ်   အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ကမ္ဘောဒီးယား   ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက် ပြောကြားသည်။

ကိုးကား - ဆင်ဟွာ၊ 
ဘာသာပြန် - အလင်းသစ်