ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာ

Type
မောင်မောင်ဟိန်း ကိုယ်ကျင့်တရားဆိုသည်မှာ လူတစ်ယောက် နေ့စဉ်ပြုကျင့်သည့် အပြုအမူ၊ အပြော အဆို၊ အကျင့်စရိုက်၊ စာရိတ္တ၊ အလေ့အထ စသည့် သက်ဆိုင်ရာ ကျင့်ဝတ်သီလများပင် ဖြစ်သည်။ လူ့လောကတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် လိုက်နာပြုမူ စောင့်ထိန်း အပ်သော ကျင့်ဝတ်များ ရှိပါသည်။ မိဘကျင့်ဝတ်၊ ဆရာ့ ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်၊ မိတ်ဆွေ ကျင့်ဝတ်၊ လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်၊ ဒါယကာ ကျင့်ဝတ်၊ မင်းကျင့်တရားခေါ် မင်းကျင့် ဝတ်၊ နာယက ကျင့်ဝတ်၊ အလုပ်ရှင် ကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ်၊ လင့်ကျင့်ဝတ်၊ မယားဝတ္တရားငါးပါး ခေါ် မယားကျင့်ဝတ် စသည်ဖြင့် ကျင့်ဝတ်များစွာ ရှိပါသည်။ ထိုနည်းတူ ပညာရပ်နယ်ပယ်အလိုက် ကျင့်ဝတ်များ၊ အဖွဲ့ အစည်းဆိုင်ရာ ကျင့်ဝတ်များ၊ လုပ်ငန်းနယ်ပယ်အလိုက် လိုက်နာ စောင့်ထိန်းအပ်သော ကျင့်ဝတ်များစွာလည်းရှိသည်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျင့်ဝတ်များ လိုက်နာကြသည့် လူ့ပတ်ဝန်းကျင် တိုင်းသည် သာယာဝပြော ပြီး အေးချမ်းတည်ငြိမ်ကာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာရှိကြမည် ဖြစ်ပါသည်။ ကိုယ်ကျင့်တရားသည် လူသားတိုင်းတွင် မရှိမဖြစ်လိုအပ်သော ဂုဏ် တစ်ရပ်ပင် ဖြစ်သည်။ ဝါဒများစွာရှိသည့်အနက် ကိုယ်ကျင့်သီလ ကောင်းမွန် ခြင်းသည် အကောင်းဆုံးဝါဒပင် ဖြစ်သည်။ လူသားတိုင်း မိမိနှင့်ဆိုင်ရာဆိုင်ရာ ကျင့်ဝတ်များကို ရိုးသားဖြောင့်မတ်စွာ လိုက်နာကျင့်ကြံအပ်ပေသည်။ တစ်နည်းဆိုရသော် ကိုယ်ကျင့်တရား ကောင်းသူများသည် ရိုးသားဖြောင့်မတ်သူများဖြစ်ပြီး သက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်သူသည် ကိုယ်ကျင့်တရား ကောင်းမွန်သူများပင်ဖြစ်သည်။ ကိုယ်ကျင့်တရား ကောင်းမွန်သူ တစ်နည်းအားဖြင့် သက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာ စောင့် ထိန်းသူများဖြင့်သာ မိမိအကျိုးနှင့် အများအကျိုးကို ဖော်ဆောင် နိုင်ကြမည် ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွင် ပညာရှင်ဝန်ထမ်းများ၊ ကျွမ်းကျင် ဝန်ထမ်းများ၊ စာရေးဝန်ထမ်းများ၊ စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး)၊ စီမံခန့်ခွဲရေး ဝန်ထမ်း(အုပ်ချုပ်ရေး၊ လူမှုရေး) ဆိုသည့် ဝန်ထမ်းအမျိုးအစားများ ပါဝင်ဖွဲ့စည်းထားပြီး ဝန်ထမ်းအဖွဲ့ အစည်းများ၏ လုပ်ငန်းတာဝန်အပေါ် မူတည်၍ လိုအပ်သည့် ဝန်ထမ်းအမျိုးအစားများ ထည့်သွင်းကာ ဖွဲ့စည်းထားရှိကြပြီး နိုင်ငံတော်နှင့်ပြည်သူများ အကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်။ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်များကို ဝန်ထမ်းအားလုံး လိုက်နာဆောင်ရွက်ကြရသည်။ ထို့အပြင် ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့်လည်း မိမိတို့၏ ပညာရပ်ဆိုင်ရာ သက်ဆိုင်သော ကျင့်ဝတ်များကိုလည်း လိုက်နာ ကြရမည် ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းသည့် အဖွဲ့ အစည်းများသည်သာ ပြည်သူများ အားကိုးအားထားပြုနိုင်သော အဖွဲ့အစည်းဖြစ်မှာ အသေအချာပင် ဖြစ်သည်။ ဝန်ထမ်းတစ်ဦးချင်း ကိုယ်စီလိုက်နာကြမှသာ အဖွဲ့အစည်းကောင်းတစ်ရပ်အဖြစ် ရပ်တည် နိုင်မည်ဖြစ်သည်။ နိုင်ငံတော် ယန္တရားလည်ပတ်နိုင်ရေး တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းတိုင်းသည် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ပြည်သူများ၏ အကျိုးစီးပွား ကို အမှန်တကယ်ဆောင်ရွက်ရန် လိုလားသည့် ဝန်ထမ်းတိုင်းသည် ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရပေမည်။ ကျန်းမာ​ရေးက၊ ပညာရေးက၊ စီးပွားရေးကများတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများသည် ဝန်ထမ်း ကျင့်ဝတ်များကို လိုက်နာကြရမည့်အပြင် ဆိုင်ရာပညာရပ်များ၏ ကျင့်ဝတ်များကိုလည်း လိုက်နာကြရမည် ဖြစ်သည်။ သက်ဆိုင်ရာ ပညာရပ်အလိုက် အဓိဋ္ဌာန်ပြုထားရှိပြီးဖြစ်သည့် ကတိသစ္စာများကိုလည်း စောင့်ထိန်းကြရမည် ဖြစ်ပါသည်။ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းက ကျင့်ဝတ်နှင့် ကတိသစ္စာ မတည်သူများကို ကိုယ်ကျင့်တရား ဖောက်ဖျက်သူများအဖြစ် သတ်မှတ်ခြင်းခံကြရမည် ဖြစ်သည်။ ချမ်းသာကြွယ်ဝခြင်း ဆုံးရှုံးသည့်အခါ ဘာမှဆုံးရှုံးမှု မရှိသေး ကြောင်း၊ ကျန်းမာရေး ဆုံးရှုံးသည့်အခါ တစ်စုံတစ်ခုဆုံးရှုံးကြောင်း၊ ကိုယ်ကျင့်တရား ဆုံးရှုံးပျက်စီးသည့်အခါ ဘဝတစ်ခုလုံး ဆုံးရှုံးခြင်း မည်ကြောင်း နာယူမှတ်သားခဲ့ဖူးသည်။ ဒါန၊ သီလ၊ ဘာဝနာ သုံးပါးတွင် သီလသည် ကုသိုလ်တရားအားလုံးတို့၏ အစဖြစ်၍ သီလကိုရှေးဦးစွာ လုံခြုံစေပြီးမှသာ ကျန်ကုသိုလ်များကို ပြုရသည့်အတွက် ကုသိုလ် အားလုံးတွင် “ကိုယ်ကျင့်တရား (သီလ)သည်သာ ပဓာန” ဖြစ်သည်ကို သိရှိပြီး ဖြစ်ကြပါသည်။ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများသည် လိုက်နာရန်လိုအပ်သည့် ကျင့်ဝတ်များ အားကောင်းခိုင်မာစေရေးအတွက် စည်းမျဉ်းများ၊ စည်းကမ်းများ၊ ဥပဒေများချမှတ်ပြီး ထိန်းကျောင်းတည့်မတ်ထား ကြပါသည်။ နိုင်ငံသားတိုင်းသည် တည်ဆဲဥပဒေများကို လေးစား လိုက်နာရန် တာဝန်ရှိသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများသည်လည်း တည်ဆဲဥပဒေများအပြင် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များကို လိုက်နာကြရပါသည်။ ဥပဒေပ ဆောင်ရွက်ခြင်းမပြုကြခြင်းသည် တစ်နည်းအားဖြင့် ကျင့်ဝတ်များနှင့်လျော်ညီစွာ နေထိုင်ပြုမူခြင်းဟု ဆိုနိုင်ပါသည်။ အများဆန္ဒကို အသိအမှတ်ပြုပြီး အနည်းစုဆန္ဒကို လေးစားသမှု ပြုကာ မတူတာတွေကို ပေါင်းစု၍ ညှိနှိုင်းအဖြေရှာကြခြင်းသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရ ဖြစ်သည်။ လွတ်လပ်စွာ သဘော ထားကွဲပိုင်ခွင့် ရှိရပါမည်။ “လူညီ၍ ဤကို ကျွဲ” ဖြစ်စေခြင်းသည် ဒီမိုကရေစီစနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။ သဘောထား မတိုက်ဆိုင်သူများကို သဘောထားကြီးစွာထားပြီး လွတ်လပ်စွာ သဘောထားကွဲခွင့် မပြုဘဲ ရန်မူနေသူများ ရှိနေသရွေ့ စစ်မှန်သော ဒီမိုကရေစီ ရရှိနိုင်မည် မဟုတ်ပေ။ နိုင်ငံသားအားလုံး သည် ဒီမိုကရေစီစံနှုန်းနှင့် ကျင့်ဝတ်များကို တန်ဖိုးထားလိုက်နာ ကြရမည်။ နိုင်ငံ့ဝန်ထမ်းများ စောင့်ထိန်းရမည့် ကျင့်ဝတ်အချို့ကို ဖော်ပြ ရလျှင် နိုင်ငံ့ဝန်ထမ်းတိုင်းသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊ ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ရမည်။ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာနှင့် ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ရမည်၊ အထက်အဆင့် အကြီးအကဲက တာဝန်အရ ပေးအပ်သည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် ရမည်။ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ ရမည့်အပြင် လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များကို လိုက်နာရမည်။ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း စောင့်ရှောက်ရမည်၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေမည့် စာအုပ်စာတမ်း ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း မပြုလုပ်ရ။ နိုင်ငံတော်၏ လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းမှ ရှောင်ကြဉ်ရမည်ဟု စသည်ဖြင့် သတ်မှတ်ထားရှိပြီး ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ကြရမည့်သူများဖြစ်သည့်အားလျော်စွာ စောင့်ထိန်း ရမည့် ကျင့်ဝတ်များ၊ ထမ်းဆောင် ရမည့် တာဝန်များ၊ လိုက်နာရမည့် စည်းကမ်းများကို လေးစားလိုက်နာ၍ ဂုဏ်သိက္ခာရှိစွာ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရပါမည်။ ကျင့်ဝတ်လိုက်နာ ဂုဏ်သိက္ခာရှိကြသည့် နိုင်ငံ့ဝန်ထမ်းများသည် သာ ပြည်သူများ၏ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင် နိုင်မည် ဖြစ်ပေသည်။ ။