ကံ့ကော်မြေနဲ့ အင်းလျားအဆောင်သူ

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=======================

 

ကံ့ကော်မြေနဲ့ အင်းလျားအဆောင်သူ

======================

 

ဒေါက်တာ မိုးစံပယ်သင်း

 

 

ကျွန်မ ဆယ်တန်းအောင်တော့ မြန်မာစာအထူးပြုဖြင့် စစ်တွေတက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။ အဲဒီတုန်းက စစ်တွေတက္ကသိုလ်က အခုလို အဆောက်အအုံတွေ၊ ဘွဲ့နှင်းသဘင်ခန်းမတွေ၊ သစ်ပင်ပန်းမန်တွေ မရှိသေးပါ။ တက္ကသိုလ်အငွေ့အသက်ကို စပြီးသွင်းနေတဲ့အချိန်လို့ပြောရပါမယ်။

 

ဒီလိုနဲ့ ဂုဏ်ထူးတန်းပြီးလို့ မဟာဝိဇ္ဇာတန်း အရောက်မှာ ကျောင်းစာတွေအပြင် တက္ကသိုလ် နောက်ခံ ဝတ္ထုတွေကို ပိုပြီးဖတ်ဖြစ်လာခဲ့တယ်။ တက္ကသိုလ် နောက်ခံဝတ္ထု၊ တက္ကသိုလ်သီချင်းတွေကတစ်ဆင့် တက္ကသိုလ်အငွေ့အသက် အပြည့်အဝလွှမ်းခြုံထားတဲ့ ကံ့ကော်မြေအကြောင်းကို သိခွင့်ရခဲ့တယ်။ စစ်တွေ တက္ကသိုလ်ရဲ့ ကျောင်းသူတစ်ယောက်ဖြစ်လို့ ဂုဏ်ယူမိ တယ်။ သို့သော် ကံ့ကော်မြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသူတစ်ယောက် ဖြစ်ဖူး ချင်တဲ့ဆန္ဒကလည်း မသိမသာ ကိန်းအောင်းနေခဲ့တယ်။ အထူးသဖြင့် အဆောင်နေကျောင်းသူဘဝကို လိုချင်တဲ့ ကျွန်မအတွက် အင်းလျားဆောင်က ဆွဲဆောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

 

အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အာရ်စီ၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် စတဲ့နာမည်တွေဟာ ကျွန်မနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ကံ့ကော်အလှ၊ စိန်ပန်းအလှတွေကို အဝေးကနေလှမ်းပြီး နှစ်သက်ခဲ့မိပါတယ်။ ကံ့ကော်မြေရဲ့အလှကို အဝေး တစ်နေရာကနေ မြတ်နိုးခဲ့ဖူးပါတယ်။ ဒါ့အပြင် အင်းဝ ဆောင်၊ ပဲခူးဆောင်၊ ဒဂုံဆောင်၊ ပင်းယဆောင်၊ သထုံ ဆောင်၊ ရွှေဘိုဆောင်၊ အင်းလျားဆောင်၊ ရတနာဆောင်၊ သီရိဆောင်စတဲ့ ရန်ကုန်တက္ကသိုလ် အဆောင်အမည် တွေကို အလွတ်ကျက်မှတ်ခဲ့ဖူးပါတယ်။

 

ဒါပေမဲ့ တက္ကသိုလ်ရနံ့တွေ ထုံသင်းမွှေးကြိုင်ပြီး အရှိန်အဝါ ကြီးမားလှတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသူဖြစ်ချင်ခဲ့တဲ့ ဆန္ဒဟာ ကျွန်မအတွက်အလှမ်းဝေးခဲ့တဲ့အပြင် ရှင်သန် ခွင့်မရဘဲ ငုပ်လျှိုးနေခဲ့ရပါတယ်။ အဲဒီတုန်းက စိတ်ကူး ယဉ်မှုတွေက စိတ်ကူးယဉ်မှု သက်သက်သာရှိနေလိမ့် မယ်လို့ ကျွန်မ တွေးခဲ့ထင်ခဲ့ဖူးပါတယ်။

 

၂၀၁၃-၂၀၁၄ ခုနှစ်

 

ကျွန်မ ရန်ကုန်တက္ကသိုလ်ကျောင်းသူဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ထိုထက် ပိုဂုဏ်ယူစရာ ကောင်းတာက အင်းလျားအဆောင်သူဖြစ်ခွင့်ရခဲ့တာ ပါပဲ။ ကျွန်မရဲ့ တက္ကသိုလ်ကျောင်းသူဘဝမကုန်ဆုံးမီ အဆောင်နေကျောင်းသူဘဝကိုရရှိဖို့ အခွင့်ကြုံခဲ့တာ ကိုက အင်မတန်မှ ကံကောင်းလှတယ်လို့ ထင်မိပါတယ်။ မြန်မာစာဘာသာရပ်နယ်ပယ်မှာ ဘာသာစကားအထူး ပြုနဲ့ စာပေအထူးဆိုပြီး နယ်ပယ်နှစ်ခုရှိရာ အဲဒီအချိန် တုန်းက စစ်တွေတက္ကသိုလ်မှာ ကျမ်းကြီးကြပ်မှုအပိုင်း နဲ့ပတ်သက်ပြီး ဘာသာစကားအထူးပြုဆရာ ဆရာမ မရှိတဲ့ အခြေအနေအခိုက်အတန့်နဲ့ ကြုံကြိုက်ခဲ့ပါတယ်။ ဒါကပင် ရန်ကုန်တက္ကသိုလ်ကိုပြောင်းဖို့ အခွင့်အရေး ပေးလာတယ်လို့ မြင်မိပါတယ်။ ဒီ အခွင့်အရေးကို ဆုံးရှုံးခံ လိုက်ရင် ရန်ကုန်တက္ကသိုလ်ကျောင်းသူဖြစ်ချင်တဲ့ ကျွန်မရဲ့ ဆန္ဒဟာ ဘယ်တော့မှ ပြည့်ဝလာတော့မှာမဟုတ်ပါဘူး။ စိတ်ကူးယဉ်မှုတွေကတစ်ဆင့် တကယ်ဖြစ်လာတော့မယ် ဆိုတဲ့ အတွေးနဲ့တင် ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ နေ့ရက် တွေ ဖြစ်ခဲ့ပါတယ်။

 

ဒီလိုနဲ့ ကျွန်မ ရန်ကုန်တက္ကသိုလ်ကျောင်းသူ ဖြစ်ခွင့်ရ ခဲ့ပါတယ်။ တစ်နည်း ကံ့ကော်မြေကို ခြေချခွင့်ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရှိရာ တောင်ငူဆောင်ကို စရောက်တဲ့နေ့က ပါမောက္ခ/ ဌာနမှူး ဆရာကြီး ဒေါက်တာအောင်မြင့်ဦးရဲ့မွေးနေ့နဲ့ တိုက်ဆိုင်နေတာကလည်း အမှတ်တရတစ်ခု ဖြစ်ခဲ့ပါတယ်။ မွေးနေ့အလှူ မုန့်ဟင်းခါး စားပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ အထင်ကရ နေရာတွေ ဖြစ်တဲ့ အာရ်စီ၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် စတာတွေကို လိုက်ရှာ ကြည့်ဖြစ်ခဲ့ပါတယ်။ သူတို့တွေကတော့ ကျွန်မကို သိကြ မယ်မဟုတ်ပါဘူး။ ကျွန်မကတော့ သူတို့ရဲ့နာမည်ကို ကောင်း ကောင်းကြီး သိနေခဲ့ပါတယ်။ အဲဒီနောက် အင်းလျား ဆောင်ကို လိုက်ရှာခဲ့ပါတယ်။ အလွယ်တကူတော့ ရှာမတွေ့ ခဲ့ပါ။

နောက်ဆုံးတော့ စစ်ကိုင်းလမ်းလေးအတိုင်း ဝင်သွား ပြီး အင်းဝဆောင်အလွန်မှာ ကျွန်မတွေ့ချင်လှတဲ့ အင်းလျားဆောင်ကို တွေ့လိုက်ရပါတယ်။ အထဲကို ဝင်ကြည့်ချင်ခဲ့ပေမယ့် ဒီနေ့အဖို့ လောဘကြီးလွန်းရာ ကျပါမယ်။ “မိုးနဲ့အတူ ပုဂံလမ်းက စောင့်နေမယ်” ဆိုတဲ့ သီချင်းစာသားထဲမှာပါတဲ့ ပုဂံလမ်းကိုပါ အင်းလျားဆောင် အနီးမှာ တွေ့ခဲ့ရပါတယ်။ ကျွန်မဟန်ပန်က ရန်ကုန် တက္ကသိုလ် ကျောင်းသူဟောင်းတစ်ယောက်က အရင် ထိတွေ့ခဲ့ရတဲ့ နေရာဟောင်းတွေကို လွမ်းတသသနဲ့ လိုက်ရှာ ကြည့်နေတာနဲ့ တူနေခဲ့ပါတယ်။ မည်သို့ပင်ဆိုစေတော့ ကံ့ကော်မြေပေါ် ကျွန်မ ခြေချခွင့်ရခဲ့ပါပြီ။

 

ကျွန်မ ရန်ကုန်တက္ကသိုလ်ကို စရောက်တုန်းက ရန်ကုန်တက္ကသိုလ်အဆောင်တွေ နေထိုင်ခွင့်မရသေးပါ။ ကံကောင်းချင်တော့ ဘွဲ့လွန်ကျောင်းသား ကျောင်းသူတွေ သာ တက်ရောက်ခွင့်ရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ ကျွန်မ ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘွဲ့ကြိုပထမနှစ်(ထူးချွန်)ကျောင်းသား ကျောင်းသူတွေကို စပြီးလက်ခံခဲ့ပါတယ်။ တစ်ပြိုင်နက်တည်း တက္ကသိုလ်အဆောင်တွေကိုပါ လျှောက်ထားခွင့်ရခဲ့ပါတယ်။ ကျွန်မစိတ်ကူးယဉ် အိပ်မက်ထဲကအတိုင်း အင်းလျားအဆောင်သူ ဖြစ်ခွင့်ရခဲ့ ပါတယ်။ လက်တွေ့ဟာ အိပ်မက်တွေစိတ်ကူးယဉ်မှုတွေ က အစပြုခဲ့တယ်ဆိုတာ ကျွန်မ လက်ခံယုံကြည်ခဲ့ပါ တယ်။

 

အင်းလျားဆောင်နဲ့ကျွန်မ

 

အင်းလျားဆောင်ဟာ ခေတ်အဆက်ဆက် ကျောင်းသူဆောင်ဖြစ်ခဲ့ပါတယ်။ အင်းလျားဆောင်ကို ၁၉၃၁ ခုနှစ် ဇွန်လမှာ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူအဆောင် တွေထဲမှာ အစောဆုံးဖွင့်လှစ်ခဲ့တာကြောင့် ရန်ကုန် တက္ကသိုလ်ရဲ့ သမီးကြီးလို့ တင်စားခဲ့ကြပါတယ်။ အင်းလျားလမ်းကို မျက်နှာမူပြီး တည်ရှိတဲ့အတွက် အင်းလျားဆောင်ဟု ခေါ်တွင်ခဲ့တာလို့လည်း သိခဲ့ရပါ တယ်။ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အဆောင်မှူးတွေကတော့ Miss White or Miss Scott (၁၉၃၁-၁၉၃၇)၊ ဒေါ်အေးရှင် (၁၉၃၇-၁၉၅၁)၊ ဒေါ်သိန်းညွန့် (၁၉၅၁-၁၉၇၉)၊ ဒေါ်စန်းစန်းဝေ (၁၉၇၉-၁၉၈၆)၊ ဒေါ်မြမြဝင်း (၁၉၈၆-၁၉၉၆)၊ ဒေါ်နွဲ့ရင် (၁၉၉၆-၂၀၀၁)၊ ဒေါက်တာမြတ်မွန်ဦး (၂၀၀၁-၂၀၀၇)၊ ဒေါက်တာ ဝင်းဝင်းသာ (၂၀၀၇-၂၀၁၃)၊ ဒေါက်တာမဉ္ဇူမင်း (၂၀၁၃-၂၀၁၆)၊ ဒေါက်တာဏီဝင်းဇော် (၂၀၁၆-၂၀၂၀)နဲ့ လက်ရှိမှာတော့ ဒေါက်တာမြတ်ဆုလှိုင်က အဆောင် မှူးတာဝန်ကို တာဝန်ယူထမ်းဆောင်လျက်ရှိပါတယ်။

 

ကျွန်မ အင်းလျားအဆောင်သူဖြစ်ခဲ့တဲ့အချိန်က အဆောင်မှူး ဆရာမကြီး ဒေါက်တာမဉ္ဇူမင်း လက် ထက်ဖြစ်ပါတယ်။ ကျွန်မနေခဲ့တဲ့အခန်းက အင်းလျား ဆောင် အခန်းနံပါတ် ၄၃ ဖြစ်ပါတယ်။ အင်းလျားဆောင် ကို စရောက်ခဲ့တဲ့အချိန်ကို အခုချိန်အထိ မှတ်မိနေပါ သေးတယ်။ သက်ဆိုင်ရာ တာဝန်ကျတဲ့ အဆောင်နည်းပြ ဆရာမဆီ နာမည်စာရင်းပေးပြီး ကျွန်မနေထိုင်ရမယ့် အခန်း လေးဆီ ရောက်လာခဲ့ပါတယ်။ အဲဒီအဆောင်နည်းပြ ဆရာမက အခုလက်ရှိ အင်းလျားဆောင် အဆောင်မှူး ဖြစ်ပါတယ်။ အခန်းဖော်မရောက်သေးတော့ ပြတင်း ပေါက်ရှိတဲ့ဘက်ကိုရွေးပြီး နေရာယူခဲ့ပါတယ်။

 

အဆောင်စနေပြီဆိုတာနဲ့ အိမ်မှာနေတာနဲ့ လုံးဝမတူတော့ပါဘူး။ အိမ်မှာ အိမ်စည်းကမ်းရှိသလို အဆောင်မှာ အဆောင်စည်းကမ်းလေးတွေရှိပါတယ်။ ဒီအဆောင်စည်းကမ်းတွေက လက်တွေ့ဘ၀အတွက် များစွာ အထောက်အပံ့ပေးခဲ့တယ်လို့ ပြောပါရစေ။ စည်းဘောင်အတွင်းမှာ နေထိုင်ရတာ ကြိုက်နှစ်သက်တဲ့ ကျွန်မအတွက် အဆောင်စည်းကမ်းတွေက တစ်သား တည်းဖြစ်ခဲ့ပါတယ်။

အဆောင်သူတစ်ယောက်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို ပြောရမယ်ဆိုရင် မနက် ၇ နာရီကနေ ၉ နာရီအတွင်း မနက်စာ စားချိန်ဖြစ်ပြီး ညနေ ၄ နာရီကနေ ၆ နာရီ အတွင်း ညနေစာစားချိန် ဖြစ်ပါတယ်။ ကြက်ဥ၊ အသား၊ ငါးတို့ကို တစ်လှည့်စီချက်ကျွေးပြီး အသီးအရွက်ကြော်၊ အရည်သောက်၊ ငါးပိရည်၊ တို့စရာတွေက နေ့တိုင်း မပါ မဖြစ်တဲ့ အရန်ဟင်းလျာတွေပဲ ဖြစ်ပါတယ်။ အသားဟင်း၊ ငါးဟင်းတို့ကို ပုံစံနဲ့ စားရပေမယ့် ထမင်းကတော့ ကြိုက် သလောက်ယူစားလို့ရပါတယ်။ ဒါတွေ မစားချင်တဲ့ ကျောင်းသူတွေအတွက်လည်း လက်ဖက်သုပ်၊ ကြက်ဥပြုတ်၊ ကြက်ဥကြော် စသဖြင့် ရွေးချယ်ခွင့် ပေးထားပါသေးတယ်။ စနေ၊ တနင်္ဂနွေဆိုရင် ခေါက်ဆွဲကြော်၊ ကြာဆံကြော်နဲ့ ထမင်းကြော်အပြင် စပယ်ရှယ်မီနူးလို့ခေါ်တဲ့ အစားအစာ တွေကိုလည်း စီစဉ်ပေးခဲ့ပါတယ်။ အစားမရွေးတဲ့ ကျွန်မ အတွက် တော်တော်အဆင်ပြေလှပါတယ်။ အဆောင်မှာ ကြက်ဥချက်တဲ့နေ့ဆိုရင် ဒီနေ့တော့ ရွှေခေါင်းပြောင်နဲ့ လို့ပြောပြီး ကန်စွန်းရွက်ကြော်တဲ့နေ့ဆိုရင်တော့ ဆိတ်သားနဲ့လို့ ပြောကြတာကိုက ချစ်စရာတစ်မျိုး ကောင်းနေပါတယ်။ ကျွန်မ လွမ်းရတဲ့အထဲမှာ အဆောင် က ရွှေခေါင်းပြောင်နဲ့ ဆိတ်သားဟင်းလည်း ပါခဲ့ပါ တယ်။

 

နေ့တိုင်း ညနေ၆ နာရီဆိုရင် အဆောင်နေကျောင်းသူ အားလုံး ဘုရားခန်းထဲသွားပြီး နာမည်ခေါ် လူစစ်ခံ ရပါတယ်။ ဘုရားခန်းထဲဝင်ထိုင်တဲ့အခါမှာလည်း စည်းကမ်း တကျနဲ့ အခန်းလိုက် တစ်တွဲစီ ညီညီညာညာ ထိုင်ကြရပါ တယ်။ နာမည်ခေါ်ပြီးရင်တော့ ဘုရားရှိခိုးကြရပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ကျောင်းသူတွေကတော့ အခန်းပြန်ပြီး စာကျက်နိုင်ပါတယ်။ စာကျက်ချိန်မှာ အခန်းကူးပြီး စကားစုပြောကြတာတွေ လုပ်လို့မရ တော့ပါဘူး။ ည ၁၁ နာရီကိုတော့ တိတ်ဆိတ်ချိန်လို့ သတ်မှတ်ထားပါတယ်။ တိတ်ဆိတ်ချိန်ရောက်ပြီ ဆိုတာနဲ့ ဆူညံစွာ စာကျက်တာမျိုး မလုပ်ရတော့ဘဲ အိပ်ချင်တဲ့သူက အိပ်နိုင်ပါပြီ။ စာဆက်လုပ်ချင်တဲ့သူက တိတ်တဆိတ် စာလုပ်နိုင်ပါတယ်။

တစ်ခါတလေတော့ အဆောင်မှူးနဲ့ တာဝန်ကျအဆောင်နည်းပြဆရာမတို့က အဆောင်တစ်ပတ်ပတ်ပြီး ရှောင်တခင် လိုက်စစ်ပါတယ်။ တိတ်ဆိတ်ချိန်ရောက်ပြီဆိုတာနဲ့ အဆောင်ရှေ့ လာတီး တဲ့ ဂီတာသံလေးကို နားထောင်ရင်း စာလုပ်ကြရတာ ကိုက အဆောင်နေသူတွေရဲ့ အရသာတစ်မျိုးပင် ဖြစ်ပါ တယ်။ အဆောင်ရှေ့ ဂီတာလာတီးခတ်တဲ့ သီချင်း တွေအထဲက မွန်းအောင်ရဲ့ “အင်းလျားဆောင်သူလေးရယ် ... အင်းလျားဆောင်လေးရယ် ... အင်းလျားဆောင်သူ လေးရယ် ... သိပ်ချစ်မိတဲ့အကြောင်း မင်းသိပါစေ” စတဲ့ သီချင်းအပြင် စိုးလွင်လွင်ရဲ့ “အဆောင်သူလေး ရဲ့အရိပ်ကို တွေ့ရင် သီဆိုနေမယ် မင်းဖို့ သီချင်းတွေ တစ်ညလုံးပဲ အင်းယားလမ်းမပေါ်မှာလေ” ဆိုတဲ့ စာသားလေးတွေက လည်း အင်းလျားအဆောင်သူဘဝကို ပိုပြီး ပြည့်စုံစေ ခဲ့တယ်လို့ ကျွန်မထင်မိပါတယ်။

 

တစ်နှစ်တစ်ခါ အဆောင်ညစာစားပွဲကိုလည်း မောင်နှမ ဆောင်တွေနဲ့ပေါင်းပြီး ကျင်းပခဲ့ကြတာကိုက မမေ့နိုင်တဲ့ အမှတ်တရတွေထဲက တစ်ခုပါ။ အဲဒီညမှာ ပျော်ပွဲရွှင်ပွဲ တွေအပြင် စားပွဲသောက်ပွဲ၊ ဂိမ်းကစားတာ၊ အဆောင်က ထူးချွန်တဲ့ အဆောင်သူတွေကို ဆုချီးမြှင့်တဲ့ အစီအစဉ် တွေလည်း ပါဝင်ပါတယ်။ စာမေးပွဲစစ်တဲ့ရက်တွေမှာလည်း ညဘက် စာကျက်တဲ့အချိန် ဖြည့်စွက်စာအဖြစ် လာရောက် ကျွေးမွေးတဲ့ အစားအသောက်တွေကို တန်းစီယူစားခဲ့ရတာ ကိုက ဘဝမှာပြန်မရနိုင်တော့တဲ့ အမှတ်တရတစ်ခု ဖြစ်ပါတယ်။

 

တကယ်တော့ တက္ကသိုလ်အဆောင်တွေဆိုတာ နေထိုင်ခွင့်ရရုံသက်သက်၊ ပညာသင်ယူခွင့် အဆင် ပြေရုံသက်သက်မဟုတ်ဘဲ လူတွေနဲ့လိုက်လျောညီထွေ နေထိုင်တတ်အောင်၊ သူ့ဘက် ကိုယ့်ဘက် မျှမျှတတတွေး တတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိအောင်၊ လူတွေနဲ့ သဟဇာတဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာတွေကိုပါ လေ့ကျင့်သင်ကြားပေးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ တစ်နေရာ တည်းမှာ သူငယ်ချင်းဖြစ်ခွင့်၊ ဆုံတွေ့ခွင့်ရနေတာကိုက တန်ဖိုးမဖြတ်နိုင်တဲ့ ကံကောင်းခြင်းတစ်မျိုးဖြစ်ပါတယ်။

 

ကျွန်မရဲ့ အခန်းဖော်က ဥပဒေပထမနှစ်ကျောင်းသူ တစ်ယောက်ဖြစ်ပါတယ်။ နာမည်က ထက်ထက်လို့ ခေါ်ပါတယ်။ စကားပြောရင် မြန်ပြီး ချစ်စရာ အသွင်အပြင်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ကျွန်မနဲ့အခန်းဖော် ညီမလေးဟာ အသက်အရွယ်ကွာဟမှုရှိပေမယ့် တစ်ယောက် ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်တွေးပေးတတ်တဲ့ အလေ့အကျင့်ကောင်းကို အတူတူသင်ယူခဲ့ကြပါတယ်။ တစ်နည်း ကျွန်မနဲ့အခန်းဖော်ညီမလေးက အဆောင်သူ အဆောင်သားကောင်းတွေလို့ ပြောလို့ရပါတယ်။ ပြီးတော့ အခန်းဖော်ညီမလေးရဲ့ သူငယ်ချင်းတွေကလည်း အင်မတန်မှ ချစ်စရာကောင်းလှပါတယ်။ ထူးထူးခြားခြားမှတ်မိနေတဲ့ အထဲမှာ ပဋ္ဌာန်းအမြဲရွတ်တတ်တဲ့ ပိုပို၊ အိုက်တင်အပြည့်နဲ့ ရှင်နှောင်း၊ ဂျပ်စတင်ဘီဘာကို ကြိုက်တဲ့ ဂျေဘီတို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်မကို အပျိုကြီးလို့ခေါ်တဲ့ ညီမလေးတစ်အုပ်စုလည်း ရှိပါသေးတယ်။ သူတို့လေးတွေ ကတော့ အင်းလျားနဲ့အတူ အမြဲမှတ်မိနေတဲ့ အဆောင် နေဖက်တွေပဲ ဖြစ်ပါတယ်။

 

ဒီလိုနဲ့ပထမတစ်နှစ်အဆောင်နေဘဝကို ကုန်ဆုံး စေခဲ့ပါတယ်။ နောက်တစ်နှစ်မှာ အတန်းကြီးသမားတွေကို သီးသန့်ထားတော့ အခန်းပြောင်းခဲ့ရပါတယ်။ အခန်းဖော် အသစ်လေးက ကျွန်မနဲ့ အတန်းတူ မေဂျာတူ သူငယ်ချင်း မြိတ်သူလေးပဲ ဖြစ်ပါတယ်။ အဲဒီနှစ်မှာတော့ ကျွန်မတို့ထက် အတန်းကြီးတဲ့အစ်မတွေ၊ မေဂျာမတူတဲ့ သူငယ်ချင်းတွေပါ ရောက်လာတော့ အဆောင်နေဘဝဟာ ပိုပြီးပြည့်စုံခဲ့ရပြန်ပါ တယ်။ အင်းလျားဆောင်အကြောင်း တွေးလိုက်ရင်ပဲဖြစ်ဖြစ်၊ လွမ်းတဲ့အချိန်ပဲ ဖြစ်ဖြစ် သူတို့အကြောင်းမပါရင် ကျွန်မရဲ့ အတွေးနဲ့အလွမ်းက ပြည့်စုံမှုရှိမယ်မထင်ပါ။

 

မှတ်မှတ်ရရ အဲဒီနှစ်မှာ ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနမှာ နှစ်ပတ်တာ မြန်မာဘာသာစကား လာရောက်သင် ကြားကြတဲ့ ဂျပန်ကျောင်းသူတွေက အင်းလျားဆောင်မှာ တည်းခိုခဲ့ကြပါတယ်။ အဲဒီ နိုင်ငံခြားကျောင်းသူတွေဟာ နေ့ဘက်မှာ တောင်ငူဆောင် မြန်မာစာဌာနမှာ မြန်မာ ဘာသာစကားကို သင်ယူကြပြီး ညဘက်ဆိုရင် အဆောင်မှာ မြန်မာအနုပညာတစ်ခုဖြစ်တဲ့ မြန်မာအကကို သင်ယူခဲ့ကြ ပါတယ်။ အကတော်တဲ့ ကျွန်မရဲ့အခန်းဖော်က သူတို့လေး တွေရဲ့ အကဆရာမကြီးပေါ့။ နိုင်ငံခြား ကျောင်းသူတွေ အနေနဲ့ မြန်မာဘာသာစကား၊ မြန်မာအနုပညာတွေကို လေ့လာရင်း မြန်မာကျောင်းသူတွေရဲ့ အဆောင်နေထိုင်မှု ဘဝကိုပါ လေ့လာခွင့်ရခဲ့ပါတယ်။ စည်းကမ်းတကျ နေထိုင် ရတဲ့ အဆောင်နေထိုင်မှုပုံစံကို ပြသခွင့်ရလိုက်တာကလည်း ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ပါတယ်။

 

အင်းလျားဆောင်နဲ့အတူ သတိရမိတဲ့အထဲ ချစ်သူများ နေ့မှာ မွေးဖွားခဲ့တဲ့ အဆောင်မှူးဆရာမကြီးလည်း ပါဝင် ပါတယ်။ ရယ်လိုက်ရင် ပါးချိုင့်လေးပေါ်နေတာကိုက ဆရာမ ကြီးရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ အဆောင်စည်းကမ်းတွေကို တင်းကျပ်တယ်လို့ မခံစားရ အောင်ကို အုပ်ချုပ်မှုကောင်းမွန်လှပါတယ်။ ကျွန်မ အားကျ ခဲ့ရတဲ့ထဲမှာ အဆောင်မှူးဆရာမကြီးလည်း ပါဝင်ခဲ့ပါတယ်။ ဆရာမကြီးနဲ့ပတ်သက်ပြီး အမှတ်တရတစ်ခုပြောရရင် အထက(အလုံ)ကိုသွားပြီး “အ”သုံးလုံး အတွေ့အကြုံကို သွားပြောခဲ့ရတုန်းကဖြစ်ပါတယ်။ ဆရာမကြီးကိုယ်တိုင် ကားမောင်းပြီး အုပ်ထိန်းသူအဖြစ် လိုက်ပို့ပေးခဲ့တာကိုက နွေးထွေးခဲ့တဲ့ အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အင်းလျားဆောင်ရဲ့ အဆောင်နည်းပြဆရာမတွေကလည်း သဘောထားပြည့်ဝတဲ့အပြင် အင်မတန်မှချစ်စရာ ကောင်းလှပါတယ်။ ဒါကြောင့်လည်း တစ်ဆောင်လုံးရဲ့ အချစ်တော်များဖြစ်ခဲ့ကြတယ်လို့ ပြောရင်ပိုမယ် မထင်ပါ။

 

၂၀၂၀ ပြည့်နှစ်

 

ပုဂံလမ်းက စောင့်နေမယ့်သူ၊ ချစ်သူလမ်းကြားမှာ အတူတွဲလျှောက်မယ့်သူ မရှိခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ် ကျောင်းသူ၊ မြန်မာစာအထူးပြုကျောင်းသူ၊ အင်းလျားအဆောင်သူဖြစ်ခဲ့ရရုံနဲ့ကို ကျွန်မအတွက် ပြည့်စုံခဲ့ပါ တယ်။ ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ကျောင်းသူ ဖြစ်ချင်ခဲ့ တဲ့ဆန္ဒဟာ ရန်ကုန် တက္ကသိုလ် မှာပဲ ဆရာမတစ်ယောက် ဖြစ်အောင်ထိ တွန်းပို့နိုင်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါ တယ်။ အခုဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့က အသက်တစ်ရာတင်းတင်း ပြည့်ခဲ့ပါပြီ။

 

ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက အဓိပတိ လမ်းမကြီးကတော့ အရင်လိုသစ်လွင်နေဆဲဖြစ်ပါ တယ်။ ဘွဲ့နှင်းသဘင်ခန်းမကြီးကလည်း အရင်လို ဂုဏ်တင့်နေဆဲ ဖြစ်ပါတယ်။ သစ်ပုပ်ပင်ကြီးကလည်း အရင်လို ကြံ့ခိုင်နေဆဲ ဖြစ်ပါတယ်။ ဂျပ်ဆင်ကလည်း အရင်လို ကျက်သရေရှိနေ ဆဲဖြစ်ပါတယ်။

အင်းလျားဆောင်ကြီးကလည်း အရင်လို လှပနေဆဲဖြစ်ပါတယ်။ ဒီလိုအင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့ ရန်ကုန် တက္ကသိုလ်ကြီးဟာ အသက်တစ်ရာလို့ မထင်ရ လောက်အောင် နုပျိုပြီးကျက်သရေရှိလှပါတယ်။ တစ်ချိန် က ရန်ကုန်တက္ကသိုလ်မြန်မာစာအထူးပြုကျောင်းသူ၊ အင်းလျားအဆောင်သူတစ်ယောက် ဖြစ်ခဲ့ပြီး အခုအချိန် ရန်ကုန်တက္ကသိုလ်မှာ ဆရာမတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေရတဲ့အချိန်နဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်အချိန် တိုက်ဆိုင်ကြုံကြိုက်မှုဟာ ကျွန်မဘဝ အတွက် ဂုဏ်ယူစရာမှတ်တိုင် တစ်ခုလို့ဆိုချင်ပါတော့ တယ်။ ။