ကျန်းမာရေးအသိ၊ သတိဖြင့် ကူးစက်ရောဂါအန္တရာယ် ကာကွယ်နေထိုင်

 

ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပုံမှန်ဆက်လက် ဆောင်ရွက်လျက်ရှိရာတွင် ရောဂါပိုး နေ့စဉ်တွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်း၏အောက်တွင် ရောက်ရှိနေသည်မှာ လနှင့်ချီနေ ပြီဖြစ်သည်။ သို့ရာတွင် ၁ ရာခိုင်နှုန်း၏အောက်တွင် အနည်းငယ်မျှ တက်လိုက် ကျလိုက်နှင့် ဖြစ်နေခြင်းကို တွေ့နေရသည့်အတွက် ကူးစက်မှုရှိနေသေးသည်ကို တွေ့မြင်နေရခြင်းဖြစ်သည်။

 


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံလာနိုင် သည်နှင့်အမျှ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာခြင်း ဖြစ်သော်လည်း   ပြည်တွင်းပြည်ပ   ကူးသန်းသွားလာမှုများ ပြန်လည်ပြုလုပ်လာခြင်း၊ ကိုဗစ်-၁၉ တားဆီးကာကွယ်ထိန်းချုပ် ရေးအတွက် ဆောင်ရွက်ခဲ့သည့် အကန့်အသတ်များနှင့် စည်းမျဉ်း စည်းကမ်းများ  ဖြေလျှော့ပေးလာခြင်း   စသည်တို့ကြောင့်အပြင် ကိုဗစ်-၁၉ ရောဂါပိုး၏ ဗီဇပြောင်းလဲတတ်သည့် သဘောသဘာဝ ကြောင့်လည်း အချိန်မရွေး ပြန်လည်ခေါင်းထောင်လာနိုင်သည် ဟု သတိပြုကြရန် လိုအပ်သည်။

 


မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ လျော့နည်းကျဆင်းလာမှုအရ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း နှင့်စပ်လျဉ်း၍ မဖြစ်မနေတပ်ဆင်ရန် လိုအပ်သည့်အခြေအနေ အချို့မှလွဲ၍ ဖြေလျှော့ပေးထားပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့တွင်မူ  ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်မျိုးကွဲများကြောင့် ရောဂါကူးစက် မှုများ ပြန်လည်မြင့်တက်လာခြင်းနှင့်အတူ အချို့သောဖြေလျှော့ မှုများကို   ပြန်လည်ရုပ်သိမ်းကာ  ရောဂါကာကွယ်ရေးအကန့် အသတ် အတားအဆီးအချို့  ပြန်လည်ချမှတ်ဆောင်ရွက်လာကြ ရသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီး ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများသည် အခြားသောကူးစက်ရောဂါများကိုလည်း တားဆီးကာကွယ်နိုင်သည့်အတွက် ဆက်လက်ကျင့်သုံးခြင်း အားဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

 


လူထူထပ်သည့်နေရာများ၊ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေ ရသည့် အခြေအနေများ၊ အများပြည်သူသုံး မော်တော်ယာဉ်များ၊ ရထား၊ လေယာဉ်၊ သင်္ဘော စသည်တို့ဖြင့် ခရီးသွားရသည့်အခါ များတွင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာ ဖြင့် မကြာခဏ ဆေးကြောခြင်းတို့သည် ကိုဗစ်-၁၉ ရောဂါကို သာမက ရာသီတုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ဝမ်းပျက်ဝမ်းလျှောကဲ့သို့သော ရောဂါများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။  လူတို့ နေ့စဉ်ကိုင်တွယ် သုံးစွဲနေကြ သည့် ငွေစက္ကူများ၊ ဖုန်းဟန်းဆက်၊ တံခါးလက်ကိုင်၊ သောက်ရေ ခွက်နှင့် ပန်းကန် ခွက်ယောက်များ စသည်တို့တွင် ရောဂါပိုးများစွာ ကပ်ငြိနေနိုင်သည်။ ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယား စသော ရောဂါ ပိုးများ ထိတွေ့ထားသည့်လက်ဖြင့်  နှာခေါင်း၊  ပါးစပ်၊  မျက်လုံး  အနီးတစ်ဝိုက်များကို  ထိကိုင်မိပါက  အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများအပြင်  မျက်စိနာရောဂါ စသောရောဂါများ ဖြစ်ပွားနိုင်သည်။

 


နိဂုံးချုပ်အားဖြင့် ဆိုရပါက မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကျဆင်းလာသော်လည်း လုံးဝပျောက်ကွယ် သွားသည့် အခြေအနေ မဟုတ်သေးသည့်အတွက် ဆက်လက်  ဂရုပြုနေထိုင်ရန်၊ လူတစ်ဦးချင်းအနေဖြင့် မိမိတို့၏ ကိုယ်ခံအား ကောင်းမွန်ရေး၊  ကူးစက်ရောဂါများ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအသိသတိများဖြင့် နေထိုင်ကြရန် နှိုးဆော်တိုက်တွန်း အပ်ပါကြောင်း။          ။