
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ
=============================================================================================
နေပြည်တော် စက်တင်ဘာ ၁၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန် ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံများမှ ဆေးပညာ အထူးကုဆရာဝန်ကြီးများ၊ ရခိုင်ပြည်နယ်သို့ ရောက်ရှိနေ သော ဗဟိုကွင်းဆင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သီးသန့်နေထိုင်ရန်စီမံ
အစည်းအဝေးတွင် ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တွင် လူနာဆောင်များ ထပ်မံတိုးချဲ့နေမှု၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအတွက် သီးသန့်နေထိုင်ရန် အဆောက်အအုံနှင့် အဆောင်များရရှိရေး စီမံဆောင်ရွက်နေ မှုတို့အား တင်ပြခြင်း၊ လူနာများအား ကိုင်တွယ်ကုသမှု ပေးနေသည့် ကျန်းမာရေးစောင့်ရှောက်သူများသည် ရောဂါ ကူးစက်ခံရနိုင်ခြေ မြင့်မားသူများဖြစ်သဖြင့် နေအိမ်သို့ ပြန်လည်နေထိုင်ပါက နေအိမ်ရှိ အတူနေမိသားစုဝင်များ ထံ ရောဂါကူးစက်နိုင်ခြေရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက် မှုပေးသူများအတွက် သီးသန့်နေထိုင်ရန် အဆောင်နေရာ များ၊ စားသောက်ရန်နှင့် ပို့ဆောင်ရန်အစီအစဉ်များ တင်ပြ ခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အဆောင် များတွင် လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ နေထိုင်ရေး၊ စားသောက်ရေးနှင့် ပို့ဆောင်ရေးတို့အတွက် စီစဉ်ထားရှိမှု အခြေအနေများ တင်ပြခြင်း။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ရိုးမ အိမ်ရာအဆောက်အအုံများတွင် ရောဂါလက္ခဏာမရှိသူနှင့် သာမန်ရောဂါလက္ခဏာသာရှိသည့် ကိုဗစ်-၁၉ လူနာ များထားရှိရန်အတွက် စီစဉ်နေမှု၊ ကျန်းမာရေးစောင့်ရှောက် မှုပေးသူများအတွက် လုပ်ငန်းဆောင်ရွက်ရန်နေရာ (work station) နှင့် နေထိုင်ရန်နေရာတို့ပါ ထည့်သွင်းစီစဉ်နေမှုများ တင်ပြခြင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ပံ့ပိုးမှု ဖြင့် မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီနေရာတွင် ယာယီ ဆေးရုံ (hospital tent) များပြုလုပ်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ နေထိုင်ရန်အတွက် အဆောင် နေရာများ စီစဉ်ရန် အဆိုပြုတင်ပြခြင်း၊ တက္ကသိုလ်များ ဆေးရုံအား ကိုဗစ်-၁၉ လူနာများထားရှိနိုင်ရေး အခြေအနေ များတင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံများမှ အထူးကုဆရာဝန်များ ဗီဒီယိုကွန်ဖရင့်ဖြင့် ပုံမှန် ဆွေးနွေးမှုများ ပြုလုပ်နေမှုကို တင်ပြခြင်း၊ လူနာကုသရေး ဆိုင်ရာ ကုထုံးနှင့် စီမံခန့်ခွဲမှုများအား သုံးသပ်ဆန်းစစ်ခြင်း (clinical audit) နှင့် သေဆုံးလူနာများ၏ ရောဂါဖြစ်စဉ်၊ ရောဂါလက္ခဏာများနှင့် သေဆုံးရသည့်အကြောင်းအရင်း များအား သုံးသပ်ဆန်းစစ်ခြင်းများကို အပတ်စဉ် ပုံမှန် ပြုလုပ်သွားမည့် အစီအစဉ်အားတင်ပြခြင်း။
ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာများ ဆေးရုံတက်ရောက်ကုသမှုခံယူစဉ်နှင့် ကုသမှုခံယူပြီး ဆေးရုံဆင်းချိန်များတွင် ဆောင်ရွက်ပေးမည့် အစီအစဉ်၊ အဆင့်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များအား မေးမြန်းနိုင်ရန်အတွက် (patient information center) တစ်ခု ပြုလုပ်သွားလိုသည့်ကိစ္စ အဆိုပြုတင်ပြခြင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နိုင်ရေးအတွက် ဓာတ်ခွဲကျွမ်းကျင် ဝန်ထမ်းများ ထပ်မံလိုအပ်နေမှုအား တင်ပြခြင်း၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက် ခံရနိုင်ခြေများပြားသူများအား ကျပန်းစနစ်ဖြင့်ရွေးချယ်ကာ rapid test kit အသုံးပြု၍ ကိုဗစ်-၁၉ ပဋိပစ္စည်းရှိ၊ မရှိ စစ်ဆေးသွားမည့် အစီအစဉ်များတင်ပြခြင်း၊ ကိုဗစ်-၁၉ လူနာများအား ပုဂ္ဂလိကဆေးရုံများတွင် လက်ခံကုသမှုပေး နိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည့် ကိစ္စများကိုတင်ပြခြင်း၊ ကျန်းမာ ရေးဝန်ထမ်းများ၊ အထောက်အကူပြုပညာရှင်များ၊ စေတနာ့ ဝန်ထမ်းများသည် ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအား ထောက်လှမ်းရှာဖွေခြင်း၊ အသွားအလာကန့်သတ်ခြင်း၊ လူနာများအား ကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်မှု ကာလကြာမြင့် လာသည်နှင့်အမျှ စိတ်ရော၊ ကိုယ်ပါပင်ပန်းနွမ်းနယ်နေမှု များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တိုင်ပင်ဆောင်ရွက်လျက်ရှိ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန် ပြောကြားရာတွင် လက်တွေ့မြေပြင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို စေတနာ အပြည့်ဖြင့် မိမိတို့ ကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ ဆောင်ရွက်နေ ကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိလေးစားပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ (health care provider) ဆေးရုံ များ၌ အဆင်ပြေစွာ လုပ်ကိုင်နိုင်စေရေးနှင့် ၎င်းတို့သည် ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားသူများဖြစ်သဖြင့် နေအိမ် သို့ ပြန်လည်နေထိုင်ပါက နေအိမ်ရှိ အတူနေမိသားစုဝင် များထံ ရောဂါကူးစက်နိုင်ခြေရှိနေသဖြင့် နေအိမ်သို့ မပြန် လိုသူများအတွက် အဆင်ပြေစွာနေထိုင်နိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပရဟိတအလှူရှင်များ နှင့် တိုင်ပင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရာများ လည်း လျာထားပြီးဖြစ်ပါကြောင်း၊ ရောဂါပိုးတွေ့ရှိပြီး ရောဂါလက္ခဏာမရှိသော မိမိတို့ ကျန်းမာရေးဝန်ထမ်းများ အတွက်လည်း အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ရောဂါကူးစက်ခြင်းမခံရစေရေး လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များအား ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများနှင့် တိုင်ပင်၍ လိုအပ်ချက် များအား တတ်နိုင်သမျှအမြန်ဆုံး ဖြည့်ဆည်းခြင်းနှင့် ထပ်မံ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးခြင်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများကိုကုသမှု ပေးနေသည့် မိမိတို့၏ဝန်ထမ်းများအား ရောဂါမကူးစက်စေ ရေးအတွက် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးပစ္စည်း လိုအပ်ချက်များအား အသေးစိတ်ဆန်းစစ်ကာ အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထပ်မံ၍လည်း ကြိုတင်ဝယ်ယူ ဖြည့်တင်းလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ကုသရာ၌ ပုဂ္ဂလိကဆေးရုံများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပုဂ္ဂလိကဆေးရုံများမှ တာဝန် ရှိသူများနှင့် အမြန်ဆုံးဆွေးနွေးရန် ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်း များ ခြေကုန်လက်ပန်းကျပါက ကျန်းမာရေးစနစ်ကြီး တစ်ခုလုံး ပြိုလဲသွားနိုင်သည့်အတွက် ဝန်ကြီးဌာနရှိ တက္ကသိုလ် ၁၆ ခုမှ ဆရာ ဆရာမများအား လိုအပ်သလို အလှည့်ကျတာဝန်ချထားခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်ခွဲနမူနာရယူခြင်း၊ ပို့ဆောင်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ လူနာများပို့ဆောင်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့ပို့ဆောင်ခြင်း၊ ကုသမှုပေး ခြင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်ခြင်း စသည့် ကဏ္ဍများအလိုက် အဖွဲ့များဖွဲ့ကာ စောင့်ကြည့်အကဲ ဖြတ်ခြင်း၊ လိုအပ်ချက်များပံ့ပိုးခြင်းနှင့် ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို အားဖြည့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်လျက် ရှိသော လက်တွေ့မြေပြင်အခြေအနေများကို သုံးသပ်ကာ ပိုမိုထိရောက် အောင်မြင်စေရေးအတွက် ဝန်ကြီးဌာနအနေ ဖြင့် လုပ်ငန်းလမ်းညွှန်များကိုလည်း မွမ်းမံ၍ ထုတ်ပြန် လျက်ရှိပါကြောင်း။
ယခုအချိန်တွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဆောင်ရွက်၍မရဘဲ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ လိုအပ်ချက် အချို့ကို ချက်ချင်းမဖြည့်ဆည်းနိုင်ပါကလည်း သည်းခံစေ လိုပါကြောင်း၊ ဝန်ကြီးဌာနမှ တတ်နိုင်သမျှ အမြန်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍအလိုက် စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ဆောင်ရွက် နိုင်မှသာလျှင် ကပ်ရောဂါကို အချိန်တိုအတွင်း ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သဖြင့် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အစွမ်းကုန် ဆက်လက်ပံ့ပိုးမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၊ အစိုးရအဖွဲ့များ၊ နှီးနွှယ်ဌာန များနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား တာဝန်ခွဲဝေ သတ်မှတ်ခြင်းနှင့် သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ဖလှယ်ခြင်းများကို အဓိကထား ဆောင်ရွက် လျက်ရှိပါကြောင်း။
ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆိုင်ရာ အချက်အလက်များအားလုံး ကို တစ်နေရာတည်းစုစည်းမြင်နိုင်ကာ လက်ရှိအခြေအနေ ကို ဆန်းစစ်သုံးသပ်ရန်၊ လုပ်ငန်းများကို ဆန်းစစ်ရန်၊ ပံ့ပိုး ရန်နှင့် လိုအပ်သော အစီအမံနှင့် လုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲမှုသတင်းအချက် အလက်ပြ စာမျက်နှာ (dashboard) များ စတင်ပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင် အများပြည်သူ အတွက် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် လွယ်ကူစွာ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်အတွက် (dashboard) တစ်ခုကိုလည်း အမြန် ဆုံးပြုလုပ်၍ အင်တာနက်စာမျက်နှာ၌ တင်ထားမည်ဖြစ်ပါ ကြောင်း။
ဦးစားပေးပံ့ပိုးသွားမည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်လည်းကောင်း၊ ရုပ်မြင်သံကြားမှ လည်းကောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့်ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာရှုထောင့်များမှ ဆွေးနွေးပြောကြား ခဲ့သည့် လမ်းညွှန်ချက်များအနက် အရေးကြီးသည့် ကျန်းမာ ရေးကဏ္ဍဆိုင်ရာ အချက်များကို မိမိတို့ မှတ်သားထုတ်နုတ် ကာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူနာများအား ထိရောက်စွာကုသပေးနိုင်ရန် လမ်းညွှန်ချက် များကို ရေးဆွဲပေးသော ပါမောက္ခဆရာဝန်ကြီးများအား ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများ မိမိနေအိမ်သို့ မပြန်လိုပါက နေထိုင်ရန်ကိစ္စရပ် များအား ဦးစီးဆောင်ရွက်နေသည့် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်နှင့် အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်ရှိပါ ကြောင်း၊ ထပ်မံလိုအပ်သည့် ပံ့ပိုးမှုများအား ဝန်ကြီးဌာနမှ ဦးစားပေး ပံ့ပိုးပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ယနေ့အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများနှင့် ဆေးရုံများ၏ အခြားလိုအပ်ချက်များအားလုံးကို အချိန်နှင့် တစ်ပြေးညီဖြည့်ဆည်းနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ ရောဂါမကူးစက်စေရေး၊ လူနာများအား ပိုမိုထိရောက်စွာ ကုသပေးနိုင်စေရေး၊ ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့သူများ အား လျင်မြန်စွာ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းစေရေးအတွက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဆေး တက္ကသိုလ်(၁) ပါမောက္ခချုပ်နှင့် အထူးကုဆရာဝန်ကြီး များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်