ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်းဖြင့် မကူးစက်နိုင်သောရောဂါများကို ကာကွယ်ပါ

မကူးစက်နိုင်သော  ရောဂါများကြောင့်  သေဆုံးရခြင်းသည် ကူးစက်ရောဂါများထက်    ပိုမိုများပြားလျက်ရှိကြောင်း ကျန်းမာရေးပညာရှင်များက ထုတ်ဖော်ပြောကြားထားသည်။ မြန်မာနိုင်ငံတွင်  ၂၀၁၄   ခုနှစ်က  သေဆုံးသူ   ၁၀၀  လျှင် ၄၅ ဦးခန့်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ပြီး ၂၀၁၇ ခုနှစ်သို့ ရောက်သောအခါ ၅၉ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် သို့  ရောက်သောအခါ  ၇၅  ရာခိုင်နှုန်းခန့်အထိ  ရောက်ရှိလာ သည်ဟုလည်း ဆိုသည်။

 


မကူးစက်နိုင်သော  ရောဂါများဟူသည်  ကျန်းမာရေးနှင့် မညီညွတ်သော    စားသောက်မှုနှင့်   နေထိုင်မှုပုံစံများတွင် ကာလကြာမြင့်စွာ စားသောက်နေထိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေါ် လာသော    ရောဂါအစုအဝေးဖြစ်ပြီး   လူတစ်ယောက်မှ တစ်ယောက်သို့   မကူးစက်နိုင်သော  ရောဂါများဖြစ်သည်။ မကူးစက်နိုင်သော  ရောဂါများတွင်  သွေးတိုး၊ ဆီးချို သွေးချို၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ နာတာရှည် အဆုတ်ပွ၊ လေပြွန်ကျဉ်းနှင့် ပန်းနာရင်ကျပ်၊ စိတ်ကျန်းမာရေး၊ အတက်ရောဂါ၊  နားလေးရောဂါ၊  မတော်တဆဖြစ်ခြင်းနှင့် ထိခိုက်မှုအန္တရာယ်၊      ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ အရက်စွဲအန္တရာယ်၊   မူးယစ်ဆေးဝါးအန္တရာယ်၊   မြွေကိုက် အန္တရာယ်ဟူ၍   ရောဂါများနှင့်   ကျန်းမာရေးပြဿနာများ ပါဝင်သည်။ မြန်မာနိုင်ငံတွင် အဖြစ်များသော  ရောဂါလေးမျိုး မှာ  (၁)  နှလုံးသွေးကြောရောဂါ၊  (၂)  ဆီးချိုသွေးချိုရောဂါ၊ (၃)   ကင်ဆာရောဂါနှင့်   (၄)  နာတာရှည်အဆုတ်ရောဂါတို့ ဖြစ်သည်ဟု သိရသည်။

 


အထက်‌ဖော်ပြပါ မကူးစက်နိုင်သောရောဂါများ ဖြစ်ပေါ် ခံစားရသည့်  လူနာနှင့်  မိသားစုတို့တွင် နာတာရှည်ရောဂါ များအဖြစ်    ဝေဒနာခံစားရခြင်းနှင့်အတူ   ငွေကုန်ကြေးကျ များစွာကုသရသကဲ့သို့    နိုင်ငံတော်အပိုင်းကလည်း   ရောဂါ ရှာဖွေခြင်း၊    ကုသခြင်းနှင့်  အဆင့်မြင့်ရောဂါ   ရှာဖွေရေး စက်ကိရိယာများအတွက်     အသုံးစရိတ်မြောက်မြားစွာ အကုန်အကျခံနေရခြင်းဖြစ်ရာ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက် ရမည်ဖြစ်သည်။ မကူးစက်နိုင်သောရောဂါများကို ကြိုတင် ကာကွယ်နိုင်ရန်  လူတို့၏  အပြုအမူနေထိုင်စားသောက်မှု ပုံစံများကို ကျန်းမာရေးနှင့် ညီညွတ်သောပုံစံအဖြစ် ပြုပြင် ပြောင်းလဲသွားရန်  လိုအပ်သည်။  ချိုလွန်း၊ ငန်လွန်း၊ အဆီ များလွန်းသော    အစားအစာများ၊   အသင့်ထုပ်ပိုးထားသည့် အစားအစာများ၊  တိရစ္ဆာန်အဆီ၊   စားအုန်းဆီ၊  ကွမ်းနှင့် ဆေးရွက်ကြီးစားသုံးမှုများကို ရှောင်ကြဉ်ခြင်း၊ အမျှင်ဓာတ် ပါသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများ စားသုံးခြင်း၊  မိမိနှင့်ကိုက်ညီသည့်  ကိုယ်ကာယလှုပ်ရှားမှု လေ့ကျင့်ခန်းကို   နေ့စဉ်   မိနစ်  ၃၀  ခန့်  ပုံမှန်ပြုလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားဆေးငုံခြင်း၊ အရက်အလွန် အကျွံသောက်ခြင်းတို့ကို    ရှောင်ကြဉ်ခြင်း၊   ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းခြင်း၊ နေ့စဉ် ရေ(၂)လီတာ (ရေသန့် နှစ်ဘူး)ခန့် သောက်ခြင်း၊ စိတ်သောကနည်းပါးစွာ နေထိုင် ခြင်းတို့ကို ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံအဖြစ် ကျန်းမာရေးပညာရှင်များက အကြံပြုထားပြီး အသက်(၄၀)နှစ် ကျော်လာပါက ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါတို့ ဖြစ်ပွား နေမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးရန်လည်း တိုက်တွန်းထားသည်။

 


မကူးစက်နိုင်သောရောဂါများကို    အသံတိတ်လူသတ် သမား (Silent Killer) ဟု  ခေါ်ကြသည်။  ခန္ဓာကိုယ်အတွင်း မည်သည့်အချိန်က ရောက်နေသည်ကိုမသိ၊ လက္ခဏာမပြဘဲ နာတာရှည်ရောဂါအဖြစ်   တဖြည်းဖြည်း   ဒုက္ခပေးနေခြင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၃၈ သန်းခန့် သေဆုံးနေကြ ရသည်။   ထို့အပြင်   မကူးစက်နိုင်သော   ရောဂါများသည် အရွယ်မတိုင်မီ သေဆုံးနိုင်သည့် ရောဂါများလည်း ဖြစ်သည့် အလျောက်  ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက် မှုပုံစံများကို လူတိုင်းကိုယ်စီ ကျင့်သုံးကာ ရောဂါဘယဟူသမျှ ကြိုတင်ကာကွယ်နိုင်ကြပါစေကြောင်း။      ။