
ဆောင်းပါး
=======
ကျန်းမာသက်ရှည်ဖို့ အငန်လျှော့စားစို့
=============================
ဒေါက်တာသိန်းဆွေ
(ပြည်သူ့ကျန်းမာ)
ကမ္ဘာကြီး၏တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ သဘာဝပတ်ဝန်း ကျင် ပျက်ယွင်းခြင်းတို့ကြောင့် လူသားတို့နှင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့အပေါင်းတို့အပေါ် လွှမ်းမိုး သက်ရောက်မှုများရှိလာပြီး ရောဂါဘေး၊ သဘာဝဘေးတို့ နှင့်အတူ လူတို့၏လောဘ၊ မာနတို့ကြောင့် မငြိမ်းချမ်း သောဘဝများဖြင့် အသက်ရှင်သန်နိုင်ရေးအတွက် ကြီးမားစွာ အားထုတ်ကြိုးပမ်းနေကြရသည်သာ ဖြစ်ပါ၏။ ထိုသို့သော ရင်ဆိုင်ဖြေရှင်းရသော ကြီးမား သော စိန်ခေါ်မှုများအတွက် လူသားတို့၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာ ခိုင်မာတောင့်တင်း စွာဖြင့် အများနှင့်အတူ သဟဇာတဖြစ်ရေးအတွက် အားထုတ်ကြိုးပမ်းကြရမြဲလည်း ဖြစ်ပါပေသည်။
ယနေ့ လူသားကမ္ဘာ၏ကျန်းမာရေးစိန်ခေါ်မှုများမှာ အလွန်ပင်များပြားလှပါသည်။ ဖြစ်မြဲဖြစ်ဆဲ ကူးစက် ရောဂါများကို ကာကွယ်နှိမ်နင်းနေစဉ်မှာပင် လူတို့၏ အပြုအမူ အနေအထိုင်၊ အစားအသောက်၊ ဓလေ့၊ ယုံကြည် မှု စသည်တို့ကြောင့် ကျန်းမာရေးနှင့်မညီညွတ်သော လူနေ မှုဟန်ပန်များကြောင့် မကူးစက်နိုင်သော ရောဂါများကို တစ်ပြိုင်တည်း ဖိစီးခံစားနေရသော (Double Burden of Disease) အချိန်အခါပင်ဖြစ်ပါ၏။ ထိုကဲ့သို့ ဖိစီးမှုဒဏ် နှစ်ဆခံစားနေရချိန်မှာပင် ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ကဲ့သို့သောရောဂါဆိုးကို ကြိုးစားတုံ့ပြန်နေရ ဆဲလည်းဖြစ်ပေသည်။ ထိုကဲ့သို့ အရေးပေါ်ပြဿနာများကို အလေးပေးဆောင်ရွက်နေရသော်လည်း ရောဂါဒဏ် ပိုမိုခံစားရသော၊ အစဉ်မသင့်လျှင် အသက်ပင်ဆုံးနိုင်သော ယှဉ်တွဲရောဂါများဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ကြရပြန်ပါသည်။
၁။ မြန်မာနိုင်ငံ၏ မကူးစက်နိုင်သောရောဂါများ အခြေအနေ
မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုသည် ကူးစက်သောရောဂါများထက်ပင် များနေကြောင်း လေ့လာတွေ့ရှိရပါသည်။ မကူးစက်နိုင်သောရောဂါများ သည် ကူးစက်တတ်သောရောဂါများကဲ့သို့ တစ်ဦး မှတစ်ဦး ကူးစက်ခြင်းမဟုတ်ဘဲ တစ်ဦးချင်း၏အမူ အကျင့်၊ နေထိုင်စားသောက်ပုံစံများကြောင့် ရောဂါ ရရှိစေပြီး ကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်သောရောဂါ မဟုတ်သည့်အတွက် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် လူ့အပြုအမူ၊ နေထိုင်မှုပုံစံများကို ပြောင်းလဲအောင် ဆောင်ရွက်ကြရသောကြောင့် ကာလ ရှည်ကြာစွာ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အလေးထားလျက် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါသည်။ တစ်ကမ္ဘာလုံး၏ လူဦးရေသန်းပေါင်း ၄၁ သန်းသည် အဆိုပါမကူးစက်နိုင်သောရောဂါ အမျိုးမျိုးတို့ကြောင့် သေဆုံးနေကြရပါသည်။ တစ်နည်း ဆိုသော် သေဆုံးသူ စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းခန့် သေဆုံးနေကြရခြင်းပင် ဖြစ်ပါ၏။
မိမိတို့ မြန်မာနိုင်ငံ၏အခြေအနေကို လေ့လာကြည့် မည်ဆိုပါက ၂၀၁၂ ခုနှစ် ကောက်ယူသော စာရင်းဇယား များအရ သေဆုံးသူများ၏ ၅၉ ရာခိုင်နှုန်းသည် ဤမကူးစက် နိုင်သောရောဂါများကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် တစ်နေ့တခြား လူအများ၏ ကျန်းမာရေးကို စိန်ခေါ်မှု ပြင်းထန်လာနေသော ဖော်ပြပါ မကူးစက်တတ် သောရောဂါများ ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်အစိုးရ၏ ကျန်းမာရေးဆိုင်ရာ ကုသစရိတ်၊ ကုသရေး အထောက်အကူ ပစ္စည်းများ၊ စက်ကိရိယာများနှင့် ဆေးဝါးများအတွက် ကုန်ကျစရိတ်များကို လျော့နည်းစေနိုင်မည်ဖြစ်ပါ၏။ ထိုကဲ့သို့ အလေးပေးဆောင်ရွက်ခြင်းမပြုနိုင်ပါက ကျန်းမာ ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသော ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များထက် အဆိုပါရောဂါများကို ကုသပေး ရသော စရိတ်ကုန်ကျမှုများ ပိုမိုကုန်ကျသည့်အတွက် အခြားသော လုပ်ငန်းများဆောင်ရွက်ရန်ပင် အခက်အခဲ တွေ့နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုကဲ့သို့ မကူးစက်နိုင် သောရောဂါများဖြစ်ရခြင်းသည် အန္တရာယ်အပြုအမူ (Risk Behavior)များဖြစ်သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှု၊ အစားအသောက် စနစ်တကျ စားသုံးမှု မရှိခြင်း၊ အန္တရာယ်ပြွမ်းသော ရောနှောပစ္စည်းများဖြစ်သည့် ဆီ၊ ဓာတုပစ္စည်းများပါဝင်သော အစားအသောက်များ စားသုံးခြင်း၊ အမြန်ရသောအစားအစာများ(fast food)များ စားသုံးခြင်းနှင့်အတူ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းများ ကြောင့်ဖြစ်သည်ကို လူအများ သိရှိနားလည်ကြသော်လည်း လိုက်နာမှုအားနည်းခြင်းသည် အဓိကအချက်ပင်ဖြစ်ပါသည်။
၂။ ခက်ခဲသောယှဉ်ပြိုင်မှုများ
ဖော်ပြပါ မကူးစက်နိုင်သောရောဂါများသည် တကယ်တမ်းတော့ ပြုပြင်၊ ကာကွယ်၊ တားဆီးနိုင်သော ရောဂါများပင်ဖြစ်ပါ၏။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာမာဂရက်ချမ်း(Dr.Margreat Chan, DG, WHO)၏ ပြောကြားသော မှတ်ချက် အား ဖော်ပြလိုပါ၏။ (Efforts to prevent Non-Communicable diseases go against the business interest of powerful economic factors) အင်အား တောင့်တင်းသော၊ အာဏာရှိသော စွမ်းအားရှင်တို့၏ စီးပွားရေး စိတ်ဝင်စားကြိုးပမ်းမှုများကို ဆန့်ကျင်လျက် မကူးစက်နိုင်သောရောဂါများကို ကြိုးပမ်းအားထုတ်ကာ ကာကွယ်ကြရမည်ဟူ၍ ပြောကြားခဲ့ပါသည်။ ဟုတ်ပါ သည်။ မကူးစက်နိုင်သောရောဂါများ ဖြစ်ရခြင်းသည် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ ထုတ်လုပ်သော စီးပွားရေးလုပ်ငန်းရှင်များ၊ အချိုရည်နှင့် အမြန်စားသောက် နိုင်သော စားသောက်ကုန် ထုတ်လုပ်သောလုပ်ငန်းရှင်များ ၏ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရရှိရေးကို ဦးတည်ချက် ထားလွန်းပြီး လူအများ၏ ကျန်းမာရေးဆိုးကျိုးများအတွက် အလေးထားမှု၊ ရှုမြင်မှု အားနည်းလွန်းခြင်းများကြောင့် တစ်ဖက်က ပညာပေးရေးအစီအမံများကို ဆောင်ရွက်နေစဉ် မှာပင် သုံးစွဲသူများ၊ အထူးဖြင့် လူငယ်လူရွယ်တို့အား စိတ်ဝင် စားဖွယ်၊ စွဲမက်စေသော၊ လှပသောပစ္စည်းအသစ်ပုံစံများ ဖြင့် ဆွဲဆောင်လျက်ရှိနေသည်ကိုလည်း ယနေ့ကမ္ဘာ တစ်ဝန်းတွင် တွေ့မြင်နိုင်ကြမည်ဖြစ်ပါ၏။ ထို့ကြောင့် ကျန်းမာရေးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်ရန် မစွမ်းသာပါ။ နှီးနွှယ်ဆက်စပ်သော ဌာနပေါင်းစုံဖြင့် ကန့်သတ်မှု၊ ထိန်းချုပ် မှုများကို ဆောင်ရွက်ကြရပေဦးမည်ဖြစ်ပါ၏။ စီမံခန့်ခွဲမှု စနစ်ကောင်းများဖြစ်သည့် ဥပဒေဖြင့် တားမြစ်ခြင်း၊ အခွန် အကောက် တိုးမြှင့်ကောက်ယူခြင်း၊ တရားမဝင် ပြည်တွင်း သို့ မှောင်ခိုသွင်းယူလာသော စီးကရက်၊ ဆေးရွက်ကြီးထွက် ပစ္စည်းများနှင့်အတူ ဆေးရွက်ကြီးပါဝင်သော (နီကိုတင်း ဓာတ်) ဆေးလိပ်အတုပစ္စည်းများ၊ သကြားဓာတ် အချိုများ သော အစားအသောက်များ၊ ယမကာအရက်ပစ္စည်းအမျိုးမျိုး စသော လူသုံးကုန်ပစ္စည်းများကို ကျန်းမာရေးရှုထောင့် အသွယ်သွယ်မှ အမြော်အမြင်ကြီးစွာ တွေးတောနိုင်မှသာ လျှင် ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် ခက်ခဲစွာ ယှဉ်ပြိုင် ရသည့် ကစားပွဲပမာပင်ဖြစ်ပါကြောင်း ဖော်ပြလိုပါသည်။
၃။ အသံတိတ်လူသတ်သမားတို့အား သတိထား
မကူးစက်နိုင်သောရောဂါများသည် လတ်တလော သိသာခံစားရသော ရောဂါများမဟုတ်ပါ။ ကူးစက်တတ် သော ရောဂါအမျိုးမျိုးတို့၏သဘောမှာ ရောဂါပျိုးချိန် အတို အရှည်ကိုလိုက်၍ ရောဂါလက္ခဏာ ပေါ်တတ်သည့်အတွက် ရောဂါအမည်တပ်ရန် လွယ်ကူခြင်း၊ ကုစရာကုထုံးမှာလည်း အများစုသော ကူးစက်ရောဂါများအတွက် ရှိပြီးဖြစ်ခြင်းတို့ ကြောင့် လက္ခဏာပေါ်သည်နှင့် စောစောသိ၊ စောစောကုသ ခြင်းဖြင့် ရောဂါကို ကာကွယ်ကုသနိုင်ပါသည်။ တချို့သော ရောဂါလက္ခဏာမပြသော၊ ပိုးသယ်သူများအဖြစ် လူထု အတွင်းရှိနေပြီး ကူးစက်နိုင်သော အစုအဖွဲ့သောရောဂါ အနည်းငယ်မှအပ ကျန်သောကူးစက်ရောဂါများသည် စောစောသိနိုင်ကြသည်သာဖြစ်ပါ၏။
သို့သော် ဖော်ပြပါ မကူးစက်နိုင်သောရောဂါများဖြစ် သည့် ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောနှင့် နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စသည်တို့သည် ကာလတစ်ခု အချိန်ယူပြီးမှ ရောဂါ လက္ခဏာပေါ်လွင်လာမှုတို့ကြောင့် ကုသမှုနှောင့်နှေးရ သည်က များပါသည်။ ထို့ပြင် ရောဂါဖြစ်ပြီး သက်ဆုံးတိုင် ကုသမှုခံယူရ၍ ကာလကြာရှည်စွာ ဆေးဝါးမှီဝဲရလေ့ ရှိသည့်အတွက် စီးပွားရေး၊ လူမှုရေးတို့အား အထူးပင် ထိခိုက်စေပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ ဆင်းရဲမှု လျော့နည်းရေးအစီအမံများကိုပင် ထိခိုက်စေခြင်း၏ အကြောင်းရင်းတစ်ရပ်ပမာဖြစ်သည့်အတွက် နိုင်ငံရေး အမြင်၊ စီးပွားရေးအမြင်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အမြင်များဖြင့် အလေးထားဆောင်ရွက်ကြရမည်လည်း ဖြစ်ပါ၏။ ထို့ကြောင့် သတိမပြု၊ မသိလိုက်ခင်ပင် အသက် ဆုံးရှုံးရခြင်းများကြောင့် အသံတိတ်လူသတ်သမားပမာဟု တင်စားပြောဆိုကြခြင်းပင် ဖြစ်ပါသည်။
၄။ လူတိုင်းကျန်းမာဖို့ အငန်ကိုရှောင်စို့
သွေးတိုးရောဂါသည် အထက်တွင်ဖော်ပြခဲ့သော အသံတိတ်လူသတ်သမားပင် ဖြစ်ပါသည်။ အများစုသော သူတို့သည် မိမိ၏ အိမ်နီးချင်းများအတွင်း၊ မိမိ၏မိသားစုများ အတွင်း၌ပင် “မူး မူးသည်” ဆိုပြီး ရုတ်တရက် သေဆုံးသွား သည်များ၊ ညဦးပိုင်းကောင်းမွန်စွာ အိပ်ရာဝင်ပြီး နံနက် အိပ်ရာအထတွင် သွားခေါ်သည့်အခါ အသက်မရှိတော့ဘဲ ရုတ်တရက်သေဆုံးမှုများ၊ ထိုင်နေရင်း ပါးရွဲ့သွားခြင်း၊ ကိုယ်တစ်ပိုင်းလေဖြန်းသွားခြင်း စသည့်အဖြစ်မျိုးများတို့ သည်လည်း ကြုံဖူးကြမည်သာဖြစ်ပါ၏။ ထိုသို့ ဖြစ်ရခြင်း သည် သွေးတိုးရောဂါကို မသိလိုက်၍၊ မကုသခဲ့ရ၍ ကုသ သော်လည်း မှန်မှန်သွေးပေါင်တိုင်း၊ သတ်မှတ်ပေးထားသော သွေးကျဆေးကို အချိန်မှန်၊ အချိုးအစားမှန် မသောက်ကြ သောကြောင့် ဖြစ်ကြရသည်ဟု သုံးသပ်ရမည်ဖြစ်ပါ၏။ သွေးတိုးရောဂါဖြစ်ရခြင်းအကြောင်းရင်း များစွာရှိပါသည်။
(က) မိသားစုအတွင်း သွေးတိုးရောဂါရှိခြင်း
(ခ) အဝလွန်ခြင်း
(ဂ) အသက်အရွယ်အားဖြင့် ကြီးသူများ
(ဃ) ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ (ကွမ်းယာ)သုံးစွဲသူများ
(င) အရက်ယမကာ အလွန်အကျွံသောက်သူများ
(စ) ငါးပိ၊ ငါးခြောက် အခြားသော အငန်ကဲသော အစားအသောက်များကို ကြာရှည်စွာ စားသုံး ခြင်း၊ စားသုံးလေ့ရှိသူများ
(ဆ) စိတ်လှုပ်ရှားလွယ်ခြင်း၊ ဒေါသကြီးခြင်း
အထက်ဖော်ပြပါအကြောင်းများအနက် “ငါးပိ၊ ငါးခြောက်နှင့် အခြားအငန်များကို ကြိုက်နှစ်သက်ကြသူ များမှအပ ကျန်သောအကြောင်းအရာများသည် သိသာ ထင်ရှားဖွယ် တွေ့ရှိနိုင်ပါသည်။ ငါးပိ၊ ငါးခြောက်နှင့် အငန်ကဲထားသောအစားအသောက်များမှာ မြန်မာနိုင်ငံ ၏ တောရွာဒေသ၊ မြို့ပြနေအများစုတို့၏ မသိမသာ၊ ပုံမှန်ဓလေ့သဖွယ် စားသောက်နေထိုင်ကြသောကြောင့် သတိမထားကြခြင်းများကို တွေ့ရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာတို့၏ ထမင်းဝိုင်းတွင် အတို့အမြှုပ် နှင့်အတူ ငါးပိရည်ကျိုမွှေးမွှေးလေးတို့ကို မြင်ရသည်နှင့် တံတွေးမျိုချမိသည်အထိ မက်မောဖွယ်ရာသော အစား အသောက်ပင်ဖြစ်ပါ၏။ ထို့ပြင် ငါးရံ့ခြောက်မီးဖုတ်၊ ဆီနိုင်နိုင်ဆမ်းထားသော ပန်းကန်ကိုတွေ့သည်နှင့် လှမ်းယူပြီး မြည်းကြည့်မိသည်သာဖြစ်ပါ၏။ ထမင်းဝိုင်း ကို ထိုင်ကြပြီဆိုသည်နှင့် အသားငါးပန်းကန်တို့အား ခပ်ယူသည်ထက် ငါးပိရည်၊ ငါးခြောက်ဖုတ်က ဇွန်းကိုယူ ပြီး ထမင်းပေါ်လောင်းထည့်ကြသည်သာဖြစ်ပါ၏။ ဆိုလို သည်မှာ မြန်မာမှု စားသောက်မှုဓလေ့ပုံစံတွင် ငါးပိရည်၊ တို့စရာ၊ ငံပြာရည်ချက်၊ ငါးခြောက်ဖုတ် ဆီဆမ်းတို့သည် မပါမဖြစ်သော စားသောက်စရာများပင်ဖြစ်ပါသည်။ ယခု ခေတ်ကာလတွင်မူ အငန်ကဲသော အမြန်စားသုံးစရာများ ဖြစ်သည့် အကြော်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲထုပ်များ၊ ကြာဆံထုပ်များ စသည်တို့နှင့်အတူ ငံပြာရည်ကြော်၊ ငါးခြောက်ကြော်တို့သည် လွယ်လွယ်ကူကူ ဝယ်ရနိုင် ခြင်းနှင့်အတူ ချက်ရေးပြုတ်ရေး အချိန်မပေးနိုင်ကြသည့် လူငယ်လူရွယ်၊ အလုပ်သမားဝန်ထမ်းတို့အတွက် အလွယ်စားသောပစ္စည်းများအဖြစ် တွင်ကျယ်နေသည် ကိုလည်း တွေ့ရှိကြရမည်ဖြစ်ပါသည်။
စားပွဲတင်ဆား (၅)ဂရမ်ထက်ပို၍ နေ့စဉ် စားသောက်ခြင်းဖြင့် နှလုံးရောဂါကိုဖြစ်စေနိုင်ခြင်း၊ လေဖြတ်နိုင်ခြင်းကို ဖြစ်စေနိုင်ကြောင်း ပညာရှင်များက ဆိုပါသည်။ ထို့ကြောင့် အိမ်သုံးဆားများအား လိုသည် ထက်ပို၍ စားသုံးခြင်းသည် သွေးတိုးရောဂါဖြစ်ရခြင်း၏ အဓိကကျသော အန္တရာယ်အပြုအမူ ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ၄ ဒသမ ၁ သန်းသော လူပုဂ္ဂိုလ်တို့သေဆုံးမှုသည် ဆား စားသုံးမှုများခြင်းနှင့် ဆက်နွှယ်နေကြောင်း ဖော်ထုတ်ထားပါသည်။ ထို့ကြောင့် မိမိတို့ စားသုံးသော အစားအစာများတွင် ဆားပါဝင်မှု အနည်းအများကို သတိကြီးစွာထား၍ စားသုံးသင့် ကြောင်း အကြံပြုထားပါသည်။ အိမ်သုံးဆားသည် ဆိုဒီယမ်ကလိုရိုက် (Sodium Chloride) ပါဝင်သော ကြောင့် အဆိုပါဆိုဒီယမ်သည် သွေးတိုးခြင်းကိုဖြစ်စေ နိုင်ပြီး လိုသည်ထက် ပိုမိုစားသုံးကြလျှင် မည်သည့် အသက်အပိုင်းအခြား လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ သွေးတိုးရောဂါရနိုင်ပါသည်။ ထို့ကြောင့် တစ်နေ့တာ ဆားသုံးစွဲမှုမှာ (၅) ဂရမ်ထက် မကျော်ရန်နှင့် ဖြစ်နိုင်ပါက (၂)ဂရမ်အောက် လျော့နည်းစားသုံးသင့်ပါသည်။ ထို့ကြောင့် ဆား စားသုံးမှုများလျှင် သွေးတိုးရောဂါကိုရစေ ပြီး နှလုံးကို ထိခိုက်ခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် ငယ်ရွယ်သူများပင် သေဆုံးနိုင်သောရောဂါဖြစ်သော ကြောင့် သွေးတိုးရောဂါသည် “အသံတိတ် လူသတ်သမား (Silent Killer)” ဟူ၍ တင်စားခေါ်ဆိုခြင်းပင်ဖြစ်ပါ၏။
၅။ လူတိုင်းသက်ရှည်ကျန်းမာဖို့ အငန်လျှော့စားစို့ နည်းလမ်းများ
(က) အငန်ကဲသော၊ ဆားပါသော (ဆိုဒီယမ်) ပါသော အစားအသောက်အမျိုးအစားများကို မစားမိစေရေးအတွက် မည်သည့်အစားအစာ သည် အငန်(ဆား)ပိုပါသည်ကို စူးစမ်း ဖော်ထုတ်လျက် သတိပြုရှောင်ရှား စားသောက်ခြင်း၊
(ခ) အားလူးကြော်အပါအဝင် အခြားသော အလွတ်၊ အပျင်းပြေစားသော အငန်ကဲသော အစားအသောက်များကို မစားသောက်ခြင်း၊
(ဂ) အစားအသောက်များ ချက်ပြုတ်ပြင်ဆင်ရာ တွင် အငန်လျှော့ ချက်ပြုတ်စားသုံးခြင်း၊
(ဃ) စားပွဲတင်ဆားပုလင်းများ စားသောက်စားပွဲ တွင် မထားခြင်း၊ ငံပြာရည်ဖျော်၊ ငါးပိရည် စသည်တို့ကို ဖြစ်နိုင်သမျှ စားသောက်စရာ များ ပြင်ဆင်ရာတွင် မပါဝင်စေခြင်း၊
(င) ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသော ဟင်းသီး ဟင်းရွက်များ၊ အသီးအနှံများကို ပိုမို စားသောက်ခြင်း၊
(စ) ချက်ပြုတ်ရာတွင် ဆား၊ အငန်လျှော့ချက်ပြီး သဘာဝအမွှေးအကြိုင်၊ အစပ် စသည်တို့ကို အစားထိုး၍ အနံ့အရသာနှင့် ပြည့်စုံသော ဟင်းများကို ဖန်တီးချက်ပြုတ်ခြင်း၊ အချိုမှုန့်၊ ဟင်းခပ်မှုန့်များကို မသုံးစွဲခြင်း၊
(ဆ) ဖြစ်နိုင်ပါက စားသောက်ကုန်ပစ္စည်းများ၊ အသင့်စားသုံးနိုင်သော အလွယ်ရစားသုံး ပစ္စည်းများ ဝယ်ယူရာတွင် ဆိုဒီယမ်ပါဝင်မှု ကို အလေးထား၍ ဝယ်ယူခြင်းကို လေ့ကျင့် ဝယ်ယူကြခြင်း။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါ အခံရှိသူတို့သည် အိမ်အတွင်း၌ နေထိုင်နေကြပါသည်။ တချို့မိသားစုများအနေဖြင့် အပြင်ထွက်၍ ဟင်းစား၊ သားငါး စသည်တို့ ထွက်ဝယ်ရန် အခက်အခဲရှိသော ကြောင့် မိမိအိမ်တွင်ဆောင်ထားသော ငါးခြောက်၊ ငါးပိ ကောင် စသည်တို့ကို အဆင်ပြေသလို ချက်ပြုတ်စားသုံး နေကြရခြင်း၊ တချို့သည်လည်း အလွယ်စားသုံးနိုင်သော အသင့်စားများကို ပိုမိုစားသုံးမိကြခြင်းများကြောင့် ယခု ကာလကဲ့သို့ အချိန်ကြာလာသည်နှင့်အမျှ ကျန်းမာရေး ထိခိုက်လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်ပါ၏။ ထို့အပြင် မိမိတို့ပြသနေသော ဆေးခန်း၊ ဆရာဝန်တို့နှင့် ပြသရန် အခက်အခဲရှိလာခြင်း၊ သောက်လက်စဆေး၊ သွေးချိန်ခြင်း၊ ဆီးချိုစစ်ရန် ကိရိယာမရှိခြင်းကြောင့် မတိုင်းနိုင်၊ မစစ်ဆေးနိုင်ခြင်းများကြောင့် သွေးတိုးနေ ခြင်း၊ သွေးတွင်း သကြားဓာတ်များနေခြင်း စသော ရောဂါ ထိန်းချုပ်မှုများ ပျက်ယွင်းနိုင်သည်ကို အထူးသတိပြုရ မည်ဖြစ်ပေသည်။ ထိုသို့သော နာတာရှည်ရောဂါဝေဒနာ ရှင်တို့အတွက် လက်လှမ်းမီသော စောင့်ရှောက်မှုများ ကိုလည်း အလေးပေးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း အကြံပြုအပ်ပါသည်။
လူတိုင်းကျန်းမာသက်ရှည်သောဘဝများကို ပိုင်ဆိုင် နိုင်ရေးအတွက် ကျန်းမာခြင်းနှင့် ပြည့်စုံသော စားသောက် မှုပုံစံ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ငန်းစဉ်များကို ပုံမှန်စနစ်တကျ ဆောင်ရွက် ခြင်း၊ မိမိတို့စားသောက်မည့် အစားအစာတို့တွင် အငန်ကဲ ခြင်း(ဆားပါဝင်မှု)ကို အလေးထား၍ စိစစ်ခြင်း အလေ့အကျင့်များကို လေ့ကျင့်ပျိုးထောင်ခြင်းနှင့်အတူ ကိုယ်တိုင်ကျင့် တစ်ဆင့်ပွားရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု အကြံပြုတိုက်တွန်းရေးသား လိုက်ရပါသည်။
လူတိုင်းလူတိုင်းရောဂါဘေးမှ ကင်းဝေး၍ ကျန်းမာ သောဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။
ကိုးကား- WHO Myanmar, Newsletter (September- December 2020)
- Log in to post comments