ကျွန်မတို့ခေတ်က တက္ကသိုလ်ဝန်းကျင်ကဗျာများ

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=======================

 

ကျွန်မတို့ခေတ်က တက္ကသိုလ်ဝန်းကျင်ကဗျာများ

============================

 

စုစုနွယ်

 

ကျွန်မ ရန်ကုန်တက္ကသိုလ်ကို ၁၉၆၆ ခုနှစ်မှာ စတင် ရောက်ပါသည်။ နယ်ကောလိပ်မှာ ဒုတိယနှစ်အောင်ပြီးမှ တတိယနှစ်ကျောင်းသူအဖြစ် ရောက်ရှိခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍ ဘွဲ့ရအလုပ်ဝင်ပြီး ၂၀၀၆ ခုနှစ် အငြိမ်းစား ယူပြီးသော်လည်း ပါရဂူတန်းများ စာပြခြင်း၊ ပါရဂူ ကျမ်းများ ကြီးကြပ်ခြင်း၊ ကျမ်းစစ်ဆေးခြင်းများဖြင့် ယနေ့တိုင် ရန်ကုန်တက္ကသိုလ်အရိပ် ခိုလှုံနေဆဲ ဖြစ်ပါသည်။

 

၁၉၃၄ ခုနှစ်တွင် ပေါ်ထွက်လာသည့် ခေတ်စမ်း ကဗျာစာအုပ်သည် တစုတစည်းတည်း တွေ့ရသည့် တက္ကသိုလ်ဝန်းကျင်ကဗျာများထဲတွင် အစောဆုံးဖြစ်ဖွယ် ရှိပါသည်။ ထို့ပြင် အဆောင်လိုက်ထုတ်သည့် လက်ရေး စာစောင်၊ နံရံကပ်စာစောင်များမှစ၍ ဂန္ထလောကမဂ္ဂဇင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းတိုက်မဂ္ဂဇင်း၊ တ.က.သ ၏ အသံဖြစ်သော အိုးဝေမဂ္ဂဇင်း စသည်တို့ အစဉ်အဆက် ပေါ်ထွက်ခဲ့သည်။ ယင်းတို့သည် တက္ကသိုလ်ဝန်းကျင် ကဗျာများ ပေါ်ပေါက်ရာ အထောက်အကူများဖြစ်ပါသည်။

 

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ရန်ကုန် တက္ကသိုလ်ကလောင်အသင်း (၁၉၅၄)၊ မန်းတက္ကသိုလ် ကလောင်အသင်း(၁၉၅၅)၊ တက္ကသိုလ်ကဗျာဆရာအသင်း (၁၉၆၂) စသည့် စာပေအသင်းအဖွဲ့များ ပေါ်ပေါက်သော အခါ ကဗျာသမားများ ပို၍စုစည်းမိလာပါသည်။ ထို့ကြောင့် စစ်မုန်းသူကဗျာများ(၁၉၆၁)၊ မြကျွန်းသာ ကဗျာများ(၁၉၆၂)၊ ပိတောက်လမ်းကဗျာများ(၁၉၆၂)၊ ရင်ပြင်နီကဗျာများ(၁၉၆၂) စသည်ဖြင့် ကဗျာစာအုပ် မြောက်မြားစွာ ပေါ်ထွက်လာပါသည်။ ဤသို့ဖြင့် ခေတ်အဆက်ဆက်တွင် တက္ကသိုလ်ပရဝဏ်အတွင်းမှ ကဗျာသမားလူငယ်များသည် မိမိတို့ အတွေ့အကြုံအရ ပေါ်ပေါက်လာသော ခံစားမှုများကို ကဗျာရေးဖွဲ့လာကြပါ သည်။

 

၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်၌ အပြောင်းအလဲကြုံရ ပါသည်။ စနစ်သစ်ပညာရေးအရ တက္ကသိုလ်များ ခွဲထုတ် လိုက်သောအခါ တက္ကသိုလ်ဝန်းကျင်သည် ပိုပြီးကျယ်ပြန့် သွားပါသည်။ ကဗျာများကို ရွေးချယ်သောအခါ စနစ်သစ် ပညာရေးစတင်သည့် ၁၉၆၄ ခုနှစ်မှ ကဗျာစာအုပ်များ လှိုင်လှိုင်ထွက်ပေါ်သော ၁၉၇၀ ပြည့်နှစ်အတွင်းက ကဗျာများကို ရွေးချယ်တင်ပြလိုပါသည်။ တက္ကသိုလ် အသီးသီးက ထုတ်ဝေသော မဂ္ဂဇင်းများတွင် ဝေဝေ ဆာဆာပါလေ့ရှိသော ကဗျာများသာမက လုံးချင်း ကဗျာစာအုပ်များလည်း အတော်များများပေါ်ထွက်လာ သည်ကို တွေ့ရပါသည်။

 

ပုံစံအားဖြင့် မောင်ပန်းမွှေး၏ “နေလိုလလို”၊ မောင်ယဉ်ချော၏ “ကြာဆစ်ကြိုး” စသည်တို့ကဲ့သို့ တစ်ဦးချင်းထုတ်သည့် ကဗျာစာအုပ်များ “နွေဦးအဖွင့်”၊ “မွန်းတည့်နေရိပ်” တို့ကဲ့သို့ ဝါသနာတူများ စုထုတ်သည့် ကဗျာစာအုပ်များ၊ “မြက်ခင်းစိမ်း” ၊ “မြရွက်လှေ” တို့ကဲ့သို့ အတန်းသူများစုထုတ်သည့် ကဗျာစာအုပ်များ “မြဝါးရုံ”၊ “ငွေကြယ်ကျွန်း” စသည့် အသင်းလိုက်ထုတ်သည့် ကဗျာ စာအုပ်များ၊ “အရှေ့ရိုးမ”၊ “ရိုးလှသန္တာ” တို့ကဲ့သို့ လူမျိုးစု အလိုက် စုထုတ်သည့် ကဗျာစာအုပ်များ၊ တက္ကသိုလ် နှစ် ၅၀ အကြိုအဖြစ်ထုတ်သည့် “သူကပေးတဲ့ ပန်းလင်္ကာ”၊ “ကံ့ကော်လေသင်း” တို့ကဲ့သို့ အခြေအနေတစ်ခုကို အကြောင်းပြုထုတ်သည့် ကဗျာစာအုပ်များကို တွေ့နိုင်ပါ သည်။

 

တက္ကသိုလ်ကဗျာများကို ရေးဖွဲ့သူများတွင် တက္ကသိုလ်နှင့် မကင်းရာမကင်းကြောင်းဖြစ်သော ဆရာ များ၊ အမှုထမ်းများ စသူတို့ အတန်အသင့်ပါဝင်သော်လည်း အများစုမှာ ကျောင်းသားများပင် ဖြစ်ပါသည်။ ပျိုမျစ် တက်ကြွသော တက္ကသိုလ်ကျောင်းသားများအနေဖြင့် အချစ်အားသန်ချိန်ဖြစ်သည့်အလျောက် အချစ်အကြိုက်၊ အလွမ်းအဆွေးကဗျာများ ဝေဝေဆာဆာ တွေ့ရပါသည်။ တက္ကသိုလ်နှင့် အချစ်ကိစ္စ ဆက်စပ်သောအခါ အင်းလျား ကန်၊ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်ခန်းမတို့က အခြံအရံ အဖြစ် ပါလာသည်။ ကံ့ကော်နံ့၊ ပိတောက်နံ့သင်းလာသလို ကံ့ကော်၊ ပိတောက်၊ စိန်ပန်းတို့ဖြင့် အရောင်အသွေးခြယ်လာ သဖြင့် စိုပြည်တက်ကြွ အသက်ဝင်လာပုံကို အောက်ပါ အချစ်ဘွဲ့အနည်းငယ်ဖြင့် တင်ပြလိုပါသည် -

“မောင့်ရင်တွင်းမှာ၊ နေမင်း လမင်း၊ ဆယ်စင်းပြိုင်တူ

ပူကြသာကြ၊ ခံစားရအောင်၊ လွမ်းရ ဆွေးရ၊

ကြည်နူးရအောင်

နှောင်တွယ်ကျွမ်းရစ် သောကဖြစ်သည်

အချစ်ဆိုတာ ဒါလားခင်”

(မောင်စိန်ဝင်း-ပုတီးကုန်း နေဆယ်စင်း၊ လမင်း ဆယ်ဆူ)

တက္ကသိုလ်ဝန်းကျင်သည် ကဗျာဖွဲ့စရာအကြောင်း ခံတစ်ခု ဖြစ်ပါသည်။

တက္ကသိုလ်ဘွဲ့ကဗျာများကို သုံးသပ် ကြည့်ရာ၌ အခြေခံအားဖြင့် အမိတက္ကသိုလ်ကို မြတ်နိုး တွယ်တာမှုသဘော ထင်ဟပ်နေပါသည်။ “ကံ့ကော်လေ သင်း”၊ “ကံ့ကော်ရွှေပြည်”၊ “တခုသော ပန်းဥယျာဉ်”၊ “ဒေါင်းအိုးတဝေဝေ”၊ “ပန်းလှတော”၊ “မြရွက်လှေ” စသည်ဖြင့် တက္ကသိုလ်အငွေ့အသက်ပါသော နှစ်သက် မြတ်နိုးဖွယ်အမည်လေးများ ပေးတတ်ကြခြင်းက ထိုစေတနာကို ထင်ရှားပါသည်။

 

ကံ့ကော်၊ ပိတောက်၊ စိန်ပန်း၊ အင်းလျားကန်၊ သစ်ပုပ်ပင်၊ အဓိပတိလမ်း စသည့်သဘာဝပတ်ဝန်းကျင် ကို မွေ့လျော်ကြည်နူးမှု၊ ပညာသင်ဖက်သူငယ်ချင်းများကို တွယ်တာမှုတို့ကို တွေ့ရပါသည်။

 

“နွေ၏ အစွန်၊ မိုးငွေ့သွန်သော်

ကျနော်အိမ်ပြန်ရတော့မည်။

ကံ့ကော်ပွင့်လေ၊ ငိုနေသလား၊ ပူဟန်များဖွဲ့

ဝါလဲ့ဝတ်နု၊ မျက်ရည်ဥ

(အညာတမာ၊ ကံ့ကော်အလွမ်း)

နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တွင် အရေးပါခဲ့သော တက္ကသိုလ်၏ဂုဏ်ကို ထုတ်ဖော်ပြ သည့် ကဗျာများကိုလည်း တွေ့ရပါသည် -

“ဒေါင်းအိုးဝေ တွန်သည့်တိုင်းရယ်မို့

သမိုင်းစဉ် ရွှေမော်ကွန်းနှင့်

ထွန်းသစ်စေသတည်း”

(ပျဉ်းမနား မောင်နီသင်း၊ ဒေါင်းအိုးဝေ)

“မီးဒုတ် မီးဒုတ် ရှို့ရှို့

သပိတ် သပိတ်မှောက်မှောက်

ပင်ညိုအောက်က၊ ဟိန်းဟောက်ကြမ်းကြုတ်

နယ်ချဲ့ယုတ်ကို၊ တိုက်ထုတ်တို့များ

စုစည်းအားကို၊ ထီးမားပင်ညို သိပါ၏”

(တင်စိုး-ဘောဂဂုဏ်၊ သစ်ပုပ်ပင်နှင့် တက္ကသိုလ်)

တက္ကသိုလ်ဝန်းကျင်၏ အနိဌာရုံများအဖြစ် သရုပ် ပျက်မှုများ၊ ရင်မောဖွယ်အချစ်ကိစ္စများ၊ ဘဝရေတိမ်နစ် သူများ စသည်တို့အတွက် ခံပြင်းမှု၊ စာနာမှု၊ ကြေကွဲမှုများ ကိုလည်း ရေးဖွဲ့တတ်ကြပါသည်။

 

“တကယ်တမ်းသာ၊ အသဲမာရင်

ကံ့ကော်ရွာက စိန်ခေါ်တယ်”

(မောင်ရင့်ကျူး၊ မြောင်းမြ၊ ကံ့ကော်ရွာက စိန်ခေါ် တယ်)

“အမိကပေး၊ တစ်ရာကြေး

မင်းလေးအသုံး၊ နှစ်ရာနှုန်း

လိုငွေဘယ်က ရသတုံး”။

(ဒိုးကလေး၊ ကျောင်းသူတစ်ဦး၏ ရသုံးငွေစာရင်း)

ကာလပိုင်းတစ်ပိုင်းအတွင်း တက္ကသိုလ်၏အခြေ အနေမည်သို့ရှိသည်၊ ကျောင်းသားများ၏ အယူအဆ၊ အတွေးအခေါ် မည်သို့ရှိသည်တို့ကို ထိုကာလပိုင်းတွင် ပေါ်သော ကဗျာများက အနည်းနှင့် အများ ထင်ဟပ် ပြနေမည်ပင် ဖြစ်ပါသည်။

 

ကဗျာရှင်များသည် တက္ကသိုလ်ဝန်းကျင်ကိုကျော်၍ ပြည်သူ့ဘဝကို လေ့လာသည်။ ထိုအခါ လူမှုပြဿနာများ ကို ကြားရ၊ ကြုံရ၊ ခံစားရသည့်အတိုင်း ဝေဖန်သုံးသပ်သော ကဗျာများ ပေါ်လာရသည်။

“တိုးကြဝှေ့ကြ၊ တွန်းကြဖယ်ကြ

ခုန်ကြကျော်ကြ၊ နင်းကြဖိကြ

အော်ကြဟစ်ကြ၊ ဆဲကြငေါက်ကြ

စက်ဆုပ်လှသည်၊ ကြည့်ပါ နေရာလုပွဲကြီး”

(မောင်တင်မြိုင်-အင်းလေး၊ ကြည့်ချင်ပွဲ)

“ဖိနှိပ်ခြင်းဒဏ်၊ သတ္တိမာန်နှင့်

ရုန်းကန်နေလျက်၊ မြေပြင်ထက်၌

နုလျက်လန်းလျက်၊ မြက်ခင်းစိမ်း”။

(ကေတု-မောင်တင်ထွန်း၊ မြက်ခင်းစိမ်း)

အသိတရားရစရာများကို မြင်ရ၊ ကြားရ၊ ကြုံရသော အခါ အော်ဒီလိုပါလားဟု အသိတရား ရမိကြသည်။

 

ဆွေမျိုး

“မပေးလျှင်မုန်း

ပေးလျှင်ပြုံး၏ နှလုံးအကျည်းတန်သူများ”

(တက္ကသိုလ်မင်းမောင်မောင်)

တက္ကသိုလ်ကဗျာရှင်များသည် လူမျိုးစုအလိုက်သော် လည်းကောင်း၊ တစ်ဦးချင်းသော် လည်းကောင်း၊ လူမျိုးစု လက္ခဏာဆောင်သော ကဗျာများကို “အရှေ့ရိုးမကဗျာများ” “ခါကာဘို ကဗျာများ”၊ “တောင်ပေါ်မိုး ကဗျာများ” စသည့် ကဗျာစာအုပ်များ ထုတ်ဝေရေးသားကြပါသည်။

 

“ပြည်ထောင်စုဘွား၊ သွေးချင်းများငဲ့

သူကား ကချင်၊ ငါလျှင်ဗမာ

သင်ဟာ ကယား၊ သင်ကား ကရင်

ရှမ်းလျှင်တစ်သီး၊ ချင်းလည်းတစ်စ၊ ခွဲမရပေ”

(ဗန်းမော်ရဲမြင့်၊ သွေးချင်းများငဲ့)

နိုင်ငံရေးဘွဲ့များတွင် မြန်မာ့အရေး၊ တိုင်းရင်းသား သွေးစည်းရေးများသာမက ကမ္ဘာ့အရေးအခင်းများကိုလည်း မျှော်ကြည့်တတ်ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်တား ဆီးရေး၊ ငြိမ်းချမ်းရေးဟူသည့် အရေးအခင်းများကို စိတ်ဝင် စားစွာ ရေးဖွဲ့ကြပါသည်။

 

“ဘာမှမမှု၊ ပြည်သူ့အင်အား၊ ဒို့အင်အားပဲ

ရန်သူ့လက်နက်၊ ဒို့လက်နက်ပဲ

ရန်သူ့ခံတပ်၊ ဒို့ခံတပ်ပဲ

ရဲရဲတိုက်ပွဲဝင်ကြဟေ့။”

(မော်လမြိုင်-ဦးယာ၊ ပြည်သူ့စစ်)

“ထိန်သာပြည့်ရွှန်း၊ ငွေလဝန်းတွင်

သွေးစွန်းတော့မည် ထင်ပါသည်”။

(မောင်မင်းယာ-လဝန်းနီနီ)

တက္ကသိုလ်ဝန်းကျင် ကဗျာများကို ခြုံကြည့်လျှင် ကျေနပ်ဖွယ်ကောင်းသည်ဟုပင် ဆိုရပါမည်။ တက္ကသိုလ် ကဗျာရှင်များသည်၊ တက္ကသိုလ်အလှအပ အရှိန်အဝါအောက် တွင်သာ မိန်းမောမနေဘဲ လောကကို ဂရုပြုတတ်သည့် သဘော၊ ဝေဖန်သုံးသပ်သော မျက်စိဖြင့် ကြည့်တတ်သည့် သဘော၊ နိုင်ငံသားများအနေဖြင့် တာဝန်သိတတ်သည့် သဘောများကို တက္ကသိုလ်ဝန်းကျင်ကဗျာများက ဖော်ပြ နေသည်မှာ အနာဂတ်အတွက် ကောင်းသောအလားအလာ တစ်ခုဖြစ်သည်ဟု ထင်မြင်ပါသည်။

 

ကျွန်မတို့ခေတ် တက္ကသိုလ်ဝန်းကျင် ကဗျာများသည် စမ်းသပ်ရေးဖွဲ့နေဆဲဖြစ်သည့်အတွက် “နု”သော လက္ခဏာဆောင်သည့် ကဗျာများလည်းရှိခဲ့မည်ပင် ဖြစ်ပါသည်။ သို့သော်“နု” ရာမှ “ရင့်” ရသည့်ဓမ္မတာအတိုင်း တက္ကသိုလ်ဝန်းကျင်ကဗျာများ၏ လမ်းကြောင်းသည် လည်း ခေတ် ကာလပြောင်းလဲမှုအတိုင်း ပိုမိုအဆင့်မြင့်မား သော၊ ပိုမိုကျယ်ပြန့်သော အခြေအနေသို့ ဦးတည် ရွေ့လျားနေမည်ပင် ဖြစ်ပါသည်။ ။