ကျွန်တော်ပါဝင်ခဲ့သော ပြည်ထောင်စုအလံတော်ခရီးစဉ်

Type

ကို(တက္ကသိုလ်)

==========

 

ပြည်ထောင်စုအလံတော်       သယ်ဆောင်ပုံ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို   ၈-၂-၂၀၂၂ ရက်နေ့က  ကြည့်ရှုရသည်။ ပြည်ထောင်စုအလံတော် သယ်ယူရေးအဖွဲ့ခေါင်းဆောင်   ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး     ဦးမောင်မောင်အုန်းက အလံတော်ကိုကိုင်ဆောင်၍     တပ်မတော်(လေ) အထူးလေယာဉ် ၀၀၀၁  (Triple Zero One) ပေါ်သို့ တက်သွားပုံ၊    အထူးလေယာဉ်သည်    မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်        ပြေးလမ်းပေါ်မှ လေထဲသို့ပျံတက်သွားပုံကို မြင်ရသောအခါ ၁၉၈၆ ခုနှစ်က      ပြည်ထောင်စုအလံတော်ခရီးစဉ်တွင် ကျွန်တော်ပါဝင်ခဲ့ပုံကို ပြန်လည်သတိရမိပါသည်။ 


 ပြည်ထောင်စုအလံတော်ကို 
လေကြောင်းမှ  ပို့ဆောင်


ထိုနှစ်က ကလေးမြို့၊ မြစ်ကြီးနားမြို့၊ လားရှိုး မြို့၊ လွိုင်ကော်မြို့နှင့် ဘားအံမြို့တို့သို့ ပြည်ထောင်စု အလံတော်ကို လေကြောင်းမှ  ပို့ဆောင်ပေးရမည် ဖြစ်ပါသည်။    ပထမခရီးလမ်းကြောင်းဖြစ်သော မင်္ဂလာဒုံ- ကလေးမြို့ကို ၃၀-၁-၁၉၈၆ ရက်နေ့တွင် အထူးလေယာဉ် F-27J 5006 ဖြင့် စတင်ပျံသန်းခဲ့ ပါသည်။     အဓိကပုဂ္ဂိုလ်သုံးလေယာဉ်ဖြစ်သည့်
အားလျော်စွာသန့်ရှင်းသပ်ရပ်မှုရှိပြီးဖြစ်သည်။ ရှေ့ပိုင်းက   ခုံများဖြုတ်၍   အလံတော်ငွေဖလားတင် ရန်  ဖော်မိုင်ကာ  စားပွဲတစ်ခုတပ်ပေးထားသည်။ နောက်က  ဆိုဖာခုံများမှာ    အလံတော်သယ်ယူရေး အဖွဲ့ခေါင်းဆောင်  ဗိုလ်မှူးကြီးသိန်းမြင့် (DSA-1) ခေါင်းဆောင်သော  အလံတော်သယ်ယူရေးအဖွဲ့ဝင် များ ထိုင်ကြသည်။ ၎င်းတို့နောက်တွင် လိုက်ကာတစ်ခု ခြား၍ စက်မှုလက်မှုအရာရှိ ဗိုလ်ကြီးစိုးသန်းနှင့် အင်ဂျင်၊ ကိုယ်ထည်၊ ရေဒီယို၊ လေကြောင်းရွှေ့ပြောင်း ရေးလုပ်ငန်းစုံမှ ရဲဘော်များထိုင်ကြသည်။ လေယာဉ် အဖွဲ့သားများဖြစ်ကြသော လေယာဉ်မှူးကျွန်တော်၊ တွဲဖက်လေယာဉ်မှူး   ဗိုလ်မှူးစံထွား၊   အရန် လေယာဉ်မှူး         ဗိုလ်ကြီးထွန်းအောင်ကျော်၊ လေကြောင်းလမ်းပြကြီး ဝင်းမြင့်နှင့်   စက်မှုမှူး တပ်ကြပ်ကြီးခင်ညွန့်မောင်တို့က မောင်းခန်းထဲတွင် ပျံသန်းရေးတာဝန်ထမ်းဆောင်ကြသည်။ 
ကလေးလေယာဉ်ကွင်းသို့ ချောချောမောမော ဆင်းသက်ခဲ့သည်။          လေယာဉ်ကွင်းထဲတွင် အလံတော်ကို စောင့်ကြိုနေသော ပရိသတ်ကြီးကို တွေ့မြင်ရသည်။ လေယာဉ်ကို သတ်မှတ်နေရာတွင် ရပ်ပြီးသောအခါ အခမ်းအနားဝတ်စုံဝတ်ဆင်ထား သော   ဗိုလ်မှူးကြီးသိန်းမြင့်က    အလံတော်ကို မြှောက်ကိုင်၍ ရှေ့ဆုံးမှ ဆင်းသည်။   အလံတော် ကြိုဆိုရေးအဖွဲ့ခေါင်းဆောင်ထံ     အလံတော်ကို အပ်သည်။ ထို့နောက် အလံတော် ညအိပ်ရပ်နားမည့် ကွင်းအရောက်   လက်ဆင့်ကမ်းသယ်ဆောင်သွား ကြသည်။ လူရှင်းမှ လေယာဉ်ကို ညအိပ်ရပ်နားမည့် နေရာသို့ ရွှေ့ပေးပြီး  ပျံသန်းပြီးစစ်ဆေးမှု (After Flight Inspection) ပြုလုပ်ကာ တည်းခိုမည့်နေရာ သို့   ထွက်လာခဲ့ကြသည်။    လေယာဉ်အဖွဲ့ကို လေယာဉ်ကွင်းဘေးရှိ တည်းခိုခန်းတွင် နေရာချထား ပေးသည်။


နောက်နေ့တွင် လေယာဉ်ကို စမ်းသပ်ပျံသန်း၍ အလံတော်ဆိုက်ရောက်မည့်နေရာသို့ ရွှေ့ပြောင်း ရပ်နားပေးရန် လေယာဉ်ကွင်းသို့ စောစောထွက်လာခဲ့ ကြသည်။ ကျွန်တော်နှင့် လေသူရဲများက မိုးလေဝသ အခြေအနေနှင့်     ပြေးလမ်းအခြေအနေသိရှိရန် လေကြောင်းထိန်းမျှော်စင်တွင်        နေခဲ့ကြသည်။ ဗိုလ်ကြီးစိုးသန်းနှင့်   ရဲဘော်များက   လေယာဉ် စစ်ဆေးရန် ကွင်းထဲသို့ ထွက်ခွာသွားကြသည်။ 


မကြာပါချေ။ ဗိုလ်ကြီးစိုးသန်းအပြေးအလွှားရောက်လာပြီး  “ညာဘက်   အိုလီယိုဒေါင်းနေပြီ (Oleo-Down)”ဟု         သတင်းပို့သောကြောင့် ခေါင်းနားပန်းကြီးသွားရပါချေသည်။  ညာဘက်ဘီး တစ်စုံကို  ထောက်ထားသော  ဟိုက်ဒရောလစ် ချောဆီထည့်ထားသည့် ဘီးခြေတံ (Under Carriage) နိမ့်ကျသွားခြင်းကို  ဆိုလိုပါသည်။     ကျွန်တော် လိုက်ကြည့်သောအခါ   လေယာဉ်အလေးချိန်နှင့် ဖိဆောင့်သောဒဏ်ကို ခံနိုင်အောင် စပရင်သဖွယ် အသုံးပြုထားသည့် ဟိုက်ဒရောလစ်ဆီများ မြေပေါ် တွင် အိုင်ထွန်းနေ၏။ ဘီးခြေတံကအောက်ဆုံးအထိ နိမ့်ကျနေ၏။ အင်ဂျင်နီယာကြီး ကိုစိုးသန်းလည်း ဘာမျှမတတ်နိုင်ပြီ။         ကားဘီးပေါက်လျှင် ဂျိုက်ထောက်၍   ဘီးဖြုတ်သကဲ့သို့    လေယာဉ် အတောင်ပံကြီးကို ဂျိုက်ရှည်ရှည်ဖြင့် ထောက်ပင့် ထားကာ  ပစ္စည်းလဲရမည်။ ပြုပြင်ရမည်။ အချီကြီး ဖြစ်သည်။ ပစ္စည်းကိရိယာနှင့် လူအင်အား ပြန်မှာ ရမည်။


အချိန်ကိုက်ပို့ဆောင်ပေးရမည်
ဤတွင် အလေးထားစဉ်းစားရမည်က “အချိန်”။ အလံတော်ကို မြစ်ကြီးနားသို့ အချိန်ကိုက်ပို့ဆောင် ပေးရမည်။ နိုင်ငံတော်အဆင့်ခရီးစဉ်။ နိုင်ငံတော်ပွဲ။ မြစ်ကြီးနားတွင် အလံတော်ကိုကြိုဆိုမည့် အရေး ကြီးပုဂ္ဂိုလ်များ     တိုင်းရင်းသားပြည်သူများစုဝေးစောင့်ဆိုင်းနေကြလိမ့်မည်။    အချိန်သိပ်လွန်သွား လျှင် လေတပ်နှင့်အုပ်နာမည်ပျက်မည်။   နာရီကို ကြည့်တော့  ၆ နာရီမှ   မိနစ်အနည်းငယ်စွန်းပြီ။ မြစ်ကြီးနားသို့ထွက်ခွာရမည့်   ETD ခေါ်ခန့်မှန်း ထွက်ချိန် (Estimated Time of Departure) မှာ ၉ နာရီဖြစ်သောကြောင့် သုံးနာရီနီးပါး အချိန်ရသည်။ ထို့ကြောင့် အုပ်တွင်ကျန်ရစ်သည့် ဗိုလ်မှူးတင်ထွန်း နှင့် ဗိုလ်မှူးမြဝင်းတို့အနေဖြင့် တစ်နာရီပျော့ပျော့ အချိန်အတွင်း လူသူပစ္စည်းစုဆောင်းရန် အဆင်ပြေ ပါ့မည်လား။      အချိန်ကရုံးတက်ချိန်မရောက်သေး။ တပ်ပြင်နေသူများ ခေါ်လို့ရမည်မဟုတ်။ တပ်တွင်း နေသူများကို လိုက်စုရမည်။    ဟိုနားဒီနားသွားနေ ၍ စောင့်ခေါ်ရလျှင် အချိန်ကြာတော့မည်။ တစ်ပြိုင် နက်တည်းမှာပဲ ခက်လက်စတို ဖွင့်ရမည်။  လိုသော ပစ္စည်းများထုတ်ရမည်။ အထူးသဖြင့် ဖြုတ်သိမ်း ထားသည့် အင်မတန်ရှည်လျားသော ဂျိုက်တံကြီးကို အချိန်ယူကာ ပြန်တပ်ဆင်ရမည်။ တွေးရင်းတွေးရင်း ခေတ္တအုပ်မှူး ကျွန်တော်သက်ပြင်းမောကြီး ချလိုက် မိပါ၏။
ကိုယ့်ဘက်က အမြန်သတင်းပို့မှ သူ့ဘက်မှာ အချိန်ရမည်။ မျှော်စင်သို့ ပြေးရပြန်၏။ ဆက်သွယ် ရေးဌာနမှတစ်ဆင့် လေတပ်စခန်းမှူးထံ တိုက်ရိုက်ပဲ သတင်းပို့ခိုင်းလိုက်သည်။       ဆရာ့စိတ်ထဲက ကျွန်တော့်ကို အပြစ်တင်နေမည်လား မပြောတတ်။ အလံတော်ခရီးစဉ်မတိုင်မီ         တစ်ပတ်ခန့်ကပင် ဤလေယာဉ်ဖြင့် ရဲချုပ်နှင့် နိုင်ငံခြားသားများကို မန္တလေး-ဟဲဟိုးညအိပ်ခရီးစဉ်များ  ပို့ပေးခဲ့သေး သည်။ အဲဒီတုန်းက ဘာမျှမဖြစ်ခဲ့။ အခုမှလေယာဉ်က ဖောက်လာသည်ကို ကျွန်တော်လည်းမတတ်နိုင်။
မိနစ်အနည်းငယ်အတွင်း ဗိုလ်မှူးတင်ထွန်း စက်ပေါ်တက်လာသည်။ ဘာဖြစ်တာလဲ၊ ဘာတွေလို သလဲမေးသည်။ ကျွန်တော်က အသေးစိတ်ပြောပြ သည်။ ကိုမြဝင်းကို လွှတ်လိုက်မည်ဟု သူပြောသွား သည်။ ကျွန်တော် တစ်ဝက်စိတ်အေးသွားသည်။ ကိုမြဝင်းယူလာသောလေယာဉ်ဖြင့်   အလံတော် ခရီးစဉ်ကို ဆက်ပျံပေးနိုင်မည်။
လေယာဉ်ကိစ္စစီမံပြီးတော့ တပ်ထဲလိုက်သွား ပြီး   ဗိုလ်မှူးကြီးသိန်းမြင့်ကို  အကျိုးအကြောင်း တင်ပြရပြန်သည်။ လေယာဉ်ပြင်တာ ဘယ်လောက် ကြာအောင် စောင့်ရမလဲဟုမေးသည်။ ကျွန်တော်က ပြင်တာကြာမည်။ လေယာဉ်ချင်းလဲပြီး ခရီးစဉ် လုပ်မည်။ ပြင်ပြီးမှ ကျွန်တော်တို့ရောက်တဲ့နေရာကို လာပို့လိမ့်မည်ဟု တင်ပြသည်။ ဘယ်လေယာဉ်နဲ့ပဲ သွားရသွားရ ခရီးစဉ်မထိခိုက်လျှင် ပြီးတာပဲဟု သူကဆိုလေသည်။      အဖွဲ့ဝင်ဗိုလ်မှူးရဲဆွေက လေယာဉ်နှစ်မျိုးစီးရတာပေါ့ဗျာဟု  နောက်လိုက်ပါ သေးသည်။ 
အချိန်အတော်ယူရမည်
လေယာဉ်ကွင်းကို ပြန်ရောက်တော့ ရန်ကုန်မှ လေယာဉ်တက်လာပြီဟု ဆီးပြောသည်။ ထွက်ခွာ သတင်းပို့ချက်  (Departure Message)  ရသည်။ ETA ခေါ် ခန့်မှန်းရောက်ချိန်  (Etimate Time of Arrival)  မှာ ရှစ်နာရီ မိနစ်ငါးဆယ်ဆိုတော့ မဆိုးလှ ပါ။ တင်ထွန်းနှင့် မြဝင်းတို့ ဘယ်လိုများ လုပ်လိုက် ကြပါလိမ့်ဟု သိချင်လာမိသည်။ ဖော်ကာလေယာဉ် သည် ကိုယ်ထည်ပေါ်မှ ဘေးနှစ်ဖက်သို့  အတောင် ဆန့်ထုတ်ထားသော အတောင်မြင့် (high wing) အမျိုးအစားဖြစ်သဖြင့် အတောင်ပံကို ပင့်မထားရ မည့်ဂျိုက်မှာ   အရှည်ကြီးဖြစ်သည်။  ဒါကြီးကို တပ်ဆင်ရတာကပင် အချိန်အတော်ယူရမည်။ အခု သူတို့လေထဲ ရောက်လာကြပြီဆိုပဲ။
လျှို့ဝှက်ချက်ကို ဗိုလ်မှူးမြဝင်းရောက်လာမှ သိရသည်။ “ဂျိုက်တံကို အုပ်မှာဆင်ရင် ကြာမယ် လေ။   ဂျိုက်ကို   ဒီအတိုင်းပဲ  တင်ယူလာခဲ့တယ်။ လေထဲရောက်မှ   ရဲဘော်တွေက  အဆင်ဘယ် (assemble) လုပ်ကြတာ။  နောက်ခန်းတစ်ခုလုံး ဆူညံနေတာပဲ။ ပရယ်ရှာရိုက်ကေဘင် (pressurized  cabin) မဟုတ်တော့ သူတို့တစ်ကိုယ်လုံး ချွေးတွေရွှဲ လို့။                             M စာမျက်နှာ ၈ မှ
ဟင်ဂါ (hanger) ထဲမှာလို ကျယ်ကျယ်ဝန်းဝန်းမဟုတ်ဘဲ      ကတ်သီး ကတ်သတ်လုပ်ရတော့ လက်ဝင်တာပေါ့ဗျာ။ တစ်လမ်းလုံး လုပ်လာ လိုက်ကြတာ ဆင်းခါနီးမှပြီးသွားတယ်”ဟု   သူက ပြောသည်။ လေယာဉ်စီးချိန်ကို အချိန်ခိုး၍ အလုပ်လုပ်လာကြသည်ကိုး။ စီမံခန့်ခွဲ သူနှင့် အလုပ်လုပ်ပေးကြ သူတို့၏ အရည်အချင်းနှင့်စိတ်ဓာတ်ကို ကျွန်တော် မချီးမွမ်းဘဲ၊ အသိအမှတ်မပြုဘဲ မနေနိုင်တော့။  ရင်ထဲမှာ ဆို့လှိုက်လာအောင်ပင် ဝမ်းသာကြည်နူးမိရပါသည်။
အချိန်သက်သာအောင်   ဗိုလ်မှူးတင်ထွန်းက  လေယာဉ်ရုံ တာဝန်ခံကိုခေါ်၍ ပစ္စည်းကိရိယာများ စုထားနှင့်သည်။ လေယာဉ် မောင်းမည့် ဗိုလ်မှူးမြဝင်းက  လေယာဉ်သားနှင့် ရဲဘော်များကို လိုင်းထဲပတ်ခေါ်သည်။ အိမ်ထောင်သည်ဆိုလျှင် အချိန်ကြာနေမည် စိုး၍ လူပျိုဆောင်မှာ ကားရပ်ပြီး  တွေ့သမျှ  ကိုယ်ထည်လုပ်ငန်း (Airframe Trade) မှ  ရဲဘော်များကို  ဆွဲခေါ်လာသည်။ တချို့ဆို ယူနီဖောင်းပဲပါသည်။ အများစုက နံနက်စာမစားရသေး။ သူတို့၏ အုပ်စိတ်ဓာတ်မှာ ပြင်းပြလှချေ၏။
သို့ဖြင့် ကျွန်တော်တို့သည်  VIP လေယာဉ် 5006 ကို ထားခဲ့၍ Cargo Plane  5003 ဖြင့် နံနက် ၉ နာရီကျော်ကျော်တွင် ကလေးမြို့မှ မြစ်ကြီးနားသို့ ပြန်တက်နိုင်ခဲ့သည်။  ကုန်တင်၊ သာမန် ခရီးသည်တင် လေယာဉ်ဖြစ်သဖြင့် ဗိုလ်မှူးကြီးသိန်းမြင့်နှင့် အဖွဲ့မှာ သက်သောင့် သက်သာမရှိချေ။    ထိုင်ခုံဟူ၍   မျက်နှာချင်းဆိုင်ထိုင်ရသော  ကိုယ်ထည်နံရံတွင် ကပ်ထားသည့် ထိုင်ခုံခွက်ရှည် (bucket seats) အတန်းနှစ်တန်းသာပါလေသည်။  နောက်မှီမရှိ။   လက်တန်းမပါ။ ဖင်ချထိုင်ရန် ထိုင်ခုံအခွက်ကလေးများ တစ်ခုနှင့်တစ်ခု ကပ်နေသည်။   အလံတော်ဖလားကိုလည်း    ဒီခုံပေါ်မှာပင် ချထားရသည်။ ပီးတော့ လေဖိအားသွင်း ကိုယ်ထည်မဟုတ်သဖြင့် လှောင်အိုက်ပေသည်။ 
မတတ်နိုင်ပါ။ စစ်သားပီပီ    ဘယ်နည်းလမ်းကို   သုံးသုံး ရည်မှန်းချက်တာဝန် ပြီးမြောက်အောင်မြင်ရေးကိုသာ ဦးတည်ရှေးရှု ရပါသည်။    မြစ်ကြီးနားသို့    အချိန်မလင့်ဘဲ ပို့ပေးနိုင်ခဲ့သည်။ နောက်တစ်နေ့ ၁-၂-၁၉၈၆ ရက်နေ့တွင် မြစ်ကြီးနားမှ လားရှိုးသို့ ဆက်ထွက်သည်။  မွန်းလွဲပိုင်းရောက်မှ  ဗိုလ်မှူးမြဝင်း မောင်းသော 5006 သည် ကလေးမြို့မှ လားရှိုးမြို့သို့ ဆိုက်ရောက်လာသည်။ ၃၁-၁-၁၉၈၆ ရက် နေ့က  တစ်ရက်လုံးပြင်ကြသည်။   မှောင်သွားတော့ ကားမီးထိုးပြီး ဆက်လုပ်သည်။ ဒီမနက် စမ်းသပ်ပျံသန်း၍ စိတ်ကြိုက် အတက်/ အဆင်း စစ်ဆေးပြီးမှ လာရောက်အပ်နှံခြင်းဖြစ်သည်။ သူက 5003 ကိုယူပြီး  ကလေးပြန်သွားရဦးမည်။ ဟိုမှာစောင့်နေ သော ရဲဘော်များနှင့် ပစ္စည်းကိရိယာများ ပြန်သယ်ရမည်။ 
သို့ဖြင့် ကျွန်တော်က  မူလလေယာဉ်  5006 ဖြင့်        ပြည်ထောင်စု အလံတော်ကို   တင့်တောင့်တင့်တယ် သယ်ဆောင်၍ လက်ကျန်ခရီး ကို ဆက်နိုင်ခဲ့ပါတော့သည်။ ဤနှယ် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင်  တစ်ညစီရပ်နား၍ ပြည်ထောင်စုအလံတော်ကို  တိုင်းရင်းသား ပြည်သူများက      ကြိုဆိုအလေးပြုသည့်   အနှစ်သာရပြည့်ဝသော ပြည်ထောင်စုနေ့အခမ်းအနားမျိုးကို  မျှော်လင့်တောင့်တမိပါသည်။ တစ်နေ့နေ့တွင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။        ။