မိမိအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ အများ အကျိုးဆောင်ရွက်သည့်လုပ်ငန်းများကို ပရဟိတလုပ်ငန်းများအဖြစ် သိရှိကြသည်။ အများအကျိုးဆောင်အလုပ်ကို တစ်ပိုင်တစ်နိုင်၊ အတိုင်းအတာကာလတစ်ရပ် လုပ်ကိုင်ကြသူများ၊ အဖွဲ့အစည်းတစ်ခု အဖြစ် စနစ်တကျဖွဲ့စည်းပြီး အများအကျိုးဆောင်လုပ်ငန်းတစ်ခုခုကို နှစ်ရှည်လများ တည်ထောင်လုပ်ကိုင်ကြသူများ မြန်မာနိုင်ငံ မြို့ရွာဒေသအနှံ့အပြားတွင် ရှိကြသည်။ ပရဟိတလုပ်ငန်း လုပ်ကိုင် သူတို့၏ ရည်ရွယ်ချက်များမှာ လူမှုဒုက္ခကျရောက်နေသူများအတွက် လိုအပ်သော ကူညီမှုများကို လုပ်ကိုင်ပေးကာ ဒုက္ခနှင့် သောက တို့ကို ပြေပျောက်စေရေးဖြစ်သည့်အတွက် ပရဟိတလုပ်ငန်းဟူသည် မေတ္တာနှင့် ကရုဏာတို့ကိုအခြေခံ၍ လုပ်ကိုင်ကြရသော မွန်မြတ်သည့် လုပ်ငန်းပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင်မဆို အများအကျိုးဆောင် ပရဟိတလုပ်ငန်း အမယ်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး တွေ့မြင် ရမည်ဖြစ်ပြီး ဒေသနေပြည်သူများကလည်း အားကိုးအားထားပြုကြ ရသည်ကို တွေ့ရသည်။ နာရေးကူညီမှုလုပ်ငန်း၊ အရေးပေါ်လူနာတင် ယာဉ်လုပ်ငန်း၊ ဇီဝိတဒါနသွေးလှူလုပ်ငန်း၊ အရေးပေါ်အောက်ဆီဂျင် ဘူး ဒါနပြုသည့်လုပ်ငန်း၊ မိဘမဲ့ကလေးများ စောင့်ရှောက်သည့် လုပ်ငန်း၊ ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများ စောင့်ရှောက်သည့်လုပ်ငန်း၊ အမျိုးသမီးများ ကူညီကယ်ဆယ်ရေးလုပ်ငန်း၊ ပညာဒါနလုပ်ငန်း၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်း စသည့် လူမှုကရုဏာ လုပ်ငန်း အမျိုးမျိုးတို့ကို အကျိုးအမြတ် မမျှော်ကိုးဘဲ ပေးဆပ်သူတို့၏ နှလုံးသားဖြင့် ကိုယ်ရောစိတ်ပါ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ပရဟိတအဖွဲ့အစည်းများမှာ ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုတို့ကောင်းလျှင် ကောင်းသလို အောင်မြင်မှုရရှိကြပြီး ပါဝင်ဆောင်ရွက်ကြသူများ၏ မေတ္တာ၊ ကရုဏာ၊ ဝါသနာ၊ စေတနာ၊ အနစ်နာတို့ စိုက်ထုတ်မှု ကြီးမား သည်နှင့်အမျှ အများပြည်သူတို့၏ ယုံကြည်မှု၊ လေးစားမှုတို့ကိုပါ ရရှိကြသည်။
မြန်မာနိုင်ငံသို့ ကိုဗစ်- ၁၉ ကပ်ရောဂါ စတင်ဝင်ရောက်လာချိန်မှ စ၍ ယခုအချိန်အထိတိုင်အောင် ပရဟိတအဖွဲ့အစည်းပေါင်းများစွာ တို့က လူမှုကရုဏာလုပ်ငန်းအမျိုးမျိုးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြ ရာ လပေါင်းများစွာကြာအောင် အခက်အခဲအမျိုးမျိုးတို့၏ကြား၊ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် အနိဋ္ဌာရုံများနှင့် စိတ်ဖိစီးမှုတို့၏ ဖိအားများအောက်တွင် ဇွဲနပဲဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း လေးစားဖွယ်ရာ တွေ့ရှိရသည်။ ပရဟိတအလုပ်လုပ်ကိုင်နေကြသူ များမှာလည်း သွေးနှင့်ကိုယ်၊ သားနှင့်ကိုယ် ဖြစ်သည့်အလျောက် အချိန်တိုင်းတွင် ထိတွေ့နေရသည့် ကူးစက်ရောဂါ၏ အန္တရာယ်မှ လည်း သတိမလွတ်စတမ်း ကာကွယ်နေနိုင်ကြရန် လိုအပ်ကြပြီး ၎င်းတို့အတွက် ကျွမ်းကျင်မှုဆိုင်ရာများ သင်ကြားလေ့ကျင့်ပေးရေး၊ ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းပစ္စယများ၊ ဆေးဝါးများ ထောက်ပံ့ကူညီပေးရေးနှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်း ပေးရေးတို့ လိုအပ်မည်ဖြစ်သည်။ လူမှုကူညီရေးအသင်းများ၊ ပရဟိတအဖွဲ့အစည်းများသည် ဒေသခံပြည်သူများ၏ လိုအပ်ချက် များကို ကူညီဖြည့်ဆည်းပေးရန် ပြည်သူများကြားမှ ပေါ်ထွက်လာ သည့် အဖွဲ့အစည်းများဖြစ်ရာ ၎င်းအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးပြီး လုပ်အားကို စနစ်တကျ ရယူခြင်းဖြင့် အဖိုးတန် သည့် လူ့စွမ်းအား အရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်သည်။
ယခုအချိန်သည် ကိုဗစ်- ၁၉ ကပ်ရောဂါ တတိယလှိုင်းကြောင့် ကူးစက်မှုမြင့်တက်နေသကဲ့သို့ နိုင်ငံ၏ဒေသအချို့တွင် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပေါ်လျက်ရှိရာ စေတနာ့ဝန်ထမ်း လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့အစည်းများ၏ ပူးပေါင်း ပါဝင်မှုကို စနစ်တကျရယူခြင်းဖြင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများကို ပိုမို၍ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဆက်လက်၍ လည်း ကိုဗစ်- ၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် သန်းနှင့် ချီ၍ ထိုးနှံပေးရမည့်ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်လည်း အများ အကျိုးဆောင် လူမှုကူညီရေးအသင်းအဖွဲ့တို့၏ စေတနာလုပ်အားများ ကို အကျိုးရှိရှိ ရယူနိုင်စေလိုပါကြောင်း။ ။