ကပ်ရောဂါကို အန်တုမည့် ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးစနစ်သစ် “အွန်လိုင်းကုန်စည်ပြပွဲ”

Type
၁

ဆောင်းပါး

======

 

ကပ်ရောဂါကို အန်တုမည့် ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးစနစ်သစ်

“အွန်လိုင်းကုန်စည်ပြပွဲ”

==============================================================

 

ဒေါက်တာသက်လွင်ဦး

(MYANTRADE)

==========

 

အွန်လိုင်းကုန်စည်ပြပွဲ Platform တည်ထောင်ခြင်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲ များ ကျင်းပပြုလုပ်ခြင်းကို ရပ်နားထားခဲ့ရသည်။ ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများသည် ပြည်တွင်း ထုတ်ကုန်များကို ပြည်ပဈေးကွက်အထိ ချိတ်ဆက် ပေးနိုင်သည့်အရေးပါသော Platform တစ်ခုဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို New Normal ပုံစံများ ဖြင့် ပြောင်းလဲဆောင်ရွက်လာကြသည်။ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade) သည်လည်း နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနည်းတူ ကျင်းပ ပြုလုပ်နေကျ ကုန်စည်ပြပွဲများကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ Online Exhibition များအဖြစ် ပြောင်းလဲရန် လိုအပ်သောကြောင့် Myanmar Online Expo Park Platform ကို Cyber King Co.,Ltd. ၏ နည်းပညာ ကူညီပံ့ပိုးမှုဖြင့် တည်ထောင်ခဲ့သည်။

ကုန်စည်ပြပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနသည် ညွှန်ကြား ရေးမှူးချုပ်၏ကြီးကြပ်မှုဖြင့် ခေတ်စနစ်နှင့် လိုက်လျော ညီထွေဖြစ်စေရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့များနည်းတူ မိမိနိုင်ငံ၏ထွက်ကုန်များကို Online Platform အသုံးပြု၍ ဈေးကွက်ရှာဖွေမြှင့်တင်နိုင်ရေး အတွက် Myanmar Online Expo Park ကုန်စည်ပြပွဲ Platform ကို Cyber King Co., Ltd ၏ နည်းပညာ အကူအညီဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ ညှိနှိုင်း ပြုစုခဲ့သည်။ ကုန်စည်ပြပွဲ Platform ကို E-Commerce platform ပုံစံမဖြစ်စေရန်နှင့် Physical Exhibition တွင် ပါဝင်ရသည့်ခံစားချက်များနှင့် အနီးစပ်ဆုံးခံစားရစေရန် အကြိမ်ကြိမ် ပြင်ဆင်ရေးဆွဲခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇွန်လ တွင် အပြီးသတ်နိုင်ခဲ့သည်။

သတင်းမီဒီယာမိတ်ဆက်ပွဲကျင်းပခြင်း

Myanmar Online Expo Park ၏ Media မိတ်ဆက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန ဒုတိယထပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကုန်သည်အသင်းအဖွဲ့များ၊ လုပ်ငန်း ရှင်များနှင့် သတင်းမီဒီယာများမှ ကိုယ်စားလှယ် ၃၀ တက်ရောက်ခဲ့သည်။ သတင်းမီဒီယာမိတ်ဆက်ပွဲ အခမ်းအနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက Video Conferencing စနစ်ဖြင့် အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ ဒေါက်တာသက်လွင်ဦးနှင့် Cyber King Co.,Ltd. မှ CEO ဦးမြတ်သူတို့က Myanmar Online Expo Park တည်ဆောက်ရခြင်း ပြပွဲအစီအစဉ်များ၊ နည်းပညာပိုင်း ဆိုင်ရာ တီထွင်ဖန်တီးမှုများကို ရှင်းလင်းပြောကြား ခဲ့ကြသည်။

ပထမအကြိမ် အွန်လိုင်းမှ ကုန်စည်ပြပွဲကို ပြည်ထောင်စုဝန်ကြီးရုံး၏ ခွင့်ပြုချက်ဖြင့် Myanmar Online Expo Park Platform တွင် Myanmar International Expo of Organic and Natural Products အမည်ဖြင့် ၂၄.၈.၂၀၂၀ ရက်နေ့မှ ၃၀.၈.၂၀၂၀ ရက်နေ့အထိ ခုနစ်ရက်ကြာ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

ပထမအကြိမ် အွန်လိုင်းကုန်စည်ပြပွဲ

ကျင်းပပြုလုပ်ခြင်း

Myanmar International Expo of Organic and Natural Products အွန်လိုင်းကုန်စည်ပြပွဲအား Myanmar Online Expo Park (MOEP) Platform တွင် ၂၄.၈.၂၀၂၀ မှ ၃၀.၈.၂၀၂၀ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အွန်လိုင်းကုန်စည်ပြပွဲအား ပြပွဲစီစဉ်သူအဖြစ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပပြီး Cyber King Co., Ltd. က နည်းပညာဖြင့် ကူညီပံ့ပိုးပေးခဲ့ပါသည်။

၎င်းကုန်စည်ပြပွဲတွင် တရုတ်၊ ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ လာအိုနှင့် ကိုရီးယားနိုင်ငံတို့မှ ကုမ္ပဏီပေါင်း ၁၁ ခုနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၄၁ ခုမှ ပြခန်းပေါင်း ၅၁ ခန်း တို့တွင် ဆန်စပါး၊ ပဲ၊ နှမ်း၊ သစ်သီးဝလံ၊ ရေထွက်ကုန်၊ စားသောက်ကုန်၊ ကျန်းမာရေးအထောက်အကူပြု အသုံး အဆောင်များ ပါဝင်ပြသခဲ့သည့်အပြင် နိုင်ငံတကာမှ ပါဝင် တက်ရောက်သူ ၂၅၀ ကျော် ကြိုတင်အမည်စာရင်း ပေးသွင်း ခဲ့သည်။

ပြပွဲ၏ရည်ရွယ်ချက်များ

Myanmar International Expo of Organic and Natural Products အွန်လိုင်းကုန်စည်ပြပွဲကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့သည်-

- ကိုဗစ်-၁၉ ကာလတွင် ပြည်တွင်း၊ ပြည်ပ ကုန်စည် ပြပွဲများကို ကျင်းပရန် မဖြစ်နိုင်သောကြောင့် အွန်လိုင်းကုန်စည်ပြပွဲ ကျင်းပခြင်းဖြင့် ဈေးကွက် ရှာဖွေရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရန်၊

- မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ကုန်ကျစရိတ်သက်သာစွာဖြင့် အရည်အသွေးရှိ မြန်မာ့ထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်မိတ်ဆက်နိုင်ရန်နှင့် ဈေးကွက်သစ်များ ရရှိဖော်ဆောင်နိုင်ရန်၊

- မြန်မာကုန်သည်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ တကာဝယ်လက်များနှင့် တိုက်ရိုက်ချိတ်ဆက် နိုင်ရန်နှင့် နိုင်ငံတကာကုန်သွယ်မှု အတွေ့အကြုံ များ ရရှိလာစေရန်။

ပထမအကြိမ် အွန်လိုင်းကုန်စည်ပြပွဲ

ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

Myanmar International Expo of Organic and Natural Products အွန်လိုင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်း အနားအား ၂၄.၈.၂၀၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် Myanmar Online Expo Park Convention Center (Ruby Hall) တွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများဘက်မှ တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး အတွင်းရေးမှူးချုပ် မစ္စတာဝမ်လီ ဦးဆောင်သော CCPIT (Yunnan Sub-committee)၊ လင်ချန်းမြို့ ပြည်သူ့အစိုးရနှင့် နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သည် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များနည်းတူ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတကာသို့ မိမိနိုင်ငံ၏ အရည်အသွေးရှိထုတ်ကုန်များကို မိတ်ဆက်ပြသနိုင်ရန်နှင့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရန် စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒတွင် လယ်ယာ ထွက်ကုန်များကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ပါဝင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံကို စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့သော နိုင်ငံ တစ်ခုဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အွန်လိုင်း ကုန်စည်ပြပွဲ ပလက်ဖောင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ Myanmar International Expo of Organic and Natural Products အွန်လိုင်းကုန်စည်ပြပွဲသို့ ပြပွဲကာလအတွင်း နိုင်ငံတကာ မှ ဝင်ရောက်ကြည့်ရှုသူစုစုပေါင်း ၁၈၅၅၆၀ ရှိခဲ့သည်။

Business Matching များ ကျင်းပပြုလုပ်ခြင်း

အွန်လိုင်းကုန်စည်ပြပွဲကာလအတွင်း မြန်မာ-စင်ကာပူ Business Matching၊ မြန်မာ-ဂျပန် Business Matching၊ မြန်မာ-တရုတ်(ယူနန်) B2B Matchmaking Meeting၊ မြန်မာ-တရုတ် (ရှန်ဟိုင်း) Business Matching နှင့် မြန်မာ- ကိုရီးယား Business Matching များကို ကျင်းပပြုလုပ် နိုင်ခဲ့ပြီး မြန်မာကုမ္ပဏီများအနေဖြင့် တရုတ်၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားကုမ္ပဏီ ၇၀ ကျော်နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြသည်။

ရရှိသော အကျိုးကျေးဇူးများ

အွန်လိုင်းကုန်စည်ပြပွဲတွင် ပါဝင်ပြသခြင်းမှ ရရှိ နိုင်သော အကျိုးကျေးဇူးများမှာ -

- ကုန်ကျစရိတ်သက်သာခြင်း၊

- မိမိရုံးခန်းနေရာတွင်ပင် Online မှ ပြသနိုင်ခြင်း

- နိုင်ငံတကာမှဝယ်ယူသူများနှင့် Online မှ တွေ့ဆုံဆွေးနွေးနိုင်ခြင်း၊

- Online Business Matching များ တက်ရောက် နိုင်ခြင်း၊

- Online ဆွေးနွေးဝိုင်းများ တက်ရောက်နိုင်ခြင်း၊

- မိမိထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်မည့်အခွင့်အလမ်းများရရှိခြင်း။

ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ

ပထမအကြိမ် အွန်လိုင်းကုန်စည်ပြပွဲမှရရှိသော အတွေ့အကြုံများအပေါ် အခြေခံ၍ MOEP Platform တွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များမှာ-

- Inbound ၊ Outbound ကုန်စည်ပြပွဲများ ကျင်းပခြင်း၊

- Online Business Matching များ ပြုလုပ်ခြင်း၊

- Online ဆွေးနွေးပွဲများ ကျင်းပခြင်း၊

- Online + Simple ကုန်စည်ပြပွဲများကျင်းပခြင်း၊

- Permanent Trade Platform တစ်ခု တည်ဆောက်ခြင်း။

အချုပ်အားဖြင့်ဆိုသော် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အွန်လိုင်းကုန်စည်ပြပွဲသည် မြန်မာနိုင်ငံ၏ အရည်အသွေးရှိ ထုတ်ကုန်များကို ပြည်ပဝယ်လက်များသို့ လွယ်ကူလျင်မြန်စွာ မိတ်ဆက်ပေးနိုင်ခဲ့သည်။ Online Expo ကျင်းပခြင်းကြောင့် နိုင်ငံတကာမှ ဝယ်လိုအား ကောင်းသည့်ကုန်စည်များကိုလည်း သိရှိလာသည့်အပြင် ကိုဗစ်-၁၉ ကာလတွင် သီးနှံရိက္ခာ ထုတ်လုပ်သော နိုင်ငံတစ်ခုအနေဖြင့် ရပ်တည်နိုင်ရေး ကြိုးစားသင့်ကြောင်း ကိုလည်း သိရှိလာရပါသည်။ ထို့အပြင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှလည်း Myantrade ၏ ကိုဗစ်-၁၉ ကို အန်တု၍ ကျင်းပနိုင်ခဲ့သည့် ဈေးကွက် မြှင့်တင်ရေး ကုန်စည်ပြပွဲအပေါ် အသိအမှတ်ပြု အားပေး ထောက်ခံခဲ့ကြကြောင်း တွေ့ရှိရပါသည်။ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် Online ကုန်စည်ပြပွဲသည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ အသိုက်အဝန်းအလယ်တွင် အထင်ကရဖြစ်စေသော တီထွင်ဖန်တီးမှုတစ်ခုအဖြစ် မှတ်ကျောက်တင်နေမည် ဖြစ်ပြီး ယခုကျင်းပပြုလုပ်ခဲ့သော အွန်လိုင်းကုန်စည်ပြပွဲ ၏ အတွေ့အကြုံများအပေါ်အခြေခံ၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Physical Exhibition များ ကျင်းပရန် မဖြစ်နိုင်သည့် ကာလအတွင်း နှစ်စဉ်ကျင်းပနေကျ ကုန်စည်ပြပွဲများကို Online Platform အသုံးပြု၍ ဆက်လက်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။