
နေပြည်တော် ဇွန် ၂၉
ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် တပ်မတော်၏ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ် စခန်းသို့ ဇွန် ၂၆ ရက်မှစ၍ PDF အမည်ခံ အကြမ်းဖက်သမားများ နှင့် KNLA ပူးပေါင်းအဖွဲ့တို့မှ အင်အားအလုံးအရင်းဖြင့် နေ့စဉ် အကြိမ်ကြိမ် လာရောက်တိုက်ခိုက် ခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက်သမားများအနေဖြင့် သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ အရာရှိ၊ စစ်သည်များ၏ ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်ဖြင့် စနစ်တကျ တန်ပြန်ခုခံပစ်ခတ်မှုများကြောင့် စခန်း အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အကြမ်းဖက်သမားများ အနေဖြင့် အကျအဆုံးများစွာရှိခဲ့ကြောင်း မြေပြင် သတင်းများအရသိရပြီး ယနေ့တွင်လည်း အကြမ်း ဖက်သမားများသည် စခန်းအား သိမ်းပိုက်ရရှိနိုင်ရေး အင်အားများ ထပ်မံဖြည့်တင်းကာ ၈ ကြိမ်တိုင်တိုင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ကူပစ်အား အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။
ဥကရစ်ထ စစ်ဆင်ရေး ခြေကုပ်စခန်းမှ တပ်မတော်သားများအနေဖြင့် ယခင်နေ့များ ကဲ့သို့ပင် ကြံ့ကြံ့ခံ ခုခံပစ်ခတ်ခဲ့သည့်အပြင် အထက်ဌာန များမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ တို့အား အချိန်ကိုက်၊ နေရာကိုက် ထိရောက်သော ပစ်ကူပစ်အားပေး၍ အကြမ်းဖက်သမားများအား ချေမှုန်းခဲ့သည်။ သတင်းဖော်ထုတ်ရရှိမှု၊ မြေပြင် သတင်းနှင့် အရပ်ဘက် သတင်းများအရ အကြမ်းဖက် သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများပြားလျက် ရှိပြီး အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ စတင် ဆုတ်ခွာ ထွက်ပြေးလျက်ရှိကြောင်း သိရသည်။
နယ်စပ်ဒေသရှိ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ် စခန်းအား မြေပြင်ချိတ်ဆက်မှု ရရှိနိုင်ရေးနှင့် အကြမ်းဖက်အဖွဲ့များအား တန်ပြန်ပိတ်ဆို့ ချေမှုန်း နိုင်ရေး တပ်မတော်စစ်ကြောင်းများက ချီတက် လျက်ရှိရာ စခန်းအနီး ရောက်ရှိနေပြီဖြစ်ကြောင်း နှင့် စခန်းအား လာရောက်တိုက်ခိုက်သည့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်း အဖွဲ့များ၊ ပတ်ဝန်းကျင်ရှိ အကြမ်းဖက်သမားများ အား ထိရောက်စွာ ဆက်လက်ချေမှုန်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်