ကရင်ပြည်နယ်ခရီးစဉ်ဒေသ(လူထုအခြေပြုခရီးသွားလုပ်ငန်းများ)

Type
1

 

သံတောင်ကြီး  လူထုအခြေပြုခရီးသွားလုပ်ငန်း (Bed & Breakfast Service)


သံတောင်ကြီးမြို့နယ်သည်   ဘားအံခရိုင် အတွင်းတည်ရှိပြီး ဘားအံမြို့မှ မိုင် ၂၆၀ ခန့်အကွာ၊ တောင်ငူမြို့မှ  မိုင်  ၃၀  ခန့်အကွာ  ကရင်ပြည်နယ် မြောက်ပိုင်း ရာသီအေးချမ်းသော အမြင့်ပေ ၄၀၅၀ ကျော်၌ တည်ရှိပါသည်။  မြန်မာ-အင်္ဂလိပ် ဒုတိယ စစ်ပွဲအပြီးတွင် ဗြိတိသျှတို့၏ နွေရာသီရုံး(Summer Office)  ဖွင့်လှစ်နိုင်ရေး    ဂေါ်ရခါးစစ်သားများဖြင့် မြို့ကွက်ဖော်ဆောင်တည်ဆောက်ခဲ့ရာမှ ပေါ်ပေါက် လာသောမြို့လည်း ဖြစ်ပါသည်။ သို့ရာတွင် မိုးရာသီ ၌ သွေးခြည်ဥကာ အနာပေါက်တတ်သော မှက်ကဲ့ သို့သော အင်းဆက်ပိုးကောင်များ ကျရောက်နှိပ်စက် ခြင်းနှင့် ရာသီဥတုအုံ့ဆိုင်း၍ မြင်ကွင်းကြည်လင်မှုမရှိခြင်းတို့ကြောင့် မြန်မာ-အင်္ဂလိပ်တတိယစစ်ပွဲ အပြီးတွင် မေမြို့သို့   နွေရာသီရုံးကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။

 


သံတောင်ကြီးမြို့တွင်  ကရင်လူမျိုးအများဆုံး နှင့် မြန်မာ၊ ဟိန္ဒူ၊ ကရင်နီ စသည့်လူမျိုးများ နေထိုင် ပြီး အများစု ၉၀ ရာခိုင်နှုန်းကျော်မှာ ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြပါသည်။ ကရင်ရှေးဟောင်း ဒဏ္ဍာရီ နော်ဘူဘောတောင်နှင့် ဆုတောင်းတောင် တို့တွင်  ခရစ်ယာန်ဘာသာရေးအခမ်းအနားများ   ကျင်းပပြုလုပ်ချိန်၌     လာရောက်လည်ပတ်သူ   အထူးပင် စည်ကားလှပြီး ပြည်ပခရီးသွား အနည်း ငယ်လည်း  စိတ်ဝင်စားစွာ  လာရောက်လည်ပတ် မှုများ ရှိသဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှစတင် ကာ  ဒေသခံတိုင်းရင်းသားများက   ခရီးသွားများ အတွက် အိပ်ရာနှင့် နံနက်စာဝန်ဆောင်မှုပေးသည့် တည်းခိုခန်း(Bed & Breakfast Service)များကို ပြည်နယ်အစိုးရ၏ လိုင်စင်(၁)နှစ်  သက်တမ်းခွင့်ပြု မှုဖြင့်   စတင်လုပ်ဆောင်ခဲ့ရာ ယခုအချိန်တွင် Bed & Breakfast ကိုးလုံး စုစုပေါင်း အိပ်ခန်း ၅၅  ခန်း အထိ ရှိလာပြီဖြစ်ပါသည်။

 


မွန့်စရီးကျေးရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း (အဆိုပြု)


ကရင်ပြည်နယ်  ဘားအံမြို့နယ်  ဇွဲကပင် တောင်ခြေရှိ မွန့်စရီးကျေးရွာသည်  ၁၉၇၄  ခုနှစ် တွင်   လှိုင်ကမ္ဘာကျေးရွာမှ   ပြောင်းရွှေ့လာသော ကရင်လူမျိုးများဖြင့်     စတင်တည်ထောင်ခဲ့သော ကျေးရွာတစ်ရွာဖြစ်ပါသည်။  ၃၁ ဒသမ ၅ ဧက ကျယ်ဝန်း၍ ဘားအံမြို့တောင်ဘက် ၁၀ ကီလိုမီတာ အကွာ လုမ္ဗိနီဥယျာဉ်အဝင်မုခ်ဦး၏  တောင်ဘက်  မီတာ ၅၀၀ ခန့်၊   မြို့ရှောင်လမ်းဘေး တောင်ခြေနှင့် ကပ်လျက်တွင်တည်ရှိကာ စုစုပေါင်းအိမ်ခြေ ၁၀၀ ကျော်တည်ရှိသော  ကျေးရွာတစ်ရွာ  ဖြစ်ပါသည်။ ပိုးကရင် လူမျိုးများ အများစုနေထိုင်ကြပြီး နှစ်ခြင်း ခရစ်ယာန် (Baptist) ဘာသာကို  ကိုးကွယ်ကာ ကရင်ရိုးရာ“ လည်းကယ်” ဘာသာဝင်အချို့လည်း နေထိုင်ကြပါသည်။   ရပ်မိရပ်ဖများက   စုပေါင်း ဆောင်ရွက်သည့် မိသားစုစိတ်ဓာတ်ဖြင့် အုပ်ချုပ် လျက်ရှိကြောင်း၊ ရှေးလူကြီးများ၏ အဆိုအရ ကရင် ဘာသာဖြင့်“မွန့်စရီး” ကို “စဉ့်အိုးကြီး” ဟုအဓိပ္ပာယ် ရရှိကြောင်း သိရှိရပါသည်။ ကျေးရွာအတွင်း ပန်းခြံ၊ ကွန်ကရစ်ခင်းလျှောက်လမ်း၊ ပန်းအလှအရိပ်ရပင်၊ စုပေါင်း ထမင်းစားဆောင်၊ သီးစုံ ၁၂ မျိုး စိုက်ပျိုး ထားသော သီးစုံခြံ၊ ကရင်ရိုးရာရှေးဟောင်းပုံစံငယ်၊ ခရစ်ယာန်ချာ့(ချ်)၊ အာစီ သုံးထပ်သင်တန်းဆောင် များကို    ကျေးရွာအစီအစဉ်ဖြင့်   ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားပါသည်။

 


ခရီးစဉ်ဒေသတစ်ခုအဖြစ် ပေါ်ပေါက်လာရေး အတွက် ကျန်ရှိနေသေးသော ရွာအဝင်/အထွက် မြေသားလမ်းပြုပြင်ရန်၊    ရွာအဝင်ဆိုင်းဘုတ်၊ အမှိုက်ပုံး၊ အမှိုက်ကျင်း၊ ငါးမွေးကန်ပြုပြင်ရန်၊ မိဘ မဲ့  ကလေးထိန်းသိမ်းစောင့်ရှောက်ရေးကျောင်း စနစ်တကျမွမ်းမံရန်၊      တိုင်းရင်းဆေးခန်းနှင့် တစ်ဧကအကျယ်  ပရဆေးခြံများ    အပြီးသတ် ဆောင်ရွက်ရန်နှင့်   ဧည့်သည်နားနေဆောင်(သို့) ခရစ်ယာန်  ဆရာအတတ်သင်ကျောင်း   (TTC)ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး အဆိုပြုလုပ်ငန်း များအားလုံး  ပြီးစီးသွားမည်ဆိုပါက ဘားအံမြို့၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ  နှစ်နာရီခန့်  (သို့) ညအိပ်   တည်းခိုနားနေနိုင်မည့်   လူထုအကျိုးပြု ခရီးစဉ်ဒေသတစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ပါ သည်။

 


 ကရင်ပြည်နယ်အတွင်း ခရီးစဉ်ဒေသများ
ဆဒ္ဒန်ဂူ


ဆဒ္ဒန်ဂူသည် ဘားအံမြို့နှင့် မိုင်၂၀ ခန့်အကွာ တောင်ဘက် ဇွဲကပင်တောင်စွယ်အဆုံးတွင် တည်ရှိ ၏။ ဘားအံမြို့နယ်အတွင်းရှိ   အိန္ဒုကျေးရွာမှ တစ်ဆင့်   သွားရောက်နိုင်ပါသည်။   ဆဒ္ဒန်လိုဏ်ဂူ သည်  ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာတစ်နေရာ   ဖြစ်သည်။   ဆဒ္ဒန်ဆင်မင်းဝတ္ထု ဇာတ်တော်ပါ    အကြောင်းအရာ   အမှတ်အသားရှိ သော ကျောက်တုံးကျောက်ဆောင်နှင့်   ထူးဆန်း အံ့သြဖွယ်ရာ    လိုဏ်ဂူဖြစ်သဖြင့်   ဆဒ္ဒန်ဂူဟု  ခေါ်တွင်ခဲ့ကြခြင်းဖြစ်သည်။  ဆဒ္ဒန်ဂူသည်   ဗုဒ္ဓ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရှေးဟောင်းပစ္စည်း များကြွယ်ဝသော  ဂူကြီးလည်းဖြစ်သည်။   ဤ လိုဏ်ဂူတော်သည်  တိုးလျှိုပေါက်ကျောက်ဂူဖြစ်ပြီး ဂူပေါက်ဝအကျယ်ဆုံးနှင့် ဂူအတွင်း အလျားအရှည် ဆုံးဖြစ်သည်။  လိုဏ်ဂူ၏ အဝသည်  ပေ ၁၅၀ ခန့် အထိ ကျယ်ဝန်းပြီး အရှည်အားဖြင့်  နှစ်ဖာလုံခန့် ရှိသည်။ ဂူအတွင်း အကျယ်ဆုံးနေရာတွင် ပေ ၅၀ ခန့်ရှိပြီး အကျဉ်းဆုံးအပိုင်းတွင်မူ ၁၅ ပေခန့်သာ ကျယ်သည်။   ဂူအတွင်းသို့     ဝင်လျှင်ဝင်ချင်း ဉာဏ်တော် အတောင်  ၃၀  ခန့်ရှိသော လျောင်းတော် မူတစ်ဆူကို  ဖူးတွေ့နိုင်ပြီး   ဆင်းတုတော်များ၊ စေတီငယ်များကိုလည်း ဂူအတွင်းနေရာအနှံ့အပြား တည်ထားသည်ကို ဖူးတွေ့နိုင်သည်။ ဂူအနောက် ဘက် ထွက်ပေါက်မှတစ်ဆင့်  ဂူအရှေ့ထိ   ဆဒ္ဒန် ရေကန်ငယ်ဖြင့်     ဝန်းရံထားပြီး    အပျော်စီး လှေငယ်များဖြင့်   လှော်ခတ်သွားလာနိုင်သည်။ ဘုရားပွဲကို   သင်္ကြန်ရက်အတွင်း    စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

 


ကော့ဂွန်းဂူ


ကော့ဂွန်းဂူသည် သမိုင်းအရ ရှေးအကျဆုံးနှင့် လေ့လာဖော်ထုတ်၍ မပြည့်စုံနိုင်သော လိုဏ်ဂူကြီး ဖြစ်သည်။ ဘားအံမြို့မှ သံလွင်မြစ်အတိုင်း စုန်ဆင်း ၍ ငါးမိုင်ခန့်အကွာတွင်  အနောက်ဘက်ကမ်း၌ တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၆ ပေရှိသော ဖားကပ်ရွာ၌ တည်ရှိသည်။ ကော့ဂွန်း တောင်မှာ လယ်ကွင်းပြင်တွင်  တစ်တန်းတည်း တည်ရှိနေသော     ထုံးကျောက်တောင်ဖြစ်၏။ ကော့ဂွန်းတောင်၏ အ​ရှေ့မြောက်မျက်နှာစာတွင် ကော့ဂွန်းလိုဏ်ဂူ   တည်ရှိသည်။    ကော့ဂွန်းဂူ၏ သဘာဝအလျောက် ဖြစ်ပေါ်နေသော လိုဏ်ဂူအမိုး နှင့် ဆေးရေးနံရံကျောက်ခက်ကျောက်စွယ်များ သည် လူတစ်ရပ်ခန့်အရွယ်အစားမှ  သုံးလက်မ၊ လေးလက်မအထိ အရွယ်စုံ နံရံကပ်ဆင်းတုတော် များ ထုလုပ်ထားသည်။ ကွက်ပြည့်မျှထုလုပ်ထား သော ပြဒါးရောင်ခြယ်  ရှေးလက်ရာ  မြေမီးဖုတ်၊ အုတ်ခွက်ဗုဒ္ဓဆင်းတုတော်များဖြင့်   ဗုဒ္ဓဆိုင်ရာ ကျောက်ဆစ် ရုပ်ပွားတော်များကို နံရံပြည့် ထွင်းထု ထားပါသည်။   အလားတူ  ဆေးရေးစာ၊    မင်စာ၊ ကျောက်စာနှင့် ရှေးမွန်စာတို့ကိုလည်း လေ့လာနိုင် ပြီး ၁၉  ရာစု   အစောပိုင်း   ခရီးသွားမှတ်တမ်း အထောက်အထားများကို   တွေ့ရှိထားပြီး  ဖြစ်ပါ သည်။ ကော့ဂွန်းဂူဘုရားပွဲတော်ကို ဧပြီလ  သင်္ကြန် အလွန်တွင် နှစ်စဉ် ကျင်းပလေ့ရှိသည်။

 


ကော့ကသောင်ဂူ


ကော့ကသောင်ဂူသည်        ဘားအံမြို့မှ တောင်ဘက်   ခုနစ်မိုင်အကွာ  ဇွဲကပင်တောင်၏ အရှေ့ နှစ်မိုင်အကွာတွင်  တည်ရှိသည်။  ကော့က သောင်ဂူသည်    တစ်ဝက်တစ်ပျက်လုံးဝန်းသည့် ပုံသဏ္ဌာန်ရှိပြီး ပေ ၁၀၀ ခန့်ကျယ်သည်။ ဂူအတွင်း ဘယ်၊ ညာ နှစ်ဖက်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ရှိသည်။ ဂူအတွင်း လှပသော ကျောက်စက်ပန်းဆွဲ များနှင့် ကျောက်စက်မိုးမျှော်များ  တွေ့ရှိရမည်။  ဂူသည်     တစ်ဖက်ပွင့်ဂူ    အမျိုးအစားဖြစ်ပြီး  မျက်နှာဝ  ပေ ၉၀ ပတ်လည်ခန့်၊ အမြင့် ရှစ်ပေနှင့် အလျားပေ  ၁၀၀ ရှိသည်။  ကော့ကသောင်ဂူနှင့်  တစ်ဆက်တည်း      အခြားဂူငယ်များကိုလည်း တွေ့ရှိရမည်။ ကော့ကသောင်ဂူအရှေ့တွင်  အပျော်စီး လှေငယ်များဖြင့်  ရွာအတွင်းသို့  လှော်ခတ်သွားလာ နိုင်သည်။  ဘုရားပွဲကို   နှစ်စဉ်     မြန်မာနှစ်ဆန်း ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပသည်။

 


ရသေ့ပျံဂူ


ဘားအံမြို့မှ ကိုးမိုင်အကွာ၊  ဘားကပ်ရွာမှ သုံးမိုင်အကွာရှိ    ရသေ့ပျံဂူသည်   တောင်ခြေမှ ပေ  ၁၅၀  အမြင့်တွင်   တည်ရှိပြီး နှစ်ဖက်ပွင့် သဘာဝထုံးကျောက်ဂူ      အမျိုးအစားဖြစ်သည်။ ဂူအတွင်း ဘုရားစေတီတည်ထားခြင်းကို ရသေ့ပျံ နှင့်    ဆဒ္ဒန်ဂူများတွင်သာ     တွေ့ရှိရပါသည်။  မြေစေး၊ သစ်သားတို့ဖြင့်ပြုလုပ်ထားသော   ပုဂံ၊  အင်းဝ၊ တောင်ငူနှင့်      ကုန်းဘောင်ခေတ်ပြိုင်ကာလ ဟိန္ဒူလက်ရာများတွေ့ရှိရသဖြင့် ဗုဒ္ဓဘာသာသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်ကပင် မြန်မာနိုင်ငံ သို့  သြဇာသက်ရောက်လျက်ရှိသည့်  အထောက် အထားများအဖြစ်  တွေ့ရှိရပါသည်။ ဂူအတွင်း၌ သက်ရှိမျိုးစိတ် လေးမျိုးနှင့် ကျောရိုးမဲ့မျိုးစိတ်  ၁၅ မျိုး  နေထိုင်ကျက်စားကာ  လင်းနို့အကောင်ရေ ၆၀၀၀၀ ကျော် တွေ့ရှိရပါသည်။ ၂၀၁၈ ခုနှစ်တွင် ဂူအနောက်ပေါက်၌   မီတာ  ၂၀၀  ခန့်ရှည်သော  ရှုခင်းသာတံတားကို  သံဖရိန်ဖြင့်  တည်ဆောက်ထား ပြီး ညနေဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်ပါ သည်။ ၂၀၁၉ ခုနှစ်၌  ဂူအရှေ့ဘက်တွင် မီတာ ၅၀၀ ခန့် အကျယ်အဝန်းရှိသော  သဘာဝရေလိုဏ်ဂူတစ်ခု ကို ခရီးသွားများ လေ့လာနိုင်ရန်အတွက်  စတင် ဖွင့်လှစ်ခဲ့ပြီး    ခရီးစဉ်ဒေသအသစ်တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ပါသည်။

 


ကျောက်ကလပ်


ကျောက်ကလပ်စေတီသည်   လယ်ကွင်း အတွင်း လူတို့ပြုလုပ်ထားသော ရေကန်၏အလယ် တွင် ထူးခြားစွာ ထိုးထွက်နေသော ကျောက်လုံးကြီး ပေါ်တွင် တည်ထားပါသည်။ စေတီသည် ဘားအံမြို့ မှ ခုနစ်မိုင်ခန့်ကွာဝေးပြီး သံလွင်မြစ်၏ အရှေ့ဘက် ကမ်း   တော်ပုံကျေးရွာအနီးတွင်  တည်ရှိသည်။ စေတီသည် မြန်မာပြည်ရှိ အခြားသော ဘုရားစေတီ များနှင့်မတူဘဲ ရှည်မျောမျော ကျောက်တုံးကြီးပေါ် တွင် တည်ရှိပါသည်။ ကျောက်တောင်ပေါ်မှနေ၍ ဘေးပတ်ဝန်းကျင်  ရှုခင်းများနှင့်  မလှမ်းမကမ်းမှ ဇွဲကပင်စေတီကို လှမ်းမြင်ရသည်။ ညနေခင်းနေဝင် ချိန်အလှကိုလည်း တောင်ပေါ်မှ မြင်နိုင်ပါသည်။ စေတီသို့   လာရောက်သည့်  ခရီးသွားဧည့်သည် များအား သက်သတ်လွတ်ဟင်းလျာများ    နေ့စဉ် ကျွေးမွေးလျက်ရှိသည်။

 


ကျုံထော်ရေတံခွန်


ကျုံထော်ရေတံခွန်သည် ဘားအံမြို့မှ မြောက် ဘက်  ၅၅ မိုင်ခန့်အကွာ မြိုင်ကြီးငူ အထူးဒေသတွင် တည်ရှိပြီး ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးသည် များ  များပြားစွာ   လာရောက်လည်ပတ်နေသော ခရီးစဉ်ဒေသတစ်ခု   ဖြစ်ပါသည်။   ပင်မရေအိုင် အကျယ် (၁၅၀x၇၅) မီတာခန့်ရှိပြီး အမြင့် ၁၀ မီတာ ကျော်ခန့်မှ အဆင့်သုံးဆင့်ဖြင့် ရေများ စီးဆင်းနေပါ သည်။ အနက်ဆုံးနေရာသည် ပေ ၃၀ ခန့်ရှိပြီး မိုးရာသီတွင်  ရေစီးအားကောင်းကာ   သွားလာရန် ခက်ခဲသည့်အတွက် ပွင့်လင်းရာသီရောက်ရှိမှသာ ပြည်တွင်းခရီးသည်များ    လာရောက်လည်ပတ် လျက်ရှိပါသည်။ အရှေ့ဘက် ၂၈  ကီလိုမီတာခန့် အကွာသည်    ထိုင်းနိုင်ငံနယ်စပ်   ဖြစ်ပါသည်။ သက်သတ်လွတ် နယ်မြေတစ်ခုလည်းဖြစ်ပြီး ခရီး စဉ်ဒေသစီမံအုပ်ချုပ်မှုကို မြိုင်ကြီးငူ ဆရာတော် များက  တိုက်ရိုက်ထိန်းသိမ်းကြီးကြပ်   လုပ်ကိုင် လျက်ရှိပြီး ပြည်နယ်အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း များကလည်း လိုအပ်ချက်များ တောင်းခံလာပါက  ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 


ဘုရင့်ညီဂူ


ဘုရင့်ညီဂူသည်  ဘားအံမြို့မှ  ၁၂  မိုင်ခန့် အကွာ ဘားအံ-သထုံကားလမ်းအနီးတွင် တည်ရှိပြီး တစ်ဖာလုံခန့်အရှည်ရှိသော ဂူအတွင်း ရှေးဟောင်း ဘုရားများကို ဖူးမြော်နိုင်ပါသည်။ မြေပြင်မှဂူသို့ တက်ရောက်ရာ တောင်စောင်းတစ်လျှောက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများကိုလည်း   ဖူးမြင်နိုင်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် များဖြစ်သည့်   ရှေးဟောင်းလက်လုပ်မြေအုတ်၊ ဂဝံကျောက်အုတ်များဖြင့် ထုလုပ်ပူဇော်ထားသော ဘုရားများစွာ တည်ရှိပါသည်။ ဂူ၏မျက်နှာစာတွင် သဘာဝရေပူ၊ ရေအေး စိမ့်စမ်းအိုင်များ၌ ရေချိုးနိုင် ပြီး ဂူအတွင်း သက်ရှိမျိုးစိတ် လေးမျိုး၊ လင်းနို့ ၂၀၀၀ ခန့်နှင့် ကျောရိုးမဲ့ ကိုးမျိုး သဘာဝအတိုင်း ဘေးမဲ့ ပေးထားသည့်အတွက် လေ့လာကြည့်ရှုနိုင်ပါသည်။

 


ဣစ္ဆာသယဂူ


ဘားအံမြို့ အရှေ့ဘက်   ခုနစ်မိုင်ခန့်အကွာ နောင်ပလိန်ကျေးရွာအနီးတွင်   တည်ရှိ၍   မူလ သဘာဝအတိုင်း ကျန်ရှိနေသေးသော ပေ ၁၂၀၀ ခန့်အရှည်ရှိ နှစ်ဖက်ပွင့်ထုံးကျောက်ဂူအမျိုးအစား  ဖြစ်ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ခရီးသွား များလေ့လာကြည့်ရှုနိုင်သည့် ခရီးစဉ်ဒေသတစ်ခု အဖြစ်  ပေါ်ပေါက်လာရေးအတွက်   ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများနှင့်    ဒေသခံပြည်သူများက ပူးပေါင်းအကောင်အထည်ဖော်လျက်    ရှိပါသည်။ အနာဂတ်တွင်   ဂူအနီးပတ်ဝန်းကျင်၌   ဆင်စခန်း အဖြစ် တည်ဆောက်သွားရန် လျာထားပါသည်။

 


လင်းနို့ဂူ


လင်းနို့ဂူသည် ဘားအံမြို့ ဖားကပ်ကျေးရွာ သံလွင်မြစ်ကမ်းဘေးတွင်   တည်ရှိပြီး   သက်ရှိ မျိုးစိတ် လေးမျိုးနှင့် လင်းနို့ ၅၀၀၀၀၀ ကျော်နေထိုင် ကျက်စားလျက်ရှိပါသည်။  ညနေ  နေဝင်ချိန်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ     လင်းနို့ ထွက်ချိန်     နေ့စဉ်စောင့်ကြည့်လေ့လာခြင်းများ ဖြင့် စည်ကားလေ့ရှိပါသည်။ ၂၀၁၉ ခုနှစ် ပွင့်လင်း ရာသီမှစ၍  Golden Myanmar River Cruise က သံလွင်မြစ်တွင်း     အပျော်စီးသင်္ဘောခရီးစဉ်ကို တစ်ပတ်လျှင် သုံးရက်၊ ရွှေယဉ်မျှော်မှ လင်းနို့ဂူခရီး စဉ်နှင့်  ရွှေယဉ်မျှော်မှ   ဖားမဲတောင်   ခရီးစဉ်များကို စမ်းသပ်ပြေးဆွဲလျက်ရှိပါသည်။


(ဆက်လက်ဖော်ပြပါမည်)