
ဓာတ်ပုံ - စောမျိုးမင်းသိန်း
ယမန်နေ့မှ အဆက်
တောင်ဝိုင်းတောင်
တောင်ဝိုင်းတောင်သည် ဘားအံမြို့မှ ငါးမိုင် ခန့် ဘားအံ-လှိုင်းဘွဲ ကားလမ်းအနီး တောင် ကလေးကျေးရွာတွင် တည်ရှိပြီး အမြင့်ပေ ၇၀၀ ခန့်နှင့် လှေကားများကို စတီးပေါင်များဖြင့် ပြုလုပ် ထားပြီး ပြည်တွင်းခရီးသွားများ အပန်းဖြေ လာရောက်လျက်ရှိပါသည်။
လွန်းည(ရေပြာအိုင်)
လွန်းညတောင်သည် ဘားအံမြို့မှ ၁၆ မိုင်ခန့် အကွာ ဘားအံ-မြဝတီကားလမ်းပေါ်ရှိ သမိုင်းဝင် လွန်းညစေတီအနီး၌ တည်ရှိသည်။ မီတာ ၂၀၀ ခန့် ရှည်လျားသော အကျယ်သုံးပေရှိ ကွန်ကရစ် တံတားပေါ်မှ ပတ်ဝန်းကျင်ရေပြင်နှင့် လယ်ကွင်း များ၊ လွန်းညတောင်တို့အလှကို ခံစားနိုင်ပြီး ပြည်တွင်းခရီးသွားများ အပန်းဖြေလာရောက် လျက်ရှိပါသည်။
အခြားဂူများ
ကျွဲမင်းဂူသည် ရသေ့ပျံဂူအနီးတွင် တည်ရှိပြီး ဂူအတွင်း၌ သက်ရှိသတ္တဝါ ကိုးမျိုး နေထိုင် ကျက်စားကာ လင်းနို့အကောင်ရေ ၆၀၀၀ ကျော် ရှိပြီး ကမ္ဘာ့အသေးဆုံး လင်းနို့မျိုးစိတ်သစ်ကို တွေ့ရှိ နိုင်ပါသည်။ ဂူအား ဆရာတော်က ထိန်းသိမ်းထားရှိ ပြီး သဘာဝအတိုင်း တွေ့မြင်နိုင်ပါသည်။
တောင်ကလေးဂူသည် ဘားအံမြို့ ကမမောင်း ကျေးရွာအနီးတွင် တည်ရှိပြီး သက်ရှိမျိုးစိတ် နှစ်မျိုး နေထိုင်ကျက်စားကာ လင်းနို့အကောင်ရေ ၅၀၀၀၀၀ ကျော်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ လင်းနို့ချေးထုတ်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ခရီးသည်ရောက်ရှိမှု နည်းပါးပါသည်။
ချစ်သူမြိုင်အပန်းဖြေဥယျာဉ်
ဘားအံမြို့ တော်ပုံကျေးရွာအုပ်စု ဘားအံ-ကော့ကျိုက်မှ တော်ပုံသို့သွား မြို့ရှောင်လမ်းဘေး တွင်တည်ရှိပြီး ချစ်သူမြိုင်ဟိုတယ်နှင့် အပန်းဖြေ ဥယျာဉ်အား တွဲဖက်၍မြေဧရိယာ ၆ ဒသမ ၃၃ ဧက ပေါ်တွင် တည်ဆောက်ထားပါသည်။ ဟိုတယ် လုပ်ငန်းနှင့် အပန်းဖြေဥယျာဉ်လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးငွေကျပ်သိန်း ၃၀၀၀၀ ခန့် ရင်းနှီးမြှုပ်နှံထားပါသည်။ ဥယျာဉ်အတွင်း ရေလွှာ လျှောစီးခြင်း၊ Jetskii စီးနင်းခြင်း၊ ပန်းဥယျာဉ်၊ စားသောက်ဆိုင်၊ ရိုးရာအိမ်၊ Mini Cinema ၊ ကလေးကစားကွင်းနှင့် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ သက်သောင့်သက်သာ အနားယူ အပန်းဖြေနိုင်ရန် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။
ပရေကြေတို ရေတံခွန်
ပရေကြေတိုရေတံခွန်သည် လှိုင်းဘွဲမြို့နယ် ရှမ်းရွာသစ်အနီးတွင်တည်ရှိပြီး ဘားအံမှ မိုင် ၅၀ အကွာ ဘားအံ-လှိုင်းဘွဲ ၂၅ မိုင် ကတ္တရာလမ်းနှင့် လှိုင်းဘွဲ-ရှမ်းရွာသစ် ၂၅ မိုင် မြေသားလမ်းကို Steel Stone Co.,Ltd မှ ၂၀၁၇ ခုနှစ် ပွင့်လင်းရာသီတွင် ကတ္တရာလမ်း ဆောက်လုပ်ဖွင့်လှစ်ခဲ့ပါသည်။ ပရေ ကြေတို ရေတံခွန်သည် အဆင့် ၁၀ ဆင့်ခန့်ရှိပြီး ရေတံခွန်အပေါ်ပိုင်းတွင် ပိုမိုလှပစွာဖြင့် ရေလုံးကြီး များ ကျောက်ကြားမှ စီးဆင်းနေသော အလှအပများ နှင့် ရေလွှာလျှောစီးခြင်းများကို လေ့လာကြည့်ရှု ခံစားနိုင်ပါမည်။ကရင်ပြည်နယ်အစိုးအဖွဲ့၊ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများက ခရီးစဉ်ဒေသသစ်တစ်ခုဖြစ်ပေါ်လာ ရေး လျာထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
တောနော်ရေတံခွန်
တောနော်ရေတံခွန်သည် ကော့ကရိတ်မြို့နယ် အာရှအဝေးပြေးလမ်းမကြီးအနီးတွင် တည်ရှိပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် အကြိုဖွင့်လှစ်ခဲ့ကာ အဆင့််သုံးဆင့်ရှိ ရေတံခွန် အမျိုးအစားဖြစ်ပြီး ခရီးစဉ်ဒေသအသစ် တစ်ခုအဖြစ် အဆင့်မြှင့်တင် ခြင်းကို ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်များက ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အချိန်တွင် ရေတံခွန်အနီး၌ အပန်းဖြေဘန်ဂလိုများ၊ စျေးဆိုင် တန်းများကို ဆောက်လုပ်ထားပြီး အဆင့်ဆင့် တိုးမြှင့်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ငှက်ကြည့်ခရီးစဉ်(ခရုစုပ်ငှက်)
ဘားအံမြို့မှ ၁၅ မိုင်ခန့်အကွာ ဘားအံ-မော်လမြိုင်ကားလမ်းဘေး ကော့ဒီကျေးရွာ၌ ခရု စုပ်ငှက်အကောင်ရေ ၁၀၀၀၀၀ ခန့် သဘာဝ အတိုင်း နေထိုင်ကျက်စားလျက်ရှိရာ ယခုအခါ ငှက်ကြည့်စင်ကို တည်ဆောက်ထားပြီး ပြည်နယ်၏ ခရီးသွားဆွဲဆောင်မှု ခရီးစဉ်ဒေသအသစ်တစ်ခု ဖြစ်ပေါ်လာရေး လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
ရွှေယဉ်မျှော်စေတီ
(၁၃၁၇ ခုနှစ် ပထမဝါဆိုလဆုတ် ၃ ရက်နေ့) ၁၉၅၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် သာသနာရေးဝန်ကြီးဌာနမှ ဦးမန်းမြစိန် နှင့် ဦးသာဒက်တို့က ဂရန်နှင့်တကွ မြေပုံကို ဘားအံမြို့နယ် သံဃနာယကဆရာတော်များနှင့် လေသာကျောင်းတိုက်ဆရာတော်ကြီး ဦးစန္ဒော ဘာသထံသို့ ပြန်လည်လွှဲပြောင်း ဆက်ကပ် ခဲ့ပါသည်။ ရွှေယဉ်မျှော် ပြည်တော်ဧစေတီသည် ဘားအံမြို့၏ အနောက်မြောက်ထောင့် သံလွင် မြစ်ကမ်းနဖူး ကျောက်ကုန်းမြင့်ကြီးပေါ်တွင် တည်ထားပါသည်။ ၁၃၂၀ ပြည့်နှစ် ကဆုန်လဆန်း ၁၀ ရက်(တနင်္ဂနွေနေ့) တွင် စတင်၍ အုတ်မြစ်ချပြီး ဉာဏ်တော် ၃၂ တောင်ရှိ စေတီတော်ကြီးနှင့် အရံ စေတီလေးဆူတို့ကို တည်ထားခဲ့ပါသည်။
ကန်သာယာ
ဘားအံမြို့လယ်တွင် တည်ရှိကာ သဘာဝကို ပြုပြင်မွမ်းမံထားသော မြို့ကျက်သရေဆောင် ဖြစ်ပြီး ပြည်နယ်အထိမ်းအမှတ် ဇွဲကပင်တောင်နှင့် လိုက်ဖက်စွာ တည်ရှိနေပါသည်။ ခရီးသွားများနှင့် ပြည်သူများ အပန်းဖြေလေ့လာခြင်း၊ ကျန်းမာရေး နှင့် အားကစားပြုလုပ်နိုင်ရန် ကန်ပတ်လမ်း၊ ညဈေးတန်း၊ အများသုံးအိမ်သာ၊ ပန်းခြံနှင့် အပန်း ဖြေရန်နေရာများ ပြုလုပ်ပေးထားပါသည်။
ဇွဲကပင်တောင်နှင့် လုမ္ဗိနီဥယျာဉ်
ဘားအံမြို့၏တောင်ဘက် ၁၀ ကီလိုမီတာ အကွာတွင် တည်ရှိပြီး အမြင့် ၂၃၇၂ ပေရှိ၍ တောင်ထိပ်သို့ တက်ရန် သုံးနာရီခန့်ကြာမြင့်ပါသည်။ ဗုဒ္ဓဘုရားရှင်၏ ဆံတော်များ ပူဇော်ထားရှိပါသည်။ ဘုရားပွဲကို နှစ်စဉ် တပေါင်းလပြည့်နေ့ရောက်တိုင်း ကျင်းပကြပါသည်။
ခရီးစဉ်ဒေသသစ်များ
ဘားအံမြို့နယ် ကြာအင်းတောင်ခရီးစဉ်
ဘားအံမြို့ရှိ ကြာအင်းတောင်သည် ပေ ၁၅၀၀ ခန့် မြင့်မားပြီး ခရီးစဉ်အသစ်အဖြစ် မြို့ခံ ပြည်သူများသာမက အခြားဒေသမှ ပြည်တွင်းခရီး သွားဧည့်သည်များပါ လာရောက်လည်ပတ်လျက် ရှိပြီး ပြည်နယ်အစိုးရက ရှုခင်းသာ၊ အများသုံး သန့်စင်ခန်း လေးခန်းတွဲ တစ်လုံးနှင့် ရှစ်ခန်းတွဲ တစ်လုံး၊ ကားရပ်နားကွင်း နှစ်ခု တည်ရှိကာ အစ ရှိသည်တို့ကို စိတ်ချမ်းမြေ့စွာ အပန်းဖြေလေ့လာနိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြ အပ်ပါသည်။
မိဇံအပန်းဖြေစခန်း
ဘားအံမြို့၏မြောက်ဘက် သုံးမိုင်ခန့်အကွာ သံလွင်မြစ်ကမ်းနံဘေးတွင် UHM ကုမ္ပဏီမှ ဝယ်ယူ ထားသော ဘားအံမြို့ မိဇံကျေးရွာအုပ်စု မိဇံတောင် စွန်းကွင်းရှိ မြေဧရိယာ ၁၀ ဒသမ ၇၂ ဧကခန့် အကျယ်အဝန်းရှိမြေပေါ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအပေါ် ဆွဲဆောင်နိုင်မည့် အုန်းမွှေး စိုက်ခင်းများပါဝင်သော သဘာဝအခြေခံ အပန်းဖြေအနားယူစခန်းနှင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။
ဘားမဲတောင် အပန်းဖြေဥယျာဉ်
မြဝတီမြို့နယ် လေးကေ့ကော်ခရီးစဉ်
မြဝတီမြို့မှ ၁၂ ကီလိုမီတာခန့်အကွာတွင် ဂျပန်နိုင်ငံ အကူအညီဖြင့် တည်ဆောက်ထားသော လေးကေ့ကော်မြို့သစ်သို့ အနီးပတ်ဝန်းကျင်မှ ပြည်သူများ လာရောက်လေ့လာလည်ပတ်လျက် ရှိပြီး မြို့သစ်အတွင်း ရှုခင်းသာ၊ စိုက်ပျိုးရေးခြံ၊ စာကြည့်တိုက်များကို ဖွင့်လှစ်ထားရှိကာ အနီးပတ် ဝန်းကျင်ရှိ ရေတံခွန်များသို့လည်း သွားရောက် လည်ပတ်နိုင်ပြီဖြစ်ပါသည်။
မြဝတီမြို့နယ် မုလအိစေတီခရီးစဉ်
ကရင်ပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်သည့် မုလအိတောင်သည် ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၆၀၀၀ ကျော်တွင် တည်ရှိကာ ဘားအံမြို့၏ အရှေ့တောင်ဘက် မိုင်ပေါင်း ၁၀၀ ကျော်၊ မြဝတီမြို့မှ မိုင် ၆၀ ခန့်အကွာအဝေးတွင် တည်ရှိပါသည်။ မုလအိစေတီတော်သို့ ဘားအံ- မြဝတီ-တနော်ထာ့လမ်းကြောင်းအတိုင်း မော်တော် ယာဉ်ဖြင့် တက်ရောက်နိုင်သကဲ့သို့ ဘားအံ-ကော့ကရိတ်-ကျိုက်ဒုံလမ်းခွဲမှတစ်ဆင့် ကျိတ်-တဒဲ့ခို ကျေးရွာလမ်းကြောင်းအတိုင်း ခြေကျင်ခရီး ဖြင့်လည်း တက်ရောက်နိုင်ပါသည်။
ဘုရားသုံးဆူမြို့နယ် ချောင်းဆုံရေတံခွန်ခရီးစဉ်
ဘုရားသုံးဆူမြို့ ချောင်းဆုံကျေးရွာတွင် တည်ရှိသော သဘာဝရေတံခွန်မှာ (၂၀၀ x ၁၀၀) မီတာ ရေစီးချောင်းအကျယ်ရှိပြီး ချောင်းအတွင်း လူ ၁၀ ဦးဆံ့ တဲ ၁၀ လုံး၊ ချောင်းဘေး လူ ၁၀ ဦးဆံ့ တဲ ၂၃ လုံးတို့ကို ရေပေါ်နှစ်ဖက်နှင့် ချောင်းကမ်း ပတ်လည်တွင် တည်ဆောက်ထားပါသည်။ စားသောက်ဆိုင်၊ မင်္ဂလာခန်းမ၊ ကမ်းနဖူး Bar ဆိုင်၊ နှစ်ခန်းတွဲ ဘန်ဂလို ၂၄ လုံးတို့ကို တည်ဆောက်လျက်ရှိပါသည်။
ဘုရားသုံးဆူမြို့နယ် မက္ကသာ( ထီလောင်ယှူး)
ရေတံခွန်ခရီးစဉ်
ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ အနီး မက္ကသာဘေးမဲ့သစ်တောဧရိယာအတွင်းရှိ ထီလောင်ယှူးရေတံခွန်သည် သဘာဝရေတံခွန် တစ်ခုဖြစ်ပြီး အပျော်တမ်းလှေစီးခြင်း၊ ရေကူးခြင်း၊ အပန်းဖြေစားသောက်နိုင်သော စားသောက်ဆိုင် များ တည်ဆောက်ထားရှိပါသည်။
ဘုရားသုံးဆူမြို့နယ် သဘာဝရေကူးကန်နှင့်
အပန်းဖြေစခန်း
ဘုရားသုံးဆူမြို့ ကျောက်ပလူးကျေးရွာတွင် တည်ရှိပြီး လူလုပ်သဘာဝရေတံခွန်(ရေကူးကန်) တစ်ခုဖြစ်ကာ (၉၃/၉၄) ကီလိုမီတာအကြား အကျယ် (၂၀၀ x ၆၀) ပေခန့်၊ အနက် လေးပေရှိ၍ အနားယူတဲအလုံး ၃၀ အား ကန်ပတ်လည်တွင် တည်ဆောက်ထားရှိပြီး အများသုံးအိမ်သာ(ကျား/မ) လေးခန်းတွဲ တစ်လုံးကိုလည်း တည်ဆောက်လျက် ရှိပါသည်။
သံလွင်မြစ်ကြောင်းအပျော်စီးခရီးစဉ်
သံလွင်မြစ်ကြောင်းအတွင်း၌ အပျော်စီး သင်္ဘောခရီးစဉ်ကို ထီးလှိုင်ရှင်နှစ်ထပ်သင်္ဘော ဖြင့် ၂၀၁၈ ခုနှစ်တွင် သီတင်းပတ်တစ်ပတ်လျှင် သုံးရက်၊ တစ်ရက်လျှင် နှစ်ကြိမ်ဖြင့် စမ်းသပ်ပြေးဆွဲ ခဲ့ပါသည်။ ဒေသခံလုပ်ငန်းရှင် တစ်ဦးကလည်း ပြည်တွင်း၊ ပြည်ပခရီးသည်များ မြစ်ကြောင်းအတိုင်း အပျော်စီးနင်း လေ့လာနိုင်ရန်အတွက် ထီးလိုဝိုင် အမည်ရှိ သင်္ဘောငယ်ဖြင့် ငှားရမ်းမှုရှိပါက စမ်းသပ် ပြေးဆွဲလျက်ရှိပါသည်။
ဗုဒ္ဓဂယာ ခရီးစဉ်
ဘားအံမြို့၏ အရှေ့တောင်ဘက် ခုနစ်မိုင်ခန့် အကွာ ကော့ကသောင်ကျေးရွာအနီးတွင် မြေ ဧရိယာ အကျယ်အဝန်း လေးဧကခန့်အတွင်း၌ သမိုင်းဝင် ဗုဒ္ဓသံဝေဇနိယလေးဌာန အထိမ်းအမှတ် ဗုဒ္ဓရုပ်ပွားတော်များနှင့် ကျောက်စာတိုင်များကို ထုလုပ်ပူဇော်၍ အများပြည်သူများ ကြည်ညို လေ့လာနိုင်စေရန် ဗုဒ္ဓဂယာ ခရီးစဉ်ဒေသတစ်ခု အဖြစ် ဒေသခံ ဆရာတော်တစ်ပါးက ဦးစီး ဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိပါသည်။
ပလက်ဝဆည်အပန်းဖြေခရီးစဉ်
သံတောင်ကြီးဒေသ ဘောဂလိမြို့နယ်အတွင်း ရှိ ပလက်ဝဆည်၌ ပဉ္စမအကြိမ် ငါးမျိုး တစ်သိန်းခွဲ ထပ်မံစိုက်ထည့်ခဲ့ပြီး စုစုပေါင်း စိုက်ထည့်ခဲ့သည့် ငါးမျိုးအရေအတွက်မှာ ခုနစ်သိန်းအထိ ရှိလာပြီ ဖြစ်ပါသည်။ ပလက်ဝဆည်အတွင်း အပျော်ငါးမျှား ခြင်း၊ လှေစီးခြင်းနှင့် အပန်းဖြေအနားယူနိုင်သော Ecotourism ခရီးစဉ်ဒေသအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ က လျာထားဆောင်ရွက်လျက်ရှိပါသည်။
မိုးပျံပူဖောင်းခရီးစဉ်
Oriental Balloon Co.,Ltd နှင့် Shwe Lay Ta Gon Co.,Ltd တို့ကလည်း လာရောက်လည်ပတ် ကြသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အား မိုးပျံပူဖောင်းဖြင့် စီးနင်းလိုက်ပါ၍ ဘားအံမြို့ အလှကို ကြည့်ရှုနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် အတွင်း စမ်းသပ်ပျံသန်းခဲ့ပြီး ဖြစ်ပါသည်။ ။
- Log in to post comments