
နေပြည်တော် ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်တွင်း နေရပ် စွန့်ခွာသူများ၏ စခန်းများကို ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့် အညီ ပိတ်သိမ်းဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ် စုံနံ့သာမြိုင်ဆွေမြို့တော် မြိုင်ကြီးငူအထူးဒေသသို့ ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့က ကွင်းဆင်းကြည့်ရှု ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
စနစ်တကျပိတ်သိမ်းရေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူ အထူးဒေသရှိ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ အရှင်ဉာဏ္ဏိတ ထံသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ကရင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအား ပြန်လည်နေရာချထားပေးရေးနှင့် ယာယီခိုလှုံရာစခန်းများ ကို စနစ်တကျပိတ်သိမ်းရေးလုပ်ငန်းများကို အမျိုးသား အဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ပေးမည့်ကိစ္စများ နှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားကာ ဆရာတော်၏ အကြံပြုမှုများ ရယူခဲ့ကြသည်။
ထို့နောက် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် မြိုင်ကြီးငူအထူးဒေသတွင် ရောက်ရှိနေကြသော ပြည်တွင်းနေရပ်စွန့်ခွာကြသည့် တိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူ ၅၂၈၁ ဦးအတွက် တစ်လစာဆန်ရိက္ခာဖိုး ငွေကျပ် ၄၇၅၂၉၀၀၀ ကို ပေးအပ် သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ပွဲရှောင် ကျေးရွာ ၂၄ ရွာ၏ ရွာလူကြီးများနှင့် တွေ့ဆုံ၍ အကြောင်း အမျိုးမျိုးကြောင့် ယာယီခိုလှုံရာစခန်းများသို့ လာရောက် နေထိုင်ကြသော မိမိတို့၏ တိုင်းရင်းသားပြည်သူများနှင့် မျိုးဆက်သစ်ကလေး သူငယ်များအတွက် ပိုမိုကောင်းမွန် သော အခြေအနေများကို ဖန်တီးပေးနိုင်ရန် အစိုးရက ဦးဆောင်ပြီး အားလုံးပူးပေါင်းမှုဖြင့် ဆောင်ရွက်မည့် အစီအစဉ် များကို လာရောက်ရှင်းလင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိသော ယာယီခိုလှုံရာ စခန်းများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ အနာဂတ် အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်ကြောင်း။
ပံ့ပိုးကူညီမှုများဆောင်ရွက်
တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဘေးကင်းလုံခြုံမှုရှိရေး၊ ဂုဏ်သိက္ခာရှိရေးနှင့် မှီခိုမှုကင်း သော ဘဝများ ပြန်လည်ရပ်တည်နိုင်ရေးအတွက် ရည်ရွယ် ၍ ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေး နေရာရွေးချယ်ရာတွင် မိမိတို့ မူလနေထိုင်ရာဒေသ (သို့မဟုတ်) မူလနေထိုင်ရာဒေသနှင့် အနီးစပ်ဆုံးနေရာ (သို့မဟုတ်) အားလုံးသဘောတူ ရွေးချယ်မှု များဖြင့် သင့်လျော်သည်ဟု သတ်မှတ်သောနေရာများဖြစ် ကြောင်း၊ အဆိုပါ ကိစ္စများအတွက် တိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူများ၏ သဘောထားအမြင်များကို သိရှိလို၍ လာရောက် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် စတင်တာဝန်ယူ ချိန်မှစ၍ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်ပါကြောင်း၊ ကရင်ပြည်နယ်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စံနမူနာပြ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းသည့် အခြေအနေကို ဆက်လက်တည်မြဲအောင် ထိန်းသိမ်းပေးကြပါရန် တိုက်တွန်း လိုပါကြောင်း၊ ယခု လာရောက်ဆွေးနွေးခြင်းသည် ပြည်ထောင်စုသားချင်းများအားလုံး၏ ဘုံရည်မှန်းချက်ဖြစ် သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ တွင် အားလုံးသာတူညီမျှခံစားရရှိရေးအတွက် ဆောင်ရွက် ခြင်း၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မိမိ တို့၏ အကျိုးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်ပေး
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်က တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများ အတွက် ယခုထက်သာလွန်ကောင်းမွန်သောနေရာများ၊ အခြေအနေများ ဖန်တီးဆောင်ရွက်ပေးရန် လာရောက် ဆွေးနွေးခြင်းဖြစ်ရာ မိမိတို့၏ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် စဉ်းစားပေး၍ ပူးပေါင်းဆောင်ရွက်ပေး ကြပါရန် တိုက်တွန်းစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူ၊ အေးလင်းသာယာကွင်း တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ပြီး တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ယခုယာယီ ခိုလှုံရာစခန်း၌ ကလေးသူငယ်များ အများအပြားတွေ့ရှိ ရပါကြောင်း၊ မိမိတို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ်များ၏ အနာဂတ်သည် အရေးကြီးပါကြောင်း၊ ၎င်းတို့၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကိုယ်ခန္ဓာ ပုံမှန် ကြီးထွားစေရေး ဆောင်ရွက်ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ် အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့် ပညာပေးအစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်လည်း ဦးစားပေးအဆင့် အကျိုးခံစားခွင့်ရရှိလျက်ရှိပါကြောင်း၊ ထို့အပြင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ မသန်စွမ်းသူများကိုလည်း ထောက်ပံ့ပေး လျက်ရှိကြောင်း၊ မိမိတို့၏ ရပ်တည်မှုအတွက် အလုပ်လုပ် ကြရသည်ဖြစ်ရာ အသိပညာ အတတ်ပညာများနှင့် အသက် မွေးဝမ်းကျောင်းပညာများ ရရှိရန်လည်းလိုပါကြောင်း၊ ထို့အတွက် အစိုးရအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ ယခု ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအတွက် အတည်တကျနေရာ၊ အလုပ်အကိုင်အခွင့်အလမ်းများဖြင့် အခြေကျ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရက စီမံချက်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ရာ ပူးပေါင်းပါဝင်ပေးရန်နှင့် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယာယီခိုလှုံ ရာစခန်းတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူများ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ လာရောက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပါက တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများအတွက် မြေနေရာ၊ နေအိမ်အဆောက်အဦ၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက် ပေးမည်ကို မေးမြန်းရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မဟာဗျူဟာနှင့်အညီ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသောဘဝများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အစိုးရ၊ ပြည်သူနှင့် ပြည်တွင်း ပြည်ပ အလှူရှင်များ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ စနစ်တကျဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်ရန် အားလုံး၏သဘောတူညီ ချက်များရရှိရန်လိုအပ်ပြီး ပူးပေါင်းပါဝင်မှု လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ကျောင်းဝတ်စုံများထောက်ပံ့
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စခန်းရှိ ကျောင်းသား ကျောင်းသူ ၂၆၁ ဦးအတွက် ကျောင်း ဝတ်စုံများထောက်ပံ့ခြင်း၊ စခန်းရှိပြည်သူများအတွက် အဝတ်အထည်များထောက်ပံ့ခြင်း၊ မိုင်းထိလူနာတစ်ဦး အတွက် ငွေကျပ် နှစ်သိန်း ထောက်ပံ့ခြင်းနှင့် ကလေးသူငယ် များအတွက် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်နေရာချထားရန် လျာထားသည့် ကျောက်စာကွင်း အရှေ့ မြေနေရာနှင့် ရက်ကန်းပညာသင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးမည့် ရက်ကန်းရုံနေရာများကို သွားရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်း ယာယီခိုလှုံရာစခန်းများရှိ တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအား ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်နိုင်ရန် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အဆောက်အဦ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို သွားရောက် ကြည့်ရှုခဲ့ကြသည်။
အားပေးစကား ပြောကြား
ဆက်လက်ပြီး ဘားအံမြို့ ဓမ္မဝိဇယရံသီ ပါရိုကျောင်း တိုက်၌ ဖွင့်လှစ်လျက်ရှိသော ရပ်ရွာအခြေပြု မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းသို့ ရောက်ရှိကြပြီး သင်တန်းသားများအား တွေ့ဆုံ၍ မူးယစ် သံသရာ ပြန်မလည်စေရေးနှင့် မိမိတို့၏ အနာဂတ်မျိုးဆက် သစ်များအား ကောင်းမွန်သော လက်ဆင့်ကမ်းအမွေများ ပေးနိုင်ရေးအတွက် ကိုယ်တိုင်က ကြိုးစားကြစေလိုကြောင်း အားပေးစကား ပြောကြားသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ၃၁ ဦး တက်ရောက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်