ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာသင်တန်းများဖွင့်မည်

ရန်ကုန်   ဇူလိုင်   ၂
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၅-၂၀၂၆ ပညာသင် နှစ်မှစ၍   အရာရှိလောင်း  ဒီပလိုမာသင်တန်းများကို  ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။  အဆိုပါ နှစ်နှစ်ကြာတက်ရောက်ရမည့်   သင်တန်း၌  ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်း (CD/52)၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်းသင်တန်း (CE/50) နှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ် နည်းပညာအရာရှိလောင်းသင်တန်း (CME/05) တို့ဖြစ်သည်။
သင်တန်းများ   ပြီးဆုံးပါက    ပေးအပ်မည့်ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာဒီပလိုမာ  (Diploma  in  Nautical  Studies)၊ ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ်နည်းပညာဒီပလိုမာ  (Diploma  in   Marine Electrical Technology) တို့ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အသက် (၂၁) နှစ်အထက်  မကျော် လွန်သူဖြစ်ရမည်ဖြစ်ကာ ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်း နှင့် ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်းသင်တန်းများ အတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊  ဓာတုဗေဒဘာသာရပ်များ ပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့်  အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး ၄၀၀ ရှိရမည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေကြောင်း လျှပ်စစ်နည်းပညာ အရာရှိလောင်းသင်တန်း အတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး ၃၉၀ ရှိရမည်ဖြစ်သည်။  အဆိုပါ သင်တန်းများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှစပြီး ဩဂုတ် ၃၀  ရက်အထိ   ကျောင်းတွင် သွားရောက်လျှောက်ထားနိုင်သည်။  ဖွင့်လှစ်သင်ကြားပေးမည့် အရာရှိ ဒီပလိုမာသင်တန်းများတွင်    ကုန်သွယ်ရေကြောင်းအရာရှိလောင်း သင်တန်းအတွက် ၁၃၀၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း ၁၃၀နှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် ၄၀တို့ အသီးသီး လက်ခံသွားမည် ဖြစ်သည်။
ဘုရင့်နောင်လမ်းမ  ကမာရွတ်မြို့နယ်ရှိ    မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်တွင်  သင်တန်းဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ် မည်ဖြစ်ကာ  အသေးစိတ်အချက်အလက်များကို   မော်ကွန်းထိန်းရုံး၊ သင်တန်းဌာနများသို့    ရုံးချိန်အတွင်း   ဆက်သွယ်မေးမြန်းနိုင်သည့် အပြင် Website www.mmmc .edu.mm နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်-MMMC Facebook Page တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။                                               
 TWA