
အောက်တိုဘာ ၂၄ ရက်မှအဆက်
မယ်တော်
မယ်တော်သည် မိမိထံသို့ ရောက် လာကြသော တမန်များအား “မိမိသည် “ကုရုဓမ္မ”ကို စောင့်ထိန်းသည်မှာ မှန်ကန် ပါသည်။ သို့ရာတွင် တစ်ခါက သားတော် မင်းကြီး ပူဇော်ကန်တော့ခဲ့သည့် စန္ဒကူး နံ့သာနှစ်နှင့် ရွှေပန်းခိုင်တစ်ခုရှိခဲ့ရာ တန်ဖိုးများသည့် စန္ဒကူးနံ့သာနှစ်ကို သားငယ်ဖြစ်သူ အိမ်ရှေ့မင်း၏ မိဖုရား အားပေးကမ်း၍ တန်ဖိုးနည်းသည့် ရွှေပန်းခိုင်ကိုမူ သားကြီးဖြစ်သူ မင်းကြီး ၏ မိဖုရားကြီးအား ပေးကမ်းခဲ့မိသည်။ အမှန်စင်စစ်တွင်မူ တန်ဖိုးများသည့် ပစ္စည်းသည် ကြီးကဲသူအတွက်သာ ဖြစ်သင့်ပါသည်။ ထို့ကြောင့် ဤကိစ္စတွင် ပေးကမ်းချီးမြှင့်မှု လွဲမှားခဲ့ရသဖြင့် မိမိ၏ သီလ ပျက်ခဲ့လေသလောဟု ကုက္ကုစ္စ သံသယ ဖြစ်နေမိသည်” ဟု ပြောပြလေ ရာ တမန်များက “မိမိပိုင်ဥစ္စာပစ္စည်းများ ကို မိမိသဘောကျ ခွဲဝေပေးခြင်းသည် အပြစ်မရှိပါ၊ သီလမပျက်ပါ” ဟု ပြောဆို ၍ မယ်တော်ထံမှလည်း “ကုရုဓမ္မ” ကို ရေးကူးယူခဲ့ကြသည်။ ထို့နောက် မယ်တော်၏ ညွှန်ကြားချက်အရ မိဖုရား ထံသို့ လာခဲ့ကြသည်။
မိဖုရားကြီး
မိဖုရားကြီးကလည်း “မိမိသည် တစ်ခါက မတ်တော်ဖြစ်သူ အိမ်ရှေ့မင်း အား ကိလေသာစိတ်ဖြင့် ကြည့်မိခဲ့ပါ သည်။ ထို့ကြောင့် မိမိ၏ သီလပျက်ခဲ့ရ သည်ဟု ထင်ပါသည်” ဟု ပြောရာ တမန် များက “အရှင်မ၊ စိတ်ကူးရုံမျှဖြင့် လွန်ကျူးမှု မဖြစ်ပါ၊ “ကုရုဓမ္မ” ကိုသာ ပေးတော်မူပါလော့” ဟု ဆို၍ မိဖုရားကြီး ထံမှလည်း ရေးကူးယူကြပြန်သည်။ ထို့နောက် မိဖုရားကြီး ညွှန်ကြားလိုက် သော အိမ်ရှေ့မင်းထံသို့ ဆက်၍လာခဲ့ ကြပြန်သည်။
အိမ်ရှေ့မင်း
အိမ်ရှေ့မင်းသည်လည်း “တစ်ရံ သောအခါက မိမိ၏ အခြွေအရံများသည် မိမိကြောင့် တစ်ညလုံး မိုးရေပြင်ထဲ၌ ဆင်းရဲပင်ပန်းကြီးစွာ နေခဲ့ကြရသည်။ ထိုအကြောင်းကြောင့် မိမိသီလကျိုး ပေါက်ခဲ့ရသည်ဟု မှတ်ယူထားပါသည်” ဟု တမန်များအား ပြောပြရာ “အရှင် မင်းသားတွင် သူတို့အား ပင်ပန်းစေ လိုသော စေတနာမရှိ၍ ကံမမြောက်ပါ” ဟု ဆို၍ “ကုရုဓမ္မ” ကို ရေးကူးယူကြပြန် သည်။ ထို့နောက် အိမ်ရှေ့မင်းညွှန်ကြား လိုက်သော ပုရောဟိတ်အမတ်ကြီးထံသို့ ရောက်ခဲ့ကြရပြန်သည်။
ပုရောဟိတ် အမတ်ကြီး
ပုရောဟိတ် အမတ်ကြီးသည်လည်း “မိမိသည် တစ်ချိန်သောအခါက ဓနဉ္စယ ကောရဗျမင်းအား တိုင်းခြားမင်းတစ်ပါး က ဆက်သလာသော ရထားသစ်တစ်စီးကို လိုချင်သော လောဘစိတ်ဖြစ်ပေါ်မိခဲ့၍ မိမိသီလပျက်ခဲ့ရပြီ” ဟု ထင်နေပါကြောင်း တမန်များအား ပြောပြသောအခါ တမန် များက “လောဘစိတ် ဖြစ်ပေါ်ကာမျှနှင့် သီလ မပျက်ပါ” ဟု ပြော၍ “ကုရုဓမ္မ” ကို ရေးကူးယူကြပြန်သည်။ ပုရောဟိတ် ကြီး၏ လမ်းညွှန်ချက်ဖြင့် မြေတိုင်း အမတ်ထံသို့ ဆက်၍ လာခဲ့ကြပြန်သည်။
မြေတိုင်းအမတ်
မြေတိုင်းအမတ်သည်လည်း “တစ်ခါ က မိမိလယ်မြေ တိုင်းတာရာတွင် ကြိုးစွန်းချည်သော လှံတံကို ပုစွန်တွင်း၌ စိုက်ခဲ့ရာ ပုစွန်သည် လှံတံထိုးမိ၍ သေခဲ့ ရသဖြင့် မိမိသီလကို စိတ်မချပါ” ဟု တမန်များအား ပြောပြသည်။ တမန်များက “သေစေလိုသော စေတနာမရှိ၍ ကံ မမြောက်ပါ”ဟု ပြောကြပြီးလျှင် “ကုရု ဓမ္မ”ကို ရေးကူးယူကြပြန်သည်။ တစ်ဖန် ထိုအမတ်၏ ညွှန်ပြချက်အရ ရထားထိန်း ထံသို့ ရောက်ခဲ့ကြပြန်သည်။
ရထားထိန်း
ရထားထိန်းသည်လည်း “တစ်ရံ သောအခါက မိမိသည် ရထားပေါ်တွင် မင်းကြီးကို တင်ဆောင်၍ ဥယျာဉ်တော်မှ ပြန်လာစဉ် မိုးသားတိမ်မည်းတို့ တက် လာသည်ကို မြင်ရသည်၊ မင်းကြီးအား မိုးမိမည်စိုးသဖြင့် သိန္ဓောမြင်းများအား နှင်တံနှင့် တို့၍တို့၍ပေးသည်။ နောင် သောအခါ သိန္ဓောမြင်းများသည် ထို နေရာသို့ရောက်တိုင်း လျင်မြန်စွာ ပြေး နေကြသဖြင့် ပင်ပန်းကြရသည်။ ဤ အကြောင်းကြောင့် မိမိ၏သီလကို အား မရနိုင်ပါ” ဟု တမန်များအား ပြောပြသည်။ တမန်များက “သင့်တွင် ပင်ပန်းစေလို သော စေတနာမရှိသဖြင့် အပြစ်မရှိပါ” ဟု ပြောပြ၍ “ကုရုဓမ္မ” ကို ရေးကူးယူ သွားကြပြန်သည်။ ထိုသူ၏ လမ်းညွှန် ချက်အရ သူဌေးကြီးထံသို့ ဆက်၍ သွားကြပြန်သည်။
သူဌေးကြီး
သူဌေးကြီးသည်လည်း “တစ်ရံ သောအခါက မင်းကြီးအတွက် သတ်မှတ် ထားသော မိမိ၏ သလေးလယ်ကွက်မှ ကောက်နှံပန်းတစ်ဆုပ်ကို ခူးယူ၍ မိမိ၏ ဦးသျှောင်၌ ပန်ဆင်ခဲ့မိရာ မင်းကြီးထက် ဦးလျင်စွာ သုံးစွဲမိသောကြောင့် သီလ ပျက်သည်” ဟု တမန်များအား ပြောပြ သောအခါ “သူဌေးမင်းတွင် ခိုးလိုသော စိတ် မရှိခဲ့၍ အဒိန္နာဒါနမဖြစ်ပါ” ဟု တမန်များက ပြောကြပြီး “ကုရုဓမ္မ” ကို ထပ်မံ၍ ရေးကူးကြပြန်သည်။ ထို့နောက် သူဌေးကြီး စေညွှန်းလိုက်သော တင်း ခြင် အမတ်ထံသို့ လာခဲ့ကြပြန်သည်။
တင်းခြင်အမတ်
တင်းခြင်အမတ်သည်လည်း “တစ်ခါ က စပါးများကို တင်းဖြင့် ခြင်တွယ်ရာ ခြင်တွယ်ခြင်း မပြုသေးသော စပါးပုံမှ စပါးများကို ယူ၍ အမှတ်အစု ပြုလုပ်ခဲ့မိ သည်။ စပါးများ ခြင်တွယ်ပြီးသောအခါ ထိုအမှတ်အစု စပါးများကို ကောက်ယူ၍ စပါးပုံတစ်ခု၌ အမှတ်တမဲ့ ရောထည့် လိုက်မိရာ ခြင်တွယ်ပြီးသော စပါးပုံ၌ ရောထည့်မိလား၊ သို့မဟုတ် မခြင်တွယ်ရ သေးသော စပါးပုံ၌ ရောထည့်မိသလား၊ ကွဲကွဲပြားပြား မသိပါ။ ခြင်တွယ်ပြီးသား စပါးပုံ၌သာ ရောထည့်မိခဲ့လျှင် စပါးရှင် သည် နစ်နာ၍ မိမိသီလလည်း ပျက်စီးပါ လိမ့်မည်” ဟု တမန်များအား ပြောပြရာ တမန်များက “ခိုးလိုသောစိတ် မရှိသဖြင့် သီလမပျက်ပါ” ဟု ပြောဆိုကြပြီးလျှင် “ကုရုဓမ္မ” ကို ရေးကူးယူကြပြန်သည်။ ထို့နောက် တင်းခြင်အမတ် ညွှန်ပြလိုက် သော တံခါးမှူးထံသို့ ရောက်ကြရပြန်သည်။
တံခါးမှူး
တံခါးမှူးသည်လည်း တစ်ရံသော အခါက တံခါးဝနားသို့ ရောက်လာကြ သော မောင်နှမနှစ်ယောက်အား လင်မယားအထင်နှင့် ပြောဆိုမိခဲ့ပါ သည်ဟု ပြောဆိုရာ တမန်များက “လင်မယားထင်၍ ပြောဆိုမိခြင်းသာ ဖြစ်သောကြောင့် သင့်သီလမပျက်ပါ” ဟု ပြောကြပြီးလျှင် “ကုရုဓမ္မ” ကို ထပ်မံ ကူးယူကြပြန်သည်။ ပြီးလျှင် တံခါးမှူး ညွှန်ကြားလိုက်သော ပြည့်တန်ဆာမ ထံသို့ ဆက်၍လာခဲ့ကြပြန်သည်။
ပြည့်တန်ဆာမ
ပြည့်တန်ဆာမသည်လည်း “တစ်ချိန် က အမျိုးသားတစ်ယောက်ထံမှ ယူလာ ခဲ့ပြီး အဖိုးအခများ မကျေမီ အခြား အမျိုးသားတစ်ယောက်ထံမှ ပေးလာ သော အဖိုးအခကို လက်ခံရန် လက်ဖြန့် မိခဲ့သည်။ ယူကားမယူမိခဲ့။ ထိုအကြောင်း ကြောင့် မိမိသီလသည် ပျက်စီးခဲ့ရပြီထင် ပါသည်” ဟု တမန်များအား ပြောပြရာ တမန်များက “လက်ဖြန့်ရုံမျှဖြင့် သီလ မပျက်ပါ။ သီလသည် အလွန်စင်ကြယ် လှပါသည်” ဟု ပြောဆိုကြပြီးနောက် “ကုရုဓမ္မ” ကို ရွှေပြား၌ ရေးကူးယူကြပြန် သည်။
ဤသို့ဖြင့် တစ်ကျိပ်တစ်ယောက် သော သူတို့၏ သီလကို ရွှေပြား၌ ရေးကူး ခဲ့ကြပြီးလျှင် ကာလိင်္ဂမင်းအား ဆက်သ ကြသည်။ ကာလိင်္ဂမင်းသည် “ကုရုဓမ္မ” ကို စောင့်ထိန်းရာ ထိုခဏ၌ပင် ကာလိင်္ဂ တိုင်း၌ မိုးရွာသဖြင့် ဘေးသုံးပါးတို့သည် လည်း ငြိမ်းအေးသွားခဲ့ရာ နိုင်ငံသည် လည်း သာယာဝပြောလာသည်။
“ဂရုဓမ္မ”ဇာတ်တော်ကို နာကြားရ သည့်အခါ ကာလိင်္ဂမင်းသည် ငါးပါးသီလ တည်းဟူသော ကုသိုလ်တရားကို မမေ့ မလျော့စောင့်ထိန်းခဲ့သဖြင့် ငြိမ်းချမ်း သာယာဝပြောသည့် နိုင်ငံဖြစ်လာသည် ကို မှတ်သားရပါသည်။ ဂရုဓမ္မဇာတ်တော် တွင် အကုသိုလ်တစ်ခုကို စိတ်ဖြင့် ကြံစည် လုပ်ဆောင်လျှင် ပိုမိုအပြစ်ကြီး ကြောင်း၊ တစ်ဖက်သားကို ထိခိုက်စေလို သည့် စေတနာမပါလျှင် တစ်ခါတစ်ရံ အပြစ်လွတ်ကြောင်းကိုလည်း သိရှိရပါ သည်။
နိဂုံးချုပ်အနေဖြင့် ကုသိုလ်တရားကို မမေ့လျော့ဘဲ နေ့စဉ်သတိဖြင့် နေထိုင်မှ သာ မင်္ဂလာတရားတော်နှင့်အညီ ချမ်းသာအောင်မြင်ပါမည်။
“မှတ်သားစရာ”
ဂရုဓမ္မဇာတ်တော်မှ တစ်ကျိပ် တစ်ယောက်သောသူတို့၏ သီလကို ပြန်လည်ဆန်းစစ်သကဲ့သို့ မိမိကိုယ် မိမိလည်း ပြန်လည်ဆန်းစစ်သည့် အလေ့အကျင့်ကောင်းများ ပြုလုပ်သင့် ပါသည်။ ။
ကိုးကား
၁။ ဇာတ်တော် ငါးရာ့ငါးဆယ်။
မာဏ၀ ပြုစုသည်။
၂။ သုတေသန သရုပ်ပြ
အဘိဓာန်။
အရှင်သြဘာသာဘိဝံသ
မထေရ်မြတ်။
ကျော်ကျော်လှိုင်
- Log in to post comments