
ဗီယင်ကျန်း ဇူလိုင် ၄
လာအိုနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်မှုများကို ထိန်းချုပ်ရန်အတွက် လက်ရှိ ထားရှိထားသော အသွားအလာပိတ်ဆို့ကန့်သတ်မှုကို နောက်ထပ် ၁၅ ရက်ထပ်တိုးရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ အဆိုပါ စည်းကမ်းချက်မှာ ဇူလိုင် ၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ သတ်မှတ်ထားပြီး သတ်မှတ် ထားသည့် ဖြေလျှော့မှုများကိုလည်း ပြုလုပ်မည် ဖြစ်သည်။
ဝန်ကြီးချုပ်ရုံးမှ ဒုတိယအကြီးအကဲဖြစ်သူ သီဖာခွန်ချန်သာဗွန်ဆာက လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများတွင် အန္တရာယ်များ သည့်အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း၊ ထို့ပြင် ဗီဇပြောင်းဒယ်လ်တာကူးစက်မှုမှာလည်း လာအိုနိုင်ငံတွင် တွေ့ရှိနေရပြီဖြစ်ကြောင်းနှင့် ဇူလိုင် ၁၉ ရက် မတိုင်မီအချိန်အထိ အသွားအလာပိတ်ဆို့ ကန့်သတ်မှုကိုပြုလုပ်မည်ဟု ပြောကြားခဲ့သည်။
ဒေသတွင်း ကိုဗစ် - ၁၉ ကူးစက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်ကာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိချမှတ်ထားသည့် အသွားအလာပိတ်ဆို့ ကန့်သတ်မှုမှာ ဇွန် ၁၉ ရက်က စတင်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင် ၄ ရက်တွင် သက်တမ်းကုန်ဆုံးပြီ ဖြစ်သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း လာအိုနိုင်ငံတွင် ကိုဗစ် -၁၉ နောက်ထပ်ကူးစက်ခံရသူ ၃၂ ဦး တွေ့ရှိ ခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ စုစုပေါင်းကူးစက်ခံရသူ ၂၂၄၄ ဦး ရှိလာသည်။ ပြန်လည်ကျန်းမာ၍ ဆေးရုံမှ ဆင်းသွားသူအရေအတွက်မှာလည်း ၂၀၃၁ ဦး ရှိသည်ဟု သိရသည်။
ဆင်ဟွာ