
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=======================
လေးနှစ်တာတက္ကသိုလ်မှာ ကြုံဆုံခဲ့ရ ဘဝအစ
==========================
သတိုးလွင်(ပထဝီဝင်)
စာရေးသူ(ဟိုက်စကူး)အထက်တန်းကျောင်းသားဘဝ ကတည်းက ရန်ကုန်တက္ကသိုလ်နှင့် ကျွမ်းဝင်ရင်းနှီးခဲ့ပါ သည်။ အကြောင်းမှာ အဆိုတော် စိန်လွင်၊ ထူးအိမ်သင်၊ ခင်မောင်ထူး၊ ခင်ဝမ်း၊ ခင်မောင်တိုး၊ ကိုင်ဇာ၊ ခိုင်ထူး၊ ဖိုးချို၊ အောင်နိုင်၊ ရင်ဂို၊ နော်လီဇာ၊ မေဆွိ၊ မေခလာ၊ တင့်တင့်ထွန်း၊ မီမီဝင်းဖေ စသူတို့၏ ကျောင်းသီချင်း များက ရင်ထဲမှာ ငြိတွယ်နေခဲ့သောကြောင့်ပင်တည်း။ ၁၉၈၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ပြီး တိုက်ရိုက် မေဂျာစတင်လျှောက်ထားခွင့်ပြုသည့်နှစ် ဖြစ် သဖြင့် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)သို့ ပထမနှစ် ပထဝီဝင် အထူးပြု ဘာသာဖြင့် တက်ရောက် ခဲ့သည်။ အပတ်စဉ်တိုင်းလိုလို လှိုင်နယ်မြေ (RC2)၊ Main (ပင်မ)ထဲ တက္ကသိုလ်နယ်မြေသို့ အကြောင်း အမျိုးမျိုးရှာပြီး ရောက်ခဲ့သည်။
၁၉၈၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ နှစ်နှစ်တိုင် တတိယနှစ်၊ နောက်ဆုံးနှစ် အချိန်ပြည့် တက်ရောက်ခဲ့ရ သည့် နေ့ရက်များသည် ရွှေရောင်နေ့ရက်များဟု ဆိုနိုင် ပေမည်။
စာရေးသူ ကျောင်းတက်ခဲ့သည့် ပထဝီဝင်စာသင် ခန်းများသည် အာရ်စီဘေးရှိ ပထဝီဝင်ဌာနရှိရာ ဝိဇ္ဇာ ဆောင်ဖြစ်သည်။ အာရ်စီသည် စာရေးသူတို့၏ ရင်ခုန်ပွင့် တစ်ခုဖြစ်ခဲ့ဖူးသည်။ အားကစားပွဲများ လျင်းပသည့်အခါ ဘော်လီဘောပွဲ၊ ဘတ်စကက်ဘောပွဲဆိုလျှင် ရှမ်းအိုး စည်သံ၊ မောင်းသံ၊ ဗုံသံများဖြင့် အပြိုင်အဆိုင် အားပေး ကြသည့်အခါ စာသင်ရတာ စိတ်မဖြောင့်တော့ပေ။ ပိုဆိုး သည်က အတန်းတင်စာမေးပွဲကြီး စစ်တော့မည့်အချိန် Farewell များ၊ ကျောင်းကြီးပြန်ဖွင့်ချိန် Freshers’ welcome အချိန်များတွင် တီးဝိုင်းသံ၊ သီချင်းသံများသည် ဂီတ ပိုးဓာတ်ခံရှိသူတွေအဖို့ စာထဲတွင် စိတ်မဝင်စားတော့ဘဲ ကျောင်းလစ်ပြီး စတိတ်ရှိုးရှေ့သို့ ရောက်နှင့်နေခဲ့ပြီ။
အာရ်စီထဲတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ၊ စာရေးကိရိယာများကို ငေးခဲ့ဖူးသည်။ ထိုခေတ်အခါက မဆလခေတ်ဖြစ်သဖြင့် ယခုလို တန်ဖိုးကြီးလက်ဆောင် များလည်း သိပ်မရှိသေးပေ။ တက္ကသိုလ်တံဆိပ်ပါ သက်ဆိုင်ရာ မေဂျာအလိုက် T Shirt များ၊ တက္ကသိုလ် ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ ကံ့ကော်ပွင့်ပါ ဆေးဆိုးပန်းရိုက်ပန်းချီပုံပါ T Shirt၊ ရင်ထိုးတံဆိပ်၊ မှတ်စုစာအုပ်လေးများသာ ခုံမင်စွာ ဝယ်ယူစုဆောင်း ခဲ့ရသည်။ ယခုလို မတ်ခွက်၊ စတစ်ကာ၊ ဓာတ်ပုံပါ ကြွေပန်းကန်များမရှိသေးပါ။ ဓာတ်ပုံဆရာများဆိုလျှင် လည်း ကိုရင်မောင်သည် ပင်တိုင်လက်စွဲ ဓာတ်ပုံဆရာ တစ်ဦး၊ တစ်ခါတစ်ရံ အကြွေးလည်းရသည်။ မေ့နေရင် လည်း လိုက်မတောင်းတတ်ပေ။
အာရ်စီနောက်ကခုံတွေမှာ စုထိုင်ဖြစ်သည်။ “ဇော်ဝမ်းတိုး”ဆိုသည့် တစ်ကိုယ်တော် တင်ဆက်သူ (Solo Presenter) တစ်ဦး ရှိခဲ့ဖူးသည်။ နေ့စဉ်ဖြစ်ပျက်နေ သည့် ထူးခြားဖြစ်စဉ်များ၊ သတင်းအတိုအထွာများကို ဟာသနှောပြီး ကျောင်းသား ကျောင်းသူများကို ဖော်ရွေ စွာ နှုတ်ဆက်ရင်း ထိုင်စကားပြောတတ်သည့် စိတ် ဝေဒနာရှင်တစ်ဦး၏ နေရာတစ်ခုဖြစ်ခဲ့သည်။ Speaker Corner တစ်ခုဟု ဆိုစမတ်ပြုရလေမလား၊ ထိုခေတ် ထိုအခါက Facebook Page တစ်ခုဟု ဆိုရပေမလား။
ဘက်စုံလှုပ်ရှားခွင့်ရသည့် ကံ့ကော်မြေ
စာရေးသူ တတိယနှစ်ရောက်တော့ ပထဝီဝင်မေဂျာ ဖြစ်သဖြင့် မိုင်နာ သိပ္ပံဘာသာတွဲယူခဲ့ရပါသည်။ B.A (Geography) ဝိဇ္ဇာဘာသာဆိုသော်လည်း ဘူမိဗေဒကို လည်း သင်ရသည်။ ကျောင်းသားများအပေါ် ဖော်ရွေခင်မင် တတ်သည့် ဆရာ ကထိက ဒေါက်တာ တင်သိန်းက မန္တလေး ဆောင်မှ အာရ်စီ နောက်က E-3 ဆောင်များအထိ စာလာ သင်ပေးပါသည်။ ဆရာက Fossils Specialist ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း တကောင်းဒေသတွင် ပရိုင်း မိတ်များကို ဦးဆောင်ရှာဖွေခဲ့သူဖြစ်ပါသည်။ ယခုတော့ ပါမောက္ခမှ အငြိမ်းစားယူခဲ့ပြီး မရှိရှာတော့ပေ။
နောက်တစ်ဦးက ဆရာဌေး (ဒေါက်တာလှဌေး၊ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် - ငြိမ်း) ဖြစ်ပြီး ဘူမိဗေဒ Tutorial ဆရာဖြစ်ခဲ့ပါသည်။ သတ္တဗေဒ(Zoology) နှင့် ရုက္ခဗေဒ (Botany) မိုင်နာ ဘာသာတွဲကိုလည်း Science Hall Building သိပ္ပံဆောင်မှာ သွားတက်ပြီး Practical လုပ်ခဲ့ရကာ အတန်းပြီးတော့လည်း ပတ္တရောင်လှည့်ရင်း သူငယ်ချင်းများနှင့် သိပ္ပံကင်န်တင်းမှာထိုင်ခဲ့တာ အမှတ် တရပင် ဖြစ်သည်။
ဝိဇ္ဇာကင်န်တင်းမှာတော့ နေ့တိုင်းထမင်းစားတန်းဖြုတ် ချိန်ဆိုလျှင် ကိုသန်းရွှေထမင်းဆိုင်တွင် စားဖြစ်သည်။ အိမ်ကထမင်းဘူးယူလာခဲ့သော်လည်း ထမင်းစားသည့်အခါ ကိုသန်းရွှေက စေတနာအပြည့်ဖြင့် ဟင်းချို၊ တို့စရာ၊ ငါးပိရည် ထည့်ပေးလေ့ရှိသည်။ ထမင်း/တစ်ခါပြင်ရာတွင် လေးကျပ် ၊ ခေါက်ဆွဲကြော် ငါးကျပ်မျှသာ။ ထိုခေတ်က သံဘူး (သံပရာရည်၊ ဆီး၊ လိမ္မော်) ရောစပ်ထားသည့် ဖျော်ရည်မှာ တစ်ကျပ်၊ မဆလခေတ်ဆိုတော့ Cola အရသာနှင့် တူသော လက်လုပ်အချိုရည်ကို သံဘူးခေါ်ဟန်တူပါသည်။ ဆေး ကုလားမ၊ ကျောက်ကျော၊ ဒဂုံဘိလပ်ရေ (စပါကလင်၊ ဆီး၊ ဘာလီ) သာရှိသည်။ နို့သစ်ခွသည်လည်း အီကိုကင်န်တင်းတွင် နာမည်ကြီးသည်။ ဦးချစ်ဆိုင် ငှက်ပျောပင်အုပ်အုပ်ဆိုင်းဆိုင်း တွင် လက်ဖက်ရည်တစ်ခွက်မှာပြီး ရေနွေးတစ်ကရား ကုန်အောင် ဝိုင်းသောက်လည်း ဘာမှမပြောပါ။ တစ်ခါ တစ်ရံ အင်းလျားလမ်းက ခေမရဌ်ဆိုင်ကိုနယ်ကျော်ပြီး ရှမ်းခေါက်ဆွဲသွားစားကြပါသည်။ ထိုအချိန်က ဒေသအစုံက တိုင်းရင်းသားပေါင်းစုံနှင့် အပေါင်းအသင်းဖြစ်ခဲ့ဖူးပါသည်။ ထိုအခါက ဥပဒေပညာ (Law) ယူသူတွေက ရန်ကုန်ကို လာတက်ရသောကြောင့် တချို့ ရန်ကုန်လာတက်ချင်သူများ သည် အမှတ်ကောင်းသော်လည်း အခြားဘာသာမယူဘဲ ဥပဒေပညာယူပြီး ရာမညဆောင်တွင် လာတက်ကြသည်။ စာရေးသူတို့ ပထဝီဝင်ကျောင်းသားများတွင် မြိတ်၊ ထားဝယ်မှ တက်သူ၊ ရခိုင်၊ စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ တောင်ကုတ်မှ သူငယ်ချင်းများ၊ ရှမ်းပြည်နယ်၊ ချင်း၊ ကချင်မှ သူငယ်ချင်းများ စုံခဲ့သည်။ အထူးသဖြင့် တိုင်းရင်း သားရိုးရာ အစားအသောက်များစားလျှင်၊ ရန်ပုံငွေပွဲများ Fund Fair တွေလုပ်ကြလျှင် အလွန်ပျော်စရာ ကောင်းလှ သည်။ ပြည်နယ်နေ့ အထိမ်းအမှတ်ဆို အာရ်စီထဲတွင် ရခိုင်စည်တော်သံ၊ ကရင်ဖားစည်သံ၊ ရှမ်းအိုးစည်သံ၊ ချင်းဝါးညှပ်အက စသည့် ရိုးရာအကများနှင့် ရွှေရောင်နေ့ များ ဖြစ်ခဲ့သည်။ ပထဝီဝင်အသင်း၊ စာပေ၊ ယဉ်ကျေးမှု ကော်မတီတွင်ပါဝင်ရင်း နံရံကပ်စာစောင်များ၊ စကားရည် လုပွဲများ၊ စာပေဟောပြောပွဲများကို ဝိဇ္ဇာခန်းမ၊ အာရ်စီ ထဲတွင် လျင်းပခဲ့သည်များ၊ ကာတွန်းများ၊ စာစောင်များသည် လည်း တက္ကသိုလ်ကျောင်းသားဘဝကို ထင်ဟပ်စေခဲ့သည်။
လွမ်းဘွဲ့အဆောင်တွေအကြောင်း
စာရေးသူသည် သန်လျင်မှ နေ့ကျောင်းသားဖြစ်၍ အဆောင်နေခွင့်မရပါ။ သို့သော် အဆောင်နေဘဝကို ခုံမင် သောကြောင့် ပထမနှစ်ကတည်းက လမ်းမတော်ဆေး ကျောင်းအဆောင်တွင်ရှိသည့် သွား/ဆေးမှ သူငယ်ချင်း ကျော်ဇေယျထံ တစ်ခါတစ်ရံ သွားအိပ်ခဲ့ပါသည်။ အဆောင်တွင် ကျွေးသည့်ဘဲဥနှင့် ထမင်းဘူးမှာပါသည့် အသားဟင်း လဲစားတတ်ပါသည်။ ၁၉၈၄ ခုနှစ်တွင် မိန်းထဲရောက်တော့ ခြေလျင်တောင်တက်အသင်းဝင်ဖြစ်ခဲ့သည်။ စနေ့နေ့ နံနက်တိုင်း လမ်းလျှောက်လေ့ကျင့်ခန်းအတွက် ရာမည ဆောင်ရှေ့ နံနက် ၅ နာရီ အရောက်ဆိုတော့ အဆောင်က သူငယ်ချင်းများဆီ သွားအိပ်ခဲ့သည်။
တစ်ခါတစ်ရံ သမိုင်းဆောင်တွင်နေသော သူငယ်ချင်းများရှိသည့် ဇွဲကပင်ဆောင်၊ မေခဆောင်တွင် သွားအိပ်ဖြစ်ခဲ့သည်။ သန်းခေါင်ကျော်အထိ အဆောင်များမှာ ဂီတာတီး၊ သီချင်းဆို၊ သမိုင်းဝင်းထဲက လက်ဖက်ရည်ဆိုင်များတွင် ထမင်းကြော်စားပြီး မအိပ်တော့ဘဲ လမ်းလျှောက်ရန် စုရပ်ကို ဆက်သွားခဲ့သည့် ရက်တွေလည်း ရှိခဲ့ပါသည်။ ခြေလျင်တောင်တက်တွင် မြန်မာစာဌာနမှ ဆရာမျိုး (ခ) ဆရာဦးမျိုးသန့် အဆောင်မှူးအဖြစ်နေထိုင်သည့် အင်းဝဆောင်သည် ခြေလျင်တောင်တက်အဖွဲ့များ၏ စုရပ်ဖြစ်ခဲ့သည်။
ပထဝီဝင် ကထိက ဆရာဦးချို (နောင်ပုသိမ် တက္ကသိုလ်ပါမောက္ခချုပ်)သည် ပဲခူးဆောင်၏ အဆောင် မှူး ဖြစ်သည်။ ဆရာချိုထံ တစ်ခါတစ်ရံ အလည်သွားရင်း အမျိုးသားခေါင်ဆောင်ကြီး သခင်အောင်ဆန်းနေထိုင်ခဲ့ သည့် အခန်း(၁၁၃)ကို သွားရောက်လေ့လာခဲ့သည်။
ဘူမိနက်သန်(အာရ်စီ) နှင့် ခြေလျင်တောင်တက်အကြောင်း
ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက် လှုပ်ရှား မှုကို ပထဝီဝင်ပါမောက္ခ ဆရာမကြီး ဒေါက်တာ ဒေါ်သင်းကြည်က စတင်နိဒါန်းပျိုးခဲ့ပြီး မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့၏ ဖခင်ကြီးဟု တင်စားခေါ်လေ့ ရှိသည့် ဗိုလ်မှူးကြီးလှအောင် ဦးဆောင်ခဲ့သည်။ စာရေး သူလည်း ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ခြေလျင် တောင်တက်နှင့် လေ့ကျင့်ရေးဆင်းခဲ့သည်။ ခြေလျင် တောင်တက်အဖွဲ့ကို ပါမောက္ခဆရာဦးဘသန်းဟက် ဦးဆောင်ပြီး ဆရာဌေး(ဘူမိဗေဒ)၊ ဆရာ ဦးညွန့်သိန်း (သင်္ချာ)၊ ဆရာဦးဝင်း (ရူပဗေဒ)၊ ဆရာဦးစိန်ထွန်း (သင်္ချာ)၊ ဆရာ ဒေါက်တာဦးမောင်မောင်ကြီး (သတ္တဗေဒ)၊ ဆရာ ဦးဆောင် (ဒဿနိကဗေဒ)၊ ဒေါ်စနိုး (စိတ်ပညာ)၊ ဒေါ်ကြည်ကြည်လှိုင် (ဒဿနိကဗေဒ)တို့နှင့်အတူ ၁၉၈၆ ခုနှစ်မှာ ပုပ္ပါးတောင်ခရီးစဉ်မှအစပြု၍ တက္ကသိုလ် ပေါင်းစုံမှ ဆင်တောင်၊ မြင်းမထိတောင် တက်ခဲ့ပါသည်။ ဆရာမျိုး (မြန်မာစာ)က အဆိုပါရှမ်းပြည်ခရီးစဉ်ကို အစပြု၍ Hiking ပိုးစတင်ခဲ့ရာ အခုထိ တက္ကသိုလ်များ Hiking & Mounting ၏ ဗိသုကာတစ်ဦး ဖြစ်လာခဲ့ပါ သည်။
စာရေးသူတို့ ရန်ကုန်တက္ကသိုလ်ခြေလျင်တောင်တက်အဖွဲ့ဝင် သူငယ်ချင်းများက ၁၉၈၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် အာရ်စီနောက်က အုတ်ခုံများတွင်စုပြီး တစ်စုံတစ်ခုတိုင်ပင်ခဲ့ကြပါသည်။ “နောင် ၁၀ နှစ် (၂၃-၆-၁၉၉၆ ရက်နေ့ တနင်္ဂနွေနေ့)မှာ တို့သူငယ်ချင်းတွေ ဘယ်နေရာ ရောက်ရောက်၊ ဘယ်အခြေအနေရှိရှိ ဒီနေရာမှာပြန်ဆုံကြမယ်” ဆိုပြီး စာရွက်တစ်ရွက်ပေါ်တွင် လက်မှတ်ထိုးခဲ့ကြပါသည်။ မူလကတော့ ရည်ရွယ်ချက် ကြီးကြီးမားမားမရှိဘဲ memo တစ်ခုအနေဖြင့် ကျောင်း ပြီးလို့ မခွဲခွာခင်တွင် အမှတ်တရလက်မှတ်ထိုးခဲ့ခြင်း တစ်ခုသာ ဖြစ်ပါသည်။
၁၉၈၆ ခုနှစ်ကုန်ပြီး တပ်ထဲရောက်သူရောက်၊ အစိုးရ အလုပ်ဝင်သူဝင်၊ ပြည်ပသို့ ထွက်ခွာသွားသူသွား၊ သင်္ဘော လိုက်သူလိုက်၊ အိမ်ထောင်ကျသူကျ၊ စီးပွားရေး လုပ်သူ လုပ်ဖြင့် အဆက်အသွယ်ရှိသူသာ ရှိခဲ့ကြသည်။ တဖြည်း ဖြည်းနှင့် ကျောင်းနေဖက် ခြေလျင်တောင်တက်မှ သူငယ်ချင်းများ (၁၀)နှစ် အကြာတွင် ပြန်ဆုံမည့်နေ့ရက် နီးစပ်လာခဲ့လေပြီ။ ဆရာမျိုး ဦးဆောင်သော ရန်ကုန် တက္ကသိုလ် ခြေလျင်တောင်တက်အဖွဲ့များက ရေခဲ တောင်အထိ တက်ရောက်နိုင်ခဲ့သည်။
ထို့အပြင် ခေတ်အဆက်ဆက် မည်သူတစ်ဦးတစ်ယောက်မျှ ခြေမချနိုင်ခဲ့သော အရှေ့တောင်အာရှတွင် အမြင့်ဆုံး တောင်ထိပ်ဖြစ်သည့် ခါကာဘိုရာဇီတောင်ထိပ်သို့ ဂျပန်နိုင်ငံသား အိုဇာကီနှင့် ဒေသခံတိုင်းရင်းသား နမားဂျွန်ဆင်(ခ) အန်းဆေးတို့ အောင်ပွဲခံတက်ရောက် နိုင်ခဲ့ရေးအတွက် ရန်ကုန်တက္ကသိုလ် ခြေလျင်တောင် တက် မျိုးဆက်ဟောင်းများဖြစ်သည့် ကိုသက်ထွန်း၊ ကိုစိုးမိုးတို့သည် ပြင်သစ်နိုင်ငံ အဲလ်ပ် (Alps) တောင်တန်း တွင် လေ့ကျင့်ပြီး ဒေါက်တာစောလွင်၊ (ဆရာ ဒေါက်တာ မောင်မောင်ကြီး)၊ ဆရာဌေးနှင့် ကိုကျော်အေး (ကိုခင်မောင်သိန်း)တို့က Base Camp အထိ အကြိမ်ကြိမ် ပံ့ပိုးအထောက်အကူပြုခဲ့သူများ ဖြစ်သည်။ ထိုသို့အစဉ် အလာရှိခဲ့သော ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှသည် တက္ကသိုလ်ပေါင်းစုံ ခြေလျင်တောင်တက် အသင်းများဖြင့် ကချင်ပြည်နယ် ရေခဲတောင်များထိ တက်ရောက်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကြောင့် ခြေလျင်တောင်တက်အဖွဲ့ချုပ်ကြီးအဖြစ် ပိုမို အားကောင်းလာခဲ့သည်။ ၁၉၉၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် အာရ်စီနောက်တွင် ပြန်ဆုံမည့် အစီအစဉ်မှာ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်ကိုယ်တိုင် ချီးမြှင့်ခဲ့ပြီး ဝိဇ္ဇာခန်းမတွင် လျင်းပနိုင်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့ကို Hiking and Mountaineering Reunion Day ဟု အချင်းချင်းသတ်မှတ်၍ နှစ်စဉ် ဇွန်လတွင် အစဉ်အလာ မပျက် တွေ့ဆုံပွဲပြုလုပ်ပြီး ရန်ပုံငွေပွဲများ၊ နှီးနှောဖလှယ်ပွဲ များ ပြုလုပ်ခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ ဆိုလိုချင်သည် မှာ အစဉ်အလာကြီးခဲ့သော ရန်ကုန်တက္ကသိုလ် ခြေလျင် တောင်တက်အဖွဲ့ ဘူမိနက်သန်ဖြစ်သည့် အာရ်စီ နေရာလေးကို အမှတ်တရဖြစ်စေချင်သည်ပင် ဖြစ်သည်။
ဂုဏ်ယူမဆုံး တစ်ချိန်တုန်းကကျောင်းတော်ကြီးမှ ဆရာကြီးများ
မောင်မျိုးထွဋ်(ရုက္ခဗေဒ) ရေးသားသော “ကိုရီး ယားတို့ အခွန်စနစ်အပြောင်း တစေ့တစောင်း” စာအုပ်ထဲ တွင် “ ပညာသည်သာ အဓိကဆိုတာကို လက်သင့်ခံလို့ ပညာရပ်နယ်ပယ်အသီးသီးမှာ ကြိုးစားခဲ့ကြတဲ့ စိတ် ဓာတ်ဖြစ်ပါတယ်။ ပါမောက္ခကင်မ်ရဲ့ တစ်ဆင့်စကားအရ မြန်မာကို ဘားမားအဖြစ် သူတို့ရင်းရင်းနှီးနှီးသိထားတာ အချက်(၃)ချက်ကြောင့်ပါတဲ့။ တစ်ချက်က Soccer ဘောလုံး၊ မြန်မာ့ဘောလုံးရွှေခေတ်မှာ သူတို့က အငတ် ဘေးထဲကနေ မနည်းရုန်းထနေရတဲ့ အချိန်၊ အာရှအဆင့် ကို တက်နိုင်ခဲ့တဲ့ ဘောလုံးအသင်းမို့ပါတဲ့။ နောက် တစ်ချက်က တောင်နဲ့မြောက် စစ်ပွဲကာလ တောင်ကိုရီး ယားကို ရိက္ခာထောက်ပံ့လှူဒါန်းဖူးလို့ဖြစ်ပြီး နောက်ဆုံး တစ်ချက်က ရန်ကုန်တက္ကသိုလ်ကြီးဖြစ်ပါသတဲ့။ သူငယ်စဉ်ဘဝမှာ သူ့မိဘတွေက ပညာကို ကြိုးစားသင်၊ တက္ကသိုလ်အဆင့်ကို ရန်ကုန်တက္ကသိုလ်မှာ ထားပေးမယ် လို့တောင် အားပေးစကားအဆိုခံခဲ့ရတဲ့ တက္ကသိုလ်” ဟူ၍ စာအုပ်ထဲတွင် ဖတ်ခဲ့ရသည့်အဖြစ်အပျက်မှာ အမှန်ပင်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ရာပြည့် ဂုဏ်ပြုအမှတ်တရ စကားများ၊ ဆောင်းပါးများ၊ စာအုပ်များအကြောင်း နေ့စဉ်သတင်းစာများတွင် နေ့တိုင်းဦးစားပေး ဖတ်ရှု လျက်ရှိပါသည်။ ရှေ့မီ၊ နောက်မီ ဆရာကြီးများရေးခဲ့ သည့် အကြောင်းအရာများတွင် ၁၉၄၀-၅၀ ပြည့်လွန်နှစ် များက ရန်ကုန်တက္ကသိုလ်ကြီးသည် အာရှတွင် ထိပ်တန်း စာရင်းဝင် တက္ကသိုလ်ကြီးတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ စာရေးသူ၏ဖခင် ဦးမောင်မောင်တိုးသည်လည်း ရန်ကုန် တက္ကသိုလ်တွင် ၁၉၄၉ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ တက်ရောက်ခဲ့ပြီး (Wallington Hall) ယခု ရွှေဘို ဆောင်တွင် နေခဲ့ဖူးသည်။
၁၉၅၃ ခုနှစ်တွင် ဓာတုဗေဒ အထူးပြုသိပ္ပံဘွဲ့ယူခဲ့ စဉ်က စစ်ဒဏ်ကြောင့် ဘွဲ့နှင်းသဘင်ခန်းမကြီး ပြင်ဆင် နေဆဲဖြစ်သဖြင့် အောင်ဆန်းကွင်းတွင် ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ဘွဲ့ချီးမြှင့်ခဲ့ကြောင်း ဖခင်ဖြစ်သူ ပြောပြ၍ သိခဲ့ရသည်။ ဒေါက်တာမန်းသက်စံ၊ ဒေါက်တာ ကိုကိုကြီး(ဓာတုဗေဒ)၊ ပါမောက္ခဒေါ်ခင်မမ (သင်္ချာ) တို့နှင့် သရုပ်ပြဆရာ အတူလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၅၄ ခုနှစ်တွင် State Scholar ဖြင့် ဩစတြေးလျနိုင်ငံသို့ ဘွဲ့လွန်ပညာသင်ဆုရခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းဆင်းဖြစ်သဖြင့် ပြည်ပနိုင်ငံများတွင် အထင်ကြီး လေးစားခံခဲ့ရကြောင်း ဖခင်ကြီးပြောပြ၍ သိရှိခဲ့ရသည်။ ၁၉၈၈ ခုနှစ်အထိတိုင် ရန်ကုန်တက္ကသိုလ်ကြီးသည် ပြည်နယ် စုံမှ လာရောက်ပညာဆည်းပူးသူများ၊ ဒေသတွင်းပြည်ပ နိုင်ငံအချို့မှ ဘွဲ့လွန်ပညာ လာရောက်သင်ကြားသူများ ရှိခဲ့သည်။
စာရေးသူတို့ခေတ်က ဖခင်အငြိမ်းစားဝန်ထမ်း ဖြစ်ချိန် ကျောင်းလခကင်းလွတ်ခွင့်နှင့် လျှောက်ထားခွင့် ပြုရုံမကဘဲ စတိုင်ပင်ပညာထောက်ပံ့ကြေး ရခဲ့ဖူးသည်။ ဘွဲ့ရပြီး ငါးနှစ် လုပ်သက်မပြည့်သဖြင့် ပြည်ပသို့ အလုပ် သွားလုပ်ခွင့်နှင့် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လေးနှစ်တာ ထောက်ပံ့ငွေ ပညာသင်စရိတ် သောင်းဂဏန်း မျှသာ ပြန်ပေးလျှော်ခဲ့ရသည်။ ပထဝီဝင်မှ ဆရာမကြီး ပါမောက္ခဒေါက်တာမိမိကြည်၊ ဒေါ်စိန်စိန်၊ ဒေါ်ခင်ဆွေဝင်း တို့က လိပ်ခုံးရှိ အဆညရုံးတွင် ဘွဲ့အာမခံလိုက်ပေးခဲ့သည်မှာ အမှတ်တရတစ်ခုပင် ဖြစ်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပထဝီဝင်အသင်း စိန်ရတုသဘင်ပွဲလျင်းပခဲ့ရာ ဝိဇ္ဇာခန်းမတွင် အမိတက္ကသိုလ် ကြီးအတွက် ပထဝီဝင် ခရီးသွားလုပ်ငန်း စာတမ်းတစ်စောင် ဖတ်ခဲ့ရာမှ နှစ်အတော်အတန်ကြာ ခွဲခွာခဲ့သော ကျောင်း တော်ကြီးနှင့် ပြန်ဆက်မိခဲ့သည်။ ဆရာရင်းဖြစ်သော ပထဝီဝင် ပါမောက္ခ ဆရာဦးမောင်မောင်အေးသည်လည်း အမိတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ဧည့်ပါမောက္ခနှင့် Foreign Research Fellow အဖြစ် ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ် (Department of Natural Environmental Studies)တွင် သွားရောက်တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် တာဝန်ခံပါမောက္ခချုပ် အထိ အမှုထမ်းရင်း သက်ပြည့်အငြိမ်းစားယူခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ အမျိုးသားပညာရေးမူဝါဒကော်မရှင် (National Education Policy Commission-NEPC) တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံတော်မှပေးအပ်သော တာဝန်ကို ဆက်လက်ထမ်းရွက်ရင်း မြန်မာနိုင်ငံရှိ ရှေ့ပြေးတက္ကသိုလ် ၁၆ ကျောင်းအတွက် University Autonomy အကောင် အထည်ဖော်နိုင်ရေးလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
World University Ranking တွင် ရန်ကုန် တက္ကသိုလ်အပါအဝင် မြန်မာနိုင်ငံတက္ကသိုလ်များကို ပညာ အရည်အသွေးအဆင့် (Ranking) တဖြည်းဖြည်း မြင့်တက်လာစေရန် ပြုပြင်ပြောင်းလဲမှုများ၊ ပြင်ပ တက္ကသိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းမှုများပြုလုပ်ကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရ၍ ရန်ကုန်တက္ကသိုလ် ပထဝီဝင်ပညာအထူးပြု ဘွဲ့ရကျောင်းသားဟောင်းတစ်ဦးအနေဖြင့် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
နာမည်ကြီးတက္ကသိုလ် ဘောလုံးအသင်း
ယခုတိုင်စာရေးသူ၏ ဆရာတစ်ဦးဖြစ်ပြီး တက္ကသိုလ် ဘောလုံးသမားဟောင်းဖြစ်သူ ဆရာဦးဦးခင် (ဓာတုဗေဒ) ထံမှ “၂၀၁၅ ခုနှစ်” က တရားဝင်ဖွဲ့စည်းခဲ့သော တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်း (အခြားအားကစားများ လည်းပါဝင်) University Old Blues (UOB)တွင် နောင်တော် ဘောလုံးသမားဟောင်း ဦးဆောင်နာယကများ၊ ညီနောင်ဘောလုံးသမားဟောင်းများနှင့်အတူ မျိုးဆက်သစ် တက္ကသိုလ်ဘောလုံးသမားများ မြန်မာ့လက်ရွေးစင် အဆင့်အထိ တက်လှမ်းနိုင်ရန် UOB အသင်းကြီးက တတ်နိုင်သည့်ဘက်မှ ပံ့ပိုးဆောင်ရွက်နေကြောင်းသိရှိရပါ သည်။ စာရေးသူအနေဖြင့် အားကစားတွင် ထူးချွန်သူ မဟုတ်သော်လည်း ဝါသနာရှင်အဖြစ် ဘောလုံးပွဲများတွင် တစ်ခဲနက်အားပေးခဲ့နေသည်မှာ အမှတ်တရအနေဖြင့် ဆရာဦးဦးခင်ပြောပြလေ့ရှိသည့် University Old Blues အကြောင်း ဖောက်သည်ချလိုပါသည်။
University Old Blues ဟု အမည်တွင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ဘောလုံးလက်ရွေးစင်အသင်းကို ၁၉၆၂ ခုနှစ်တွင် ဆရာငြိမ်းက ဦးဆောင်ခဲ့ပြီး ဆရာဦးဘတုတ်၊ ဒေါက်တာ ဦးလှသွင်၊ ဒေါက်တာ မောင်ရှိန်၊ ဦးငြိမ်းတို့ ပါဝင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်အားကစားလောကတွင် တစ်ချိန်က ပြေးခုန်ပစ်တက္ကသိုလ်လက်ရွေးစင်များမှာ မြန်မာ့လက်ရွေးစင်အဆင့်သို့တက်လှမ်းနိုင်ခဲ့သည့် ရခိုင် တိုင်းရင်းသားများဖြစ်ကြသည့် “မရ”ညီအစ်ကိုများဖြစ်သည့် ကျော်မရ၊ ထွန်းမရ၊ ဝင်းမရ(ဝင်းမြ)အပြင် မောင်မောင်ကို တို့နှင့် မရသူဇာ(မြသူဇာ)၊ ကချင်တိုင်းရင်းသူ ဂရေစီကား စသည့် အားကစားသမားများအပြင် ရန်ကုန်တက္ကသိုလ်ဘောလုံးသမိုင်းတွင် နည်းပြဆရာကြီး ဆရာငြိမ်း၏ သွန်သင်ပြသမှုအောက်မှ တက္ကသိုလ်လက်ရွေးစင်များသည် နိုင်ငံ့လက်ရွေးစင်ဖြစ်ခဲ့ကြသည်။
ကောလိပ်ဂျင်နေဝင်း၊ ထွန်းကြည်တို့ခေတ်မှ ငွေကိုင်၊ စိုးမြင့်၊ အောင်ခင်၊ တင်မောင်၊ စောဦး၊ ခင်မောင်ဇော်၊ ဂျွန်တင့်၊ ဘန်နီတင်အောင်၊ ခင်မောင်ဝင်း၊ သန်းတိုးအောင် တို့ခေတ်အထိ အောင်မြင်မှုရရှိခဲ့ပါသည်။ အစဉ်အလာ ကောင်းသော ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်းအပါ အဝင် အားကစားအရပ်ရပ်တို့ကို ထိုအချိန်က တက္ကသိုလ် ပါမောက္ခဆရာကြီးများဖြစ်သော ဦးဘတုတ် (၂-၁၂-၂၀၂၀ ရက်နေ့ အသက် ၁၀၀ တွင် ကွယ်လွန်)၊ ဒေါက်တာ လှသွင်၊ ဒေါက်တာလှရှိန်၊ ဝီလျံပေါ၊ နည်းပြဆရာကြီး ဦးငြိမ်းစသည့် တက္ကသိုလ်အားကစားကောင်စီဝင်များက ကြီးကြပ်၍ အောင်မြင်မှုအစဉ်အလာကောင်းများ ရရှိခဲ့ကြောင်း ဆရာ ပြောပြ၍ သိရှိခဲ့ပါသည်။
အချုပ်အားဖြင့်ဆိုသော် သမိုင်းအစဉ်အလာကြီးမား သည့် ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီး၏ ရွှေရောင် နေ့ရက်ကာလတွင် လေးနှစ်တာ အချိန်ပြည့်ကျောင်းတက် ခွင့်ရခဲ့သည်ကို ဂုဏ်ယူမိသည်။ ၂၀၁၂ ခုနှစ်တွင် အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ရောက်စဉ် ပထမဆုံး မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည့်နေရာမှာ ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမနေရာပင် ဖြစ်သည်။ စာရေးသူလည်း ၁၉၈၆ ခုနှစ်ကျောင်းပြီးနောက် လုပ်ငန်းခွင် ဝင်ပြီး ခရီးသွားလုပ်ငန်းလုပ်ကိုင်ဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်က မိမိကုမ္ပဏီအစီအစဉ်ဖြင့် အပျော်စီးသင်္ဘောလာရောက် ရာတွင် သမ္မတအိုဘားမား မိန့်ခွန်းပြောခဲ့သည့် ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမနေရာဖြစ်သော ဘူမိနက် သန်နေရာ ကျောင်းတော်ကြီးသို့ ကမ္ဘာလှည့်ခရီးသည်များ တကူးတက သွားရောက်လေ့လာရန်ခရီးစဉ် စီစဉ်ခဲ့သည်မှာ အမှတ်တရပင်တည်း။
အင်းလျားရေပြင်တစ်လျှောက် လှေလှော်ရွက်တိုက် နေသည့် ရန်ကုန်တက္ကသိုလ်ရွက်တိုက်အသင်းနှင့် စိမ်းလန်းနေသည့် တောအုပ်အတွင်းမှ ဘွဲ့နှင်းသဘင် အဆောင်၊ သိပ္ပံခန်းမ၊ ဝိဇ္ဇာခန်းမ၊ အာရ်စီ ၊ စာကြည့်တိုက်၊ ဂျပ်ဆင် စသည့်အထင်ကရနေရာများသည် ခေတ် အဆက်ဆက်သာ ပြောင်းခဲ့ပြီး ရာသီအလီလီနှောင်းခဲ့ သော်လည်း Landmark များအဖြစ် ပနံသင့်လျက်ရှိသည်။ အမိတက္ကသိုလ်ကြီး၏ ရာပြည့်ပွဲတော်ကို အခြေအနေအရ ခြိမ့်ခြိမ့်သဲ မလျင်းပနိုင်သေးသော်လည်း ဂုဏ်ပြုဆောင်းပါး များဖြင့် အမှတ်တရ ရေးသားတင်ပြရင်း ဝမ်းသာဂုဏ်ယူမိ ပါသည်။ ကျောင်းသီချင်းတစ်ပုဒ်ဖြစ်သော သျှိုင်းအောင်၏ ကံ့ကော်အိပ်မက်ရှည် သီချင်းလေးက အဓိပတိလမ်းမှာ လွင့်ပျံ့နေဆဲ။ ကိုင်ဇာ၏ “တက္ကသိုလ်မြေနေဝင်မှာကို စိုးတယ်” သီချင်းလေးကိုနားဆင်ရင်း နေဝင်ပြီးရင် ရောင်နီသစ် ပေါ်ထွန်းလာမည့် အမိတက္ကသိုလ်ကြီးရဲ့ နေ့သစ်ကို ရောက်ရှိလာမည်ဟု မျှော်လင့်မိပါ ကြောင်း။ ။
- Log in to post comments