လီဗာပူးအသင်း သရေကျပြီး မန်ယူအသင်း  ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် (၃၆)

 

 

ပရီမီယာလိဂ်ပွဲစဉ် (၃၆) မှ လီဗာပူးအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်ကို မေ ၈ ရက် နံနက်ပိုင်းက အန်းဖီးလ်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ လီဗာပူးအသင်းသည် စပါးအသင်းကို ပွဲချိန်တစ်လျှောက် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ရရှိလာသောအခွင့်အရေးများကို အသုံးမချနိုင်ခဲ့သည့်အတွက် နိုင်ပွဲနှင့် ဝေးကွာခဲ့ရခြင်းဖြစ်သည်။ 
လီဗာပူးအသင်းသည် ယခုပွဲသရေကျမှုကြောင့် မန်စီးတီးအသင်း ထက်  တစ်ပွဲပိုကစားပြီး မန်စီးတီးအသင်းနှင့်   ရမှတ် ၈၃ မှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။ ဦးဆောင်ဂိုးကို စပါးအသင်းက ပွဲချိန် ၅၆ မိနစ်တွင်ရရှိခဲ့ပြီး ဆွန်ဟောင် မင်က သွင်းယူပေးခဲ့သည်။  ဆွန်ဟောင်မင်သည် ၂၀၁၂-၂၀၁၃ ခုနှစ်   ဘေးလ်နောက်ပိုင်း စပါးအသင်းအတွက် ပယ်နယ်တီမပါဘဲ ဂိုး ၂၀ ကျော် သွင်းယူပေးနိုင်သည့်  ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။
လီဗာပူးအသင်းအတွက် ချေပဂိုး ကို ပွဲချိန် ၇၄ မိနစ်တွင် ဒီယက်ဇ်က သွင်းယူပေးခဲ့သည်။  
အခြားသောပွဲစဉ်တွင် ဝုဖ်အသင်းသည် ပဲလေ့စ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ပရီမီယာလိဂ်မှ နော့ဝှစ်ချ်အသင်းနှင့် အတူ တန်းဆင်းခဲ့ရပြီဖြစ်သည်။ ဘန်လေအသင်းသည်   ပြိုင်ဘက် ဗီလာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် တန်းဆင်း ရမည့်အရေးနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။ မန်ယူအသင်းက ဘရိုက် တန်အသင်းကို   လေးဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် ရာသီပြီးဆုံးရန် တစ်ပွဲအလိုတွင် ရမှတ် ၅၈ မှတ်ဖြင့် အဆင့် (၆) နေရာတွင် ရပ်တည် နေပြီး အဆိုပါရမှတ်ဖြင့် ရာသီပိတ်သိမ်းခဲ့မည်ဆိုပါက ၁၉၉၀-၁၉၉၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရမှတ်ရရှိမှု ဖြစ်လာမည်ဖြစ်သည်။ ဘရန့် ဖို့ဒ်နှင့် ဆောက်သမ်တန်အသင်းတို့ပွဲစဉ်တွင် ဘရန့်ဖို့ဒ်က သုံးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိပြီး ချယ်ဆီးနှင့်ဝုဖ်အသင်းတို့ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ မေ ၈ ရက်ပွဲစဉ်များတွင် အာဆင်နယ်က လိဒ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပြီး လက်စတာက အဲဗာတန်ကို နှစ်ဂိုး-တစ်ဂိုး ဖြင့်ရှုံးကာ ဝက်စ်ဟမ်းက နော့ဝှစ်ကို လေးဂိုး-ဂိုးမရှိဖြင့် နိုင်သည်။ မန်စီးတီးက နယူးကာဆယ်ကို ငါးဂိုး-ဂိုးမရှိဖြင့်နိုင်ကာ ဇယားထိပ်၌ ဆက်လက်ရပ်တည်နေသည်။                                         အောင်ဇော်