လိုလျှင်တစ်မျိုး၊ မလိုလျှင်တစ်မျိုး

 

ယနေ့ကမ္ဘာတွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍  အကျယ်လောင် ဆုံး ထုတ်ဖော်ပြောဆိုနေကြသည့် နိုင်ငံများမှာ အတိတ်ကာလက ကမ္ဘာတစ်ခွင်နယ်ချဲ့ဝါဒဖြင့် လွတ်လပ်သည့်နိုင်ငံများကို ကျူးကျော်  သိမ်းပိုက်ခဲ့ကြသည့်   ကိုလိုနီအင်ပါယာရှင်   နိုင်ငံဟောင်းများ၊ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်ခဲ့သည့် နိုင်ငံများသာ ဖြစ်ကြသည်ကို တွေ့ရှိနိုင်သည်။ ထို့အပြင် အဆိုပါနိုင်ငံများသည် လူ့အခွင့်အရေးဟူသော ခေါင်းစဉ်ကို လက်နက်သဖွယ် စွဲကိုင်၍ အုပ်စုဖွဲ့လှုပ်ရှားကာ ၎င်းတို့လိုလားသည့် နိုင်ငံများအပေါ်တွင် စံတစ်မျိုး၊ ၎င်းတို့မလိုလားသည့် နိုင်ငံများအပေါ်တွင် စံတစ်မျိုး ဟူ၍ စံနှစ်မျိုးကိုလည်း ခွဲခြားကျင့်သုံးကြသေးသည်။ 


အနောက်အုပ်စုနိုင်ငံများဟု ကမ္ဘာကသိကြသည့် အဆိုပါ နိုင်ငံများ၏ စံနှစ်မျိုးကျင့်သုံးမှုနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ထုတ်ဖော်ပြောကြားသူမှာ ဂျော်ဒန်နိုင်ငံမှ ဘုရင်မကြီး ရာနီယာဖြစ်သည်။ အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမားစ်တို့ အစ္စရေးကို   တိုက်ခိုက်မှုအပေါ်  အနောက်အုပ်စုက  ပြတ်ပြတ် သားသား ရှုတ်ချကာ အစ္စရေးဘက်မှ ရပ်တည်ခဲ့ကြပြီး အစ္စရေးက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာတွင်လည်း ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ပိုင်ခွင့်အဖြစ် ဝိုင်းဝန်းထောက်ခံခဲ့ကြပုံနှင့် ၎င်းဖြစ်ရပ် မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အတွင်း အစ္စရေးက ဂါဇာမှ အရပ်သားများကို သတ်ဖြတ်မှုအပေါ် မသိကျိုးကျွန်နှုတ်ဆိတ်နေခဲ့ ကြပုံတို့ကို ဂျော်ဒန်ဘုရင်မကြီး ရာနီယာက နှိုင်းယှဉ်ပြောကြား ခဲ့ခြင်းဖြစ်သည်။


အခြားကမ္ဘာ့သတင်းတစ်ပုဒ်တွင်မူ  အမေရိကန်အစိုးရက ယူကရိန်းအား ဒေါ်လာသန်း  ၈၀၀  ဖိုး  စစ်ရေးအကူအညီများ နောက်ထပ်ပေးအပ်သွားမည်ဟု  ကြေညာခဲ့ရာတွင် အမေရိကန် ဥပဒေအရ တားမြစ်ထားသည့် ကလတ်စတာဗုံးခေါ် ဗုံးပဒေသာ များလည်း ပါဝင်နေခြင်းဖြစ်သည်။ အဆိုပါ ဗုံးအမျိုးအစားကို ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်နိုင်ငံက အသုံးပြုရာ လာအိုနိုင်ငံကို ကြဲချခဲ့သည့် ဗုံးတန်ချိန် နှစ်သန်းကျော်တွင်လည်း ကလတ်စတာဗုံးများ ပါဝင်ခဲ့သည်။ ယင်းအနက်မှ ကလတ်စတာ ဗုံး အရေအတွက်   သန်း ၈၀ ခန့် မပေါက်မကွဲဘဲ ကျန်ရစ်ခဲ့ရာ ယခုအချိန်အထိ ၎င်းဗုံးများနှင့် မတော်တဆ ထိတွေ့မိသူ ၂၀၀၀၀ ကျော် သေဆုံးခဲ့ပြီး  လူအမြောက်အမြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြ ရသည်။ ဥပဒေဖြင့်  တားမြစ်ထားပြီး  ၂၀၀၈ ခုနှစ်မှစတင်ကာ ချိပ်ပိတ်သိမ်းဆည်းခဲ့သည့်  ကလတ်စတာဗုံးများကို စစ်ပွဲတွင် အသုံးပြုရန်  ပြန်လည်ပွဲထုတ်လာခြင်းက  လိုလျှင်တစ်မျိုး၊  မလို   လျှင်တစ်မျိုး စံနှုန်းကို ကျင့်သုံးခြင်းပင်ဖြစ်သည်။


အမေရိကန်၏ နောက်လိုက် အပေါင်းပါ နိုင်ငံဖြစ်သော ဗြိတိန် သည်လည်း  အာဖဂန်နစ္စတန်နိုင်ငံတွင်  ၎င်းတို့ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း ကလေးများအပါအဝင် အရပ်သားများ သေဆုံးခဲ့မှုအပေါ် ထိမ်ချန်မှုများရှိခဲ့သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း  ဗြိတိန်စစ်တပ်က  လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာတွင် အာဖဂန်နစ္စတန် ကလေးငယ် ၆၄ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အစိုးရက  ပြောကြားခဲ့သော် လည်း  ၎င်းအရေအတွက်သည် လျှော့ချထားခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့်   အမှန်တကယ်သေဆုံးသည့့်  ကလေး အရေအတွက်   ၁၃၅  ဦးအထိရှိနိုင်ကြောင်း   လက်နက်ကိုင် အကြမ်းဖက်မှုအရေးယူဆောင်ရွက်ရေး  ပရဟိတအဖွဲ့တစ်ဖွဲ့ က   ထုတ်ဖော်ပြောကြားခဲ့သည်။   အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနိုင်ငံများ၏ အခြားနိုင်ငံများအပေါ် စွက်ဖက်မှု၊ ကျူးကျော်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများစွာတို့မှာ ရေး၍ မကုန်နိုင်သလို စံနှစ်မျိုးကျင့်သုံးမှုတို့မှာလည်း ကုန်နိုင်ဖွယ်မရှိ။


မိမိတို့နိုင်ငံနှင့်စပ်လျဉ်း၍ မူအထင်ရှားဆုံးမှာ ARSA အကြမ်း ဖက်သမားများက   ရဲစခန်း  ၃၀ ကျော်နှင့်   တပ်မတော်တို့ကို သာလွန်အင်အားစုဖွဲ့ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော် က တုံ့ပြန်တိုက်ခိုက်ခဲ့ရာတွင် လူ့အခွင့်အရေးအကြောင်းပြကာ အနောက်အုပ်စုက ဝိုင်းအော်ခဲ့ကြခြင်းနှင့် ယခု အစ္စရေး - ပါလက် စတိုင်း အရေးအခင်းတွင် အနောက်အုပ်စု၏တုံ့ပြန်ကြပုံ  စံနှစ်မျိုး ကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို  အခြေခံ၍  ကျင်းပသည့်  ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်များကို    အသိအမှတ်ပြုခဲ့ကြသော်လည်း ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှုကြောင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)နှင့်အညီ  နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာ ၍ တာဝန်ယူခဲ့ခြင်းအပေါ် အသိအမှတ်ပြုမှု မရှိခြင်းပင်ဖြစ်သည်။


စင်စစ်အနောက်အုပ်စု၏ လိုလျှင်တစ်မျိုး၊ မလိုလျှင်တစ်မျိုး ဟူသော စံနှစ်မျိုးသည် နယ်ချဲ့ဝါဒီနိုင်ငံဟောင်းတို့၏ ကြီးနိုင် ငယ်ညှဉ်းလိုသော၊ ဗိုလ်ကျစိုးမိုးလိုသော ဗီဇစရိုက်မှ ပေါ်ထွက် လာသည့်အပြုအမူဆိုးဟုသာ ဆိုရမည်ဖြစ်ပါကြောင်း။       ။