
တီဟီရန် ဩဂုတ် ၂၃
အီရန်နိုင်ငံအနေဖြင့် လက်ဘနွန်နိုင်ငံသို့ လောင်စာဆီ ရောင်းချခြင်းလုပ်ငန်းမှာ စွမ်းအင်ဆိုင်ရာ သာမန် ကုန်သွယ်မှုတစ်ရပ်သာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာအိ ခါတီဇာဒက်က ယနေ့ပြောကြားသည်။
အီရန်နိုင်ငံအနေဖြင့် စွမ်းအင်ဆိုင်ရာ လိုအပ်ချက် ရှိနေသော မိတ်ဆွေနိုင်ငံများအား ယခုကဲ့သို့ လောင်စာဆီတင်ပို့ရောင်းချခြင်းမှာ တရားဝင်လုပ်ငန်း ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး သာမန်ကုန်သွယ်မှု တစ်ရပ်သာဖြစ်ကြောင်း ၎င်းကပြောကြားသည်။
အီရန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို နှစ်ပေါင်း အတန်ကြာခံခဲ့ရကြောင်း ၎င်းကပြောကြားသည်။
အချို့နိုင်ငံများအနေဖြင့် ထိုကဲ့သို့သော အရေးယူ ပိတ်ဆို့ခံရမှုကြောင့် ထိခိုက်ခဲ့သော နိုင်ငံများထံမှ အကျိုးစီးပွားရယူလိုသည်ကို အီရန်နိုင်ငံအနေဖြင့် နားလည်သိရှိပြီး ဒေသတွင်း ထိုကဲ့သို့ လွှမ်းမိုးမှုမျိုးကိုလက်သင့်ခံမည်မဟုတ်ကြောင်း ၎င်းကပြောကြား သည်။
လက်ဘနွန်နိုင်ငံသည် နိုင်ငံအတွင်း ဒီဇယ်၊ ဓာတ်ဆီနှင့် အခြားလောင်စာဆီများ လျော့နည်းလာမှု ကြောင့် လက်ရှိအချိန်၌ အခက်အခဲများဖြစ်ပေါ်လျက် ရှိသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ