လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် UNCTFMR တို့၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ

Image not available
နေပြည်တော်   မတ်    ၅
 
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော  ကျူးလွန်မှုများမှ   ကာကွယ်တားဆီးရေး ကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို  ယနေ့နံနက်ပိုင်းတွင်  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန    စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
 
တက်ရောက်
 
အစည်းအဝေးသို့  ကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်ကော်မတီ ဝင်များနှင့်  UNCTFMR ဘက်မှ  UNICEF, UNRCO, ILO,  Save the Children, UNHCR,WFP, World Vision မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 
ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ ဝင်းမြတ်အေးက ယခုအစည်းအဝေးသည် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော  ကျူးလွန်မှုများမှ    ကာကွယ်တားဆီးရေးကော်မတီနှင့်  Country Task Force on Monitoring and Reporting (CTFMR) တို့ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းသည့် အစည်း အဝေးဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်  ကလေးသူငယ် များ၏အကျိုးစီးပွားကို  အကောင်းဆုံး  အကောင်အထည် ဖော်ဆောင်ရွက်နေပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ (၂၀၁၉)တွင်  ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊  ဥပဒေနှင့် အညီ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များကို  ကာကွယ်ပေးနိုင်ရန်   မိမိတို့   အထူးကော်မတီကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါကြောင်း၊   ကော်မတီဖွဲ့စည်းရခြင်းအကြောင်း  ရင်းမှာ     မိမိတို့နိုင်ငံသည်     လက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းသေးသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ လက်နက် ကိုင် ပဋိပက္ခများသည် နှစ်ရှည်လများ နှစ်ပေါင်း ၇၀ ကျော်  တိုင်အောင် ဖြစ်ပွားလျက်ရှိနေပါကြောင်း။
 လက်နက်ကိုင်ပဋိပက္ခများတွင် ပြည်သူများလုံခြုံမှု  ရှိစေရန်  ငြိမ်းချမ်းမှုကို ဦးတည်သွားမည့်   ဆောင်ရွက်မှု များကို မိမိတို့အနေဖြင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံအနေဖြင့်  အစဉ် တစိုက် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊  ပဋိပက္ခများရှိဆဲကာလတွင် ပြည်သူများ  လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊   ပြည်သူများ လုံခြုံမှု ရှိစေရေးဆောင်ရွက်ရာတွင်      ကလေးသူငယ်များအတွက် အဓိကထား၍    စဉ်းစားဆောင်ရွက်နေသည့်     ကိစ္စရပ်   များအား လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ ကော်မတီမဖွဲ့မီ   ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက်  ကလေးသူငယ်   အခွင့်အရေးများ ဆိုင်ရာ ဥပဒေအသစ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ် (New Child Rights Law) သည် ၂၀၁၉ ခုနှစ်  ဇူလိုင်လတွင်  ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း  လက်နက်ကိုင်ပဋိပက္ခ အတွင်း  ကလေးသူငယ်များအပေါ်  ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရန်လုပ်ငန်းအား အကောင်အထည် ဖော်မည်ဖြစ်သောကြောင့် ကော်မတီတစ်ရပ်အားဖွဲ့စည်းရန်  လိုအပ်ပါကြောင်း၊  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  ဥပဒေအသစ်နှင့် ကော်မတီပေါ်ပေါက်လာပြီး ဖြစ်ပါကြောင်း၊  ကော်မတီသည် ဥပဒေအား အကောင်အထည်ဖော်ရာလည်း ရောက်ရှိပါကြောင်း၊  လိုအပ်သဖြင့်  သီးခြားဖွဲ့စည်းခဲ့သည့်  ကော်မတီတစ်ရပ်ဖြစ်ပါကြောင်း။
 
ဥပဒေတွင်ရှိသည့်  ကလေးသူငယ်များ၏အခွင့်အရေး အား အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းမှာ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ် အခန်း(၁၇) တွင် ကလေးသူငယ်များအနေဖြင့်  လက်နက်ကိုင်ပဋိပက္ခ အတွင်း ကျူးလွန်ခံရမှုများမှ ကာကွယ်တားဆီးရန်အတွက် သီးခြားအခန်းကဏ္ဍတစ်ခုအနေဖြင့်     ထည့်သွင်းရေးဆွဲ ထားပါကြောင်း၊    ၎င်းအခန်းကဏ္ဍတွင်    ပုဒ်မများနှင့် ဆောင်ရွက်ရမည့်ကိစ္စများ ပါဝင်ပါကြောင်း၊ ပြစ်မှု/ ပြစ်ဒဏ် ကိစ္စရပ်များလည်း ပါဝင်ပါကြောင်း၊ သေချာစွာ  ရေးဆွဲ ထားပြီးဖြစ်သောကြောင့် ဥပဒေအား အကောင်အထည်ဖော်  ရမည်ဖြစ်ကြောင်း၊  သို့ဖြစ်ပါ၍  မိမိတို့အနေဖြင့်   အထူး ကော်မတီတစ်ရပ်  လိုအပ်လာသောကြောင့်   ကော်မတီ တစ်ရပ်  ဖွဲ့စည်းခဲ့ရခြင်းဖြစ်ပါကြောင်း၊   ကော်မတီတွင် လုပ်ငန်းတာဝန်    (၁၀)ရပ်   သတ်မှတ်ထားပါကြောင်း၊  လုပ်ငန်းတာဝန်  နံပါတ်  (၄)တွင်   ပါရှိသောအချက်မှာ ကော်မတီသည်   ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သော  UNICEF, UNDP အဖွဲ့အစည်းများ အပါအဝင် CTFMR နှင့်   ပူးပေါင်းဆောင်ရွက်ရန်  လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့်  ပါဝင်ပါကြောင်း၊  အဆိုပါ  လုပ်ငန်းတာဝန်ဆောင်ရွက်ရန် ယနေ့အစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း။
 
အမျိုးသားအဆင့် လုပ်ငန်းစီမံချက်
 
အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား  အကောင် အထည်ဖော်ရာတွင် CTFMR နှင့် ပူးပေါင်းဆောင်ရွက်မည် ဟူသော အချက်ကို ယနေ့တွင်  ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း၊  အမျိုးသားအဆင့်  လုပ်ငန်းစီမံချက်ရေးဆွဲပြီး  နောက်ပိုင်း    မိမိတို့ကော်မတီနှင့်  CTFMR တို့ တွေ့ဆုံ ရသည်မှာ ပထမအကြိမ်ဖြစ်ပြီး  ကော်မတီတွင်  လုပ်ငန်း  ကော်မတီနှင့် Core Group အဖွဲ့များ ရှိပါကြောင်း၊ လုပ်ငန်း ကော်မတီနှင့်    နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး    Core Group   နှင့်  နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ပါကြောင်း၊  ကော်မတီ၏ အစည်း အဝေးမှာလည်း    ငါးကြိမ်တိုင်တိုင်   ကျင်းပခဲ့ပြီးဖြစ်ပါ ကြောင်း၊ CTFMR အနေဖြင့် အမျိုးသားအဆင့်  လုပ်ငန်း စီမံချက်နှင့်ပတ်သက်၍ များစွာသိရှိထားပြီးဖြစ်ပါကြောင်း၊ ယနေ့ တွေ့ဆုံမှုမှာ ကော်မတီအနေဖြင့် တွေ့ဆုံပြီး ပူးပေါင်း  ဆောင်ရွက်ရန် Commitment  for Cooperation and Coordination အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်   မိမိတို့ကော်မတီသည်  လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းတာဝန်ကိုလည်း  ကျေပွန် အောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
 
 မိမိတို့နိုင်ငံအပေါ်   နိုင်ငံတကာနှင့်   ပူးပေါင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍   ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ အစီရင်ခံစာများတွင်လည်း စာရင်းသွင်း  ဖော်ပြ နေမှုများရှိပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် စာရင်းဖော်ပြ ချက်များတွင်  မိမိတို့လုပ်ဆောင်ချက်များအား   ထိထိမိမိ ဆောင်ရွက်နိုင်ရန်အတွက် တွန်းအားပေးခြင်းဖြစ်သကဲ့သို့ ဆောင်ရွက်သည်များတွင် လိုအပ်နေသေးသည်ကို ဆိုလို ခြင်းလည်းဖြစ်ပါကြောင်း၊   မိမိတို့   ဆောင်ရွက်နေခြင်း မှာလည်း ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွား ကို အမှန်တကယ်  ဖော်ဆောင်နေသည့်  နိုင်ငံဖြစ်သည်ကို အသိအမှတ်ပြုစေလိုပါကြောင်း၊  CTFMR  နှင့်  ပူးပေါင်း ဆောင်ရွက်မှုများလည်း စတင်နေပြီဖြစ်သောကြောင့် မိမိတို့  နိုင်ငံအပေါ် စာရင်းသွင်းထားရှိမှုများ ပြောင်းလဲသွားမည်ဟု ယူဆပါကြောင်း၊  ယနေ့တွေ့ဆုံရသည့် အစည်းအဝေးသည် အလွန်အရေးကြီးပါကြောင်း၊  ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ယခု  အစည်းအဝေးသည်    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နောက်ဆက်တွဲစာရင်းမှ  ပယ်ဖျက်နိုင်ရန် အထောက်အကူ ပြုမည်ဖြစ်ကြောင်း မျှော်လင့်သည်ဟု ပြောကြားသည်။
 
ပူးပေါင်းဆောင်ရွက်
 
ထို့နောက် Country Task Force on Monitoring  and Reporting (CTFMR) ၏ Co-Chair ဖြစ်သူ Ms. June Kunugi  က  မြန်မာနိုင်ငံအစိုးရသည်   ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီအနေဖြင့်  ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေခြင်း  နှင့်    လိင်ပိုင်းဆိုင်ရာ    အကြမ်းဖက်ကျူးလွန်မှုများနှင့် ပတ်သက်သည့်  လုပ်ငန်းစီမံချက်အား   တင်ပြပေးသည့် အတွက်ကြောင့်  အထူးကျေးဇူးတင်ရှိပါကြောင်း၊   ယနေ့ အစည်းအဝေးအား  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးဌာန၊  ပြည်ထဲရေးဝန်ကြီး ဌာနအပါအဝင်  သက်ဆိုင်ရာဝန်ကြီးဌာနများမှ  ပူးပေါင်း ဆောင်ရွက်နေမှုများကို ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်ရုံးမှ    အသိအမှတ်ပြုပါကြောင်း၊   ယခုလိုကာလ အတွင်း  ကော်မတီအနေဖြင့် မြောက်မြားစွာသော ကြိုးပမ်း  အားထုတ်မှုများကို   ဝမ်းမြောက်ဝမ်းသာစွာ    တွေ့ရှိရပါ ကြောင်း၊   ကလေးသူငယ်များဆိုင်ရာအခွင့်အရေးဥပဒေ  အသစ် ထွက်ပေါ်လာသည်ကို တွေ့ရှိရပါကြောင်း။
 
နောက်ဆက်တွဲစာချုပ်ဖြစ်သည့်  ကလေးသူငယ်များ အား လက်နက်ကိုင်ပဋိပက္ခအတွင်း  ပါဝင်မှုနှင့်ပတ်သက်၍  ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍    လက်မှတ် ရေးထိုးနိုင်သည်အထိ   တွေ့ရှိရပါကြောင်း၊    ကော်မတီ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စာချုပ်ပါ  အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီစွာ  ဖော်ပြ ထားသည်ကိုလည်း   တွေ့ရှိရပါကြောင်း၊  ထိုသို့  ဖော်ပြ ထားသည်မှာ    ကော်မတီသည်   ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန်အတွက်    ကြိုးစားဆောင်ရွက် ထားသည်ကို ထင်ဟပ်ဖော်ပြနေပါကြောင်း။
 
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ   ပြဋ္ဌာန်းချက်အရ  ကြီးလေးသော  ပြစ်မှုကျူးလွန်ခြင်းများကို  စောင့်ကြည့် စစ်ဆေးအတည်ပြုခြင်းသည် CTFMR ၏  အဓိကတာဝန် ဖြစ်ပါကြောင်း၊  Joint Action Plan  အနေဖြင့် ပူးပေါင်း  ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊  National Action Plan  ဖြင့် ဆိုပါက CTFMR ၏ ပူးပေါင်းပါဝင်ခြင်းထက် CTFMR မှ အဖွဲ့ဝင်တစ်ဖွဲ့ချင်းစီ၏ ပူးပေါင်းဆောင်ရွက်ပံ့ပိုးမှုသာ  ရရှိ နိုင်မည်ဖြစ်ပါကြောင်း၊ CTFMR အဖွဲ့အနေဖြင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ၏အရေးပါမှုကို  နားလည်သဘော  ပေါက်ပါကြောင်း၊ ကလေးသူငယ်များကို ကာကွယ်ပေးရန်  နှင့် ကလေးစစ်သား အသုံးပြုသည်များကို တားဆီးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူသွားရန်  ယန္တရားတစ်ခု ဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ  အစိုးရနှင့် တပ်မတော်မှ ဆောင်ရွက်ပေးနေသည့်   အရွယ် မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး  ဆိုင်ရာလုပ်ငန်းများကို အသိအမှတ်ပြုပါကြောင်း။
 
ကလေးစစ်သား ပယ်ဖျက်ရေး
 
ကုလသမဂ္ဂမှ  ချမှတ်ထားသည့်   Safe  School Declaration အရ အစိုးရအနေဖြင့်  စာသင်ကျောင်းများကို  ကာကွယ်စောင့်ရှောက်ရန်    တာဝန်ရှိပါကြောင်း၊    Safe School Declaration သည်  လက်နက်ကိုင်အဖွဲ့တိုင်းတွင် တာဝန်ရှိသဖြင့်  မကြာမီကျင်းပမည့်  ပင်လုံညီလာခံတွင်  ထည့်သွင်းဖော်ပြသွားစေလိုပါကြောင်း၊  ကလေးစစ်သား ပယ်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ သည်  ကမ္ဘာ့အဆင့်တွင်  သိရှိအောင်မြင်ထားပြီး   ဖြစ်ပါ ကြောင်း၊ CTFMR အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်း  ကူညီဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း၊  ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ မြန်မာနိုင်ငံမှ အကောင်အထည်ဖော်  ဆောင်ရွက်ရန် အဆိုပြုထားသည့်အချက်(၆)ချက်ကိုလည်း  နိုင်ငံခြားရေးဝန်ကြီးဌာနသို့   ပေးပို့ထားပြီးဖြစ်ပါကြောင်း ပြောကြားသည်။ 
 
ယင်းနောက်   ကော်မတီအတွင်းရေးမှူး  ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးဝင်းနိုင်  ထွန်းက အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား မြန်မာ ဘာသာဖြင့်  အတည်ပြုပြီးဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန်အား  စိစစ်အတည်ပြုနိုင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ ထားပါကြောင်း၊  ပြန်လည်ထူထောင်ရေးဦးစီးဌာန   အနေ ဖြင့်    လက်နက်ကိုင်ပဋိပက္ခအတွင်း     ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှု ကာကွယ်တားဆီးရေး  ဆိုင်ရာ လုပ်ငန်းများကို Focal Person အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
 
ထို့နောက် တက်ရောက်လာကြသူများက လက်နက် ကိုင်ပဋိပက္ခအတွင်း  ကလေးသူငယ်များအပေါ်  သေကျေ ထိခိုက်ဒဏ်ရာရစေမှုနှင့်      လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုများအား ကာကွယ်တားဆီးနိုင်ရေး အမျိုးသား အဆင့် လုပ်ငန်းစီမံချက်   အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
 
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏     ဆုံးဖြတ်ချက် အမှတ်၊ ၁၆၁၂ (၂၀၀၅)နှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များ  အရ  သတ်မှတ်ထားသော  လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်       ကြီးလေးသောကျူးလွန်မှု  (၆) ရပ် (Six Grave Violations)ဖြစ်သည့် ကလေးသူငယ်များ အား  သေကျေထိခိုက်ဒဏ်ရာရစေခြင်း၊  အရွယ်မရောက် သေးသူများအား လက်နက်ကိုင်အဖွဲ့များသို့ စုဆောင်းခြင်း၊  ကျောင်းနှင့်ဆေးရုံများအား တိုက်ခိုက်ခြင်း၊  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်း၊    ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းနှင့်  ကလေးသူငယ်များအား  လူသားချင်း စာနာမှုဆိုင်ရာ   အထောက်အပံ့များ  ပိတ်ပင်ခြင်းတို့မှ ကာကွယ်တားဆီးရန်အတွက်   "လက်နက်ကိုင်ပဋိပက္ခ  အတွင်း ကလေးသူငယ်များအပေါ်  ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးကော်မတီ"ကို   ၂၀၁၉   ခုနှစ်  ဇန်နဝါရီ ၇ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 
 
သတင်းစဉ်