လမ်းအမှားကို လျှောက်မိပါက နစ်နာဆုံးရှုံးမှုကြီးမားနိုင်

 

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် လူငယ် လူရွယ်များ တရားဝင်မှတ်ပုံတင်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ   အေဂျင်စီများမှတစ်ဆင့်သာ  တရားဝင် သွားရောက်ကြရန် အသိပညာပေးမှုများ၊ နှိုးဆော်သတိပေးမှုများ ရှိနေသော်လည်း တရားမဝင်သွားရောက်မှုများ ရှိနေဆဲဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်အသက်ဝင်လာသည့်အခါတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခြင်း၊ သတင်းတု သတင်းမှားများ၊ ကောလာဟလများကို နားယောင်ခြင်း စသည့်အကြောင်းများကြောင့် လူငယ်လူရွယ်များ အတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်း မှုများ မြင့်တက်လာခဲ့ရာ တရားမဝင်သွားရောက်မှုများလည်း ရှိနေ သည်ဟုဆိုသည်။


ရန်ကုန်မှ     သတင်းတစ်ပုဒ်အရ    စက်မှုဇုန်လုပ်သားများကို ပစ်မှတ်ထားကာ ပြည်ပသို့ တရားမဝင်သွားရောက်လုပ်ကိုင်ရန် ခေါ်ယူမှုများရှိကြောင်း၊ လူငယ်များ ကြည့်ရှုမှုများသည့် လူမှုကွန်ရက် မီဒီယာမှတစ်ဆင့် စည်းရုံး၍ အလုပ်ခေါ်မှုကြောင့် စက်ရုံလုပ်သား အဖြစ်မှ   ထွက်ကာ   တရားမဝင်သွားရောက်အလုပ်လုပ်ခြင်းဖြစ် ကြောင်းနှင့် တရားမဝင်သွားရောက်မှုကြောင့် ပြည်ပတွင် ဒုက္ခရောက် နေသူများရှိနေကြောင်း သိရသည်။ လက်ရှိအလုပ်အကိုင်ရှိပါလျက် နှင့် ယင်းအလုပ်မှထွက်၍ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြ ရာတွင် တစ်ဖက်နိုင်ငံမှ လုပ်ခလစာဆွဲဆောင်မှု၊ မိမိပြည်တွင်းတွင် အခက်အခဲ၊  အကျပ်အတည်းများဖြစ်ပေါ်နေမှု  စသည့်အကြောင်း တရားများကို အခြေခံခြင်းဖြစ်ဖွယ်ရှိသည်။ မည်သည့်အကြောင်း ကြောင့် သွားရောက်သည်ဖြစ်စေ ပြည်ပသို့ရွှေ့ပြောင်းအလုပ်သမား အဖြစ်     သွားရောက်ရာတွင်    တရားဝင်လမ်းကြောင်းမှသာ   သွားရောက်ကြရန် တိုက်တွန်းလိုသည်။


မြန်မာနိုင်ငံတွင်  ပြည်သူ့စစ်မှုထမ်းဥပဒေ  အာဏာသက်ဝင် လာပြီးနောက်  ပြည်သူ့စစ်မှုထမ်းတာဝန်ကို  ရှောင်ရှားလိုသော မြန်မာလူငယ်များ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းလာနေ ကြောင်း၊   ပြည်သူ့စစ်မှုထမ်းဥပဒေကို   အကြောင်းပြု၍  ထိုင်းသို့ ဝင်ရောက်ကြရာတွင်   တရားမဝင်နည်းလမ်းဖြင့်    ဝင်ရောက်လာ မည့်   မြန်မာနိုင်ငံသားများလည်း   ပိုမိုများပြားလာဖွယ်ရှိကြောင်း ထိုင်းတာဝန်ရှိသူများဘက်ကလည်း    ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံသို့ တရားဝင်လာရောက် မည့်   မြန်မာနိုင်ငံသားများကို   ကြိုဆိုသွားမည်ဖြစ်သော်လည်း တရားမဝင် ဝင်ရောက်လာမည့်   မြန်မာနိုင်ငံသားများကို  ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားထားပြီး ထိုင်းလုံခြုံရေး အေဂျင်စီများနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ရာ     တရားမဝင်    ဝင်ရောက်လာမည့်သူများကို    အထူးတလည် စောင့်ကြည့်စစ်ဆေးအရေးယူသွားမည့်အခြေအနေတွင် ရှိနေမည် ဖြစ်သည်။


ပြည်ပနိုင်ငံများသို့     သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် တရားမဝင်နည်းလမ်းများဖြင့် သွားရောက်ကြသူများမှာ ပွဲစားများ ၏   လိမ်လည်ခြင်းကို   ခံရခြင်း၊   ခိုးဝင်မှုကြောင့်   ဖမ်းဆီးခံရခြင်း၊ လုပ်ခလစာနှင့် အခွင့်အရေးများ အပြည့်အဝမရရှိခြင်း၊ လူကုန်ကူး ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ဥပဒေ၏ အကာအကွယ်ကို မရရှိ ခြင်း စသည်ဖြင့် ဆုံးရှုံးမှုများစွာနှင့် ကြုံတွေ့ရလေ့ရှိသည်။ စစ်မှုထမ်း ဥပဒေကို ရှောင်ရှားလိုခြင်းကြောင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် သွားရောက်ရန် ကြိုးပမ်းလျှင်မူ နှစ်နိုင်ငံစလုံးမှ ဥပဒေများနှင့် ငြိစွန်း ပြီး အမှားကြီးသွားမည်ဖြစ်သည်။ မိမိတို့၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်ရေးအတွက်ဟူသော     ရည်ရွယ်ချက်ဖြင့်      ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင်    တရားဝင်ပြည်ပအလုပ် အကိုင် အကျိုးဆောင်အေဂျင်စီများနှင့် ဆက်သွယ်၍ တရားဝင် နည်းလမ်းဖြင့် သွားရောက်ခြင်းသည်သာ အန္တရာယ်ကင်းရှင်းပြီး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်ကို အမြဲမပြတ် သတိချပ်ကြရန် လိုသည်။


လူငယ်လူရွယ်များ အသုံးများသည့် လူမှုကွန်ရက်မီဒီယာများမှ တရားမဝင် စည်းရုံးခြင်း၊ သတင်းမှား ကောလာဟလများ ထုတ်လွှင့် ခြင်းတို့ကို မသမာသူတို့ ပြုလုပ်နေကြခြင်း၏ ရည်ရွယ်ချက်မှာ တောခြောက်သလို   ခြောက်လှန့်ထုတ်ပြီး   ပြေးလာသူများထံမှ အမြတ်ထုတ်      ကုပ်သွေးစုပ်နိုင်ကြရန်ဖြစ်သည်။    ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဘေးအန္တရာယ်အကင်းဆုံးနည်းလမ်း များရှိပါလျက် မသမာသူတို့ကို ယုံစားကာ လမ်းမှားကို လျှောက်မိ ပါက နစ်နာဆုံးရှုံးမှု ကြီးမားနိုင်သည်ဟု သတိပေးနှိုးဆော်လိုက် ရပါကြောင်း။       ။