
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=======================
လွမ်းမောတသ အဆောင်နေကျောင်းသူဘဝ
==========================
ပါမောက္ခဒေါက်တာခင်ခင်စန်း
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က အမိရန်ကုန် တက္ကသိုလ်ကြီး နှစ် (၁၀၀) တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ သည်။ တက္ကသိုလ်ကြီး၏ အမှတ်ရစရာ၊ လွမ်းမော တမ်းတစရာ မြောက်မြားစွာရှိသည့်အနက် အမိ တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သားများ အတွက် အဆောင်နေ (Hostel Life)ဘဝသည်လည်း ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ပတ်သက်နေပါသည်။
ရန်ကုန်တက္ကသိုလ်ကြီးသည် တက္ကသိုလ်၊ ကောလိပ် အသီးသီး၏ ပင်မမိခင်ကြီး ဖြစ်ပါသည်။ ယခင်က ပင်မတက္ကသိုလ်ကြီးနှစ်ခုအဖြစ် အညာတက္ကသိုလ် မန္တလေးနှင့် အခြားတက္ကသိုလ် ရန်ကုန်ဟူ၍ ရှိခဲ့ရာမှ ဥပစာကောလိပ်၊ ကောလိပ်၊ ဒီဂရီကောလိပ်အသီးသီး တိုင်းနှင့် ပြည်နယ်များအလိုက် တည်ရှိနေပြီ ဖြစ်ပါသည်။
တက္ကသိုလ်ကြီး၏ ဝင့်ထည်မှုများကို အားကျခဲ့ရ
ကျွန်မ အလယ်တန်း၊ အထက်တန်းကျောင်းသူဘဝက အစ်ကိုကြီး၊ အစ်မကြီးတို့၏ တက္ကသိုလ် ကျောင်းပိတ်ရက် အပြန် အဆောင်နေကျောင်းသား ကျောင်းသူ အတွေ့ အကြုံများ ပြောပြသည့်အခါ အဆောင်နေကျောင်းသား ကျောင်းသူဘဝကို ရယူခဲ့ချင်ပါသည်။ ကျွန်မ အထက်တန်းကျောင်းသူဘဝတွင် ရန်ကုန်တက္ကသိုလ် နှစ်(၅၀)ပြည့် ရွှေရတုသဘင် ကျင်းပမှုများကို ရေဒီယိုမှ လည်းကောင်း၊ သတင်းစာများမှလည်းကောင်း ကြားသိ ဖတ်ရှုခဲ့ရသဖြင့် တက္ကသိုလ်ကြီး၏ ဝင့်ထည်မှုများကို အားကျခဲ့ရပါသည်။ အထိမ်းအမှတ် ပြက္ခဒိန်များ၊ အမှတ်တရပစ္စည်းများလည်း ဝယ်ယူအားပေးခဲ့ပါသည်။
၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပုသိမ်ဒီဂရီကောလိပ်တွင် ရုက္ခဗေဒ အဓိကဖြင့် ပထမနှစ် စတင်တက်ရောက်ခဲ့ရပါသည်။ ထိုမှစ၍ ကျွန်မ၏ တက္ကသိုလ်အဆောင်သူဘဝ စတင်ခဲ့ရပါသည်။ ထိုစဉ်က ပုသိမ်ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးမှာ ဦးခင်မောင်တင့် (စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်) ဖြစ်ပါသည်။ ဆရာကြီး၏ ဝတ္ထုများကို ကြိုက်နှစ်သက် ခဲ့ရပြီး ယခုကျောင်းအုပ်ဆရာကြီးအဖြစ် နီးနီးကပ်ကပ် တွေ့မြင်ရသည်မှာ များစွာဝမ်းသာပီတိ ဖြစ်ခဲ့ရပါသည်။ ကျွန်မ ပထမနှစ် အဆောင်သူဘဝနေထိုင်ရသည်က “ယင်းမာ” ဆောင် ဖြစ်ပါသည်။ ထိုစဉ်က ကောလိပ်ဝင်း အတွင်း အဆောင်များ ပြည့်နေသဖြင့် ပထမနှစ် ကျွန်မတို့ ကျောင်းသူဆောင် “ယင်းမာ”သည် ပုသိမ်အထက (၁)အတွင်း အဆောင်အဖြစ် နေထိုင်ခဲ့ရပါသည်။
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့၏ ကျက်သရေ ဆောင်ကောလိပ်ဖြစ်သဖြင့် ကျွန်မတို့ အဆောင်နေ ကျောင်းသား ကျောင်းသူများအတွက် ဆန်ကိုအညံ့စား မဟုတ်ဘဲ တိုင်းဂုဏ်ဆောင် ပုသိမ်ဆန်ဖြင့် ကျွေးမွေး ခဲ့ပါသည်။ ထိုစဉ်ကာလ Hostel Fee မှာ တစ်လ ၅၇ ကျပ် ဖြစ်ပါသည်။ ကျောင်းလခမှာ တစ်လ ၁၅ ကျပ်ဖြစ်ပြီး လခကို နှစ်လတစ်ကြိမ် ပေးသွင်းရပါသည်။
အဆောင်တွင် အဆောင်မှူး၊ အဆောင်နည်းပြများဖြင့် အဆောင်ကျောင်းသား ကျောင်းသူဦးရေအလိုက် အုပ်ချုပ်မှု စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးပါသည်။ စားဖိုဆောင် အမာခံပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆား၊ နို့ဆီ၊ သကြား၊ ငါးပိ၊ ငံပြာရည်များကို အစိုးရဈေးဖြင့် အစိုးရက ကျောင်းဆောင်အသီးသီးအတွက် ထောက်ပံ့မှုများ ပေးခဲ့ ပါသည်။ နေ့စဉ်ဈေးဝယ်မှုကို အဆောင်မှူးဦးဆောင်၍ တာဝန်ကျအဆောင်နည်းပြများက ကျောင်းသား ကျောင်းသူ များအား အလှည့်ကျ ကိုယ်တိုင်ဈေးဝယ်၊ ဟင်းစာရင်းတွဲ၊ ဆောင်ရွက်စေခဲ့ပါသည်။ အဆောင်တွင် စားဖိုဝန်ထမ်း၊ စားပွဲထိုးဝန်ထမ်း၊ မာလီ၊ နေ့စောင့် ညစောင့်၊ သန့်ရှင်းရေး ဝန်ထမ်းများ ခန့်ထား၍ စနစ်တကျဖွဲ့စည်း ဆောင်ရွက်ခဲ့ကြ ပါသည်။
ကျွန်မတို့ သစ်လွင်ကျောင်းသူများ ဈေးဝယ်ထွက်ရာ တစ်နေ့နှစ်ယောက်ကျ ဝယ်ခဲ့ရပါသည်။ ကိုယ်နှစ်သက်ရာ ဟင်းစာရင်းတွဲ၍ တာဝန်ကျဆရာမကို တင်ပြကြရာ ဆရာမ က စိစစ်၍ သတ်မှတ်ငွေထုတ်ပေးပြီး စားဖိုမှူးကြီးနှင့် ဈေးဝယ်ထွက်ခဲ့ရပါသည်။ ဈေးထဲတွင် အဆောင်အသီးသီးမှ စားဖိုမှူးများ တာဝန်ကျကျောင်းသား ကျောင်းသူများနှင့် လွန်စွာပျော်စရာကောင်းခဲ့ပါသည်။ ဈေးထဲတွင် မျက်နှာ အပွင့်ဆုံးသူများမှာ စားဖိုမှူးကြီးများ ဖြစ်ပါသည်။ ဈေးသည်အသီးသီးက သူ့ထံဝယ်ပါ၊ ကိုယ့်ထံဝယ်ပါ တစာစာ နှင့် အပြိုင်အဆိုင် သူ့ထက်ငါကောင်း ခေါ်ဆိုနေကြသည်မှာ အပြိုင်အဆိုင်ပါ။ ကျွန်မတို့ကတော့ ကျွန်မတို့စားဖိုမှူးကြီး ဦးဆောင်ရာနောက်လိုက်ပါရင်း လိုအပ်သည်များ ဈေးစာရင်း အတိုင်း စားဖိုမှူးကြီး အချိန်အဆအတိုင်း ဝယ်ယူ ငွေရှင်း ပေးရပါသည်။
မှတ်မှတ်ရရအပျော်ဆုံးမှာ ငါးသည်အဒေါ်ကြီးက ကျောက်ပုစွန်ကြီးသုံးကောင် လက်ဆောင်ပေးခြင်းပါ။ တစ်ကောင်က သမီးတို့အဆောင်မှူးအတွက် ဖြစ်သည်။ ပျော်လိုက်တာ အဲဒီနေ့က စားဖိုမှူးကြီးက ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်အတွက် ကျောက်ပုစွန်ကြီး မီးဖုတ် သုပ်ပေးခဲ့ခြင်းပါ။ ဈေးဝယ်အလှည့်ကျသူတိုင်း၏ ထမင်း စားပွဲဝိုင်းတွင် ထိုနေ့အဖို့ ပုံမှန်ဟင်းလျာအပြင် ဈေး လက်ဆောင် ဟင်းလျာများဖြင့် စိုပြည်မြိုင်ဆိုင်ခဲ့ပါသည်။
အချိန်မှန်၊ ပုံမှန် ပူပူနွေးနွေးစားသောက်ခဲ့ရ
နောက် မှတ်မှတ်ရရတစ်ခုက ငါးခြောက်သည် အဒေါ်ကြီးက ကျွန်မတို့အတွက်ရော ထုံးစံအတိုင်း အဆောင်မှူး၊ စားဖိုမှူးအတွက်ပါ ငါးရံ့ခြောက်ပြားကြီး သုံးချပ်ပေးစဉ်ကလည်း ပျော်ခဲ့ရပါသည်။ စားဖိုမှူးကြီးက မီးကင်းကာ အချပ်လိုက် ဆီပုံးထဲနှစ်ပြီး ကျွန်မတို့အား ပေးသောအခါ ငါးရံ့ခြောက်ဖုတ်မွှေးမွှေး ဆီရွှဲရွှဲဖြင့် ထမင်းမိန်လိုက်သည့်ဖြစ်ခြင်း။ ၅၇ ကျပ်နှုန်းပေးဖြင့် အဆောင် ထမင်း၊ ဟင်းအမြဲကောင်းသည် မဟုတ်သော် လည်း အချိန်မှန်၊ ပုံမှန် ပူပူနွေးနွေးစားသောက်ခဲ့ရပါသည်။
နံနက် ၆ နာရီ ထမင်းစားခေါက်၊ ၈ နာရီ နံနက်စာသိမ်း၊ ကျွန်မတို့ခေတ်က အတန်းများမှာ ၇ နာရီ တန်းများရှိပါသည်။ အတန်းမတက်မီစားစား၊ အတန်း တက်ပြီးမှစားစား ပိတ်ချိန်အချိန်မီရင် ပြီးတာပါပဲ။ အကြောင်းရှိရင် တာဝန်ကျအဆောင်နည်းပြ ခွင့်ပြုချက်ဖြင့် စားပွဲထိုးမှူးဆီမှာ ထမင်းတင်ခွင့်ရခဲ့ပါသည်။ အဆောင် နေဖူးသူမှန်သမျှ အဆောင်ထမင်းခိုးမတင်မိသူ ရှားမည် ထင်ပါသည်။ ကျွန်မတို့ အဆောင်မှူး ဆရာမကြီးမှာ စည်းကမ်းကြီးသူဖြစ်သဖြင့် အခန်းတွင် ခိုးယူစားသောက် ခြင်းကို အားမပေးပါ၊ ဝမ်းအပြင် အိတ်မပါကြောင်း ထမင်းစားခန်းတွင်ပင် အဝစားသောက်ရန် ပြောကြား ဆုံးမပါသည်။ ဒါပေမဲ့ ကျွန်မတို့ ကျောင်းသူများ ခိုးမြဲ ခိုးတာပါပဲ၊ ညဘက်လက်ဖက်သုပ်၊ အိမ်ကပါလာသော ငါးပိကြော်၊ ငါးခြောက်ကြော်၊ သရက်သီးသနပ်များဖြင့် နယ်ဖတ်စားရသော ထမင်းအရသာ ညလယ်စာကို အဆောင်နေ ကျောင်းသား ကျောင်းသူအားလုံး မှတ်မိသိရှိ နေမည်ထင်ပါသည်။
အိမ်က ပေးလိုက်သော ငါးပိကြော်၊ ငါးခြောက်ကြော် များ၊ အိုဗာတင်း၊ ဟောလစ်ပုလင်းများ ကုန်သောအခါ ထမင်းဖြူကို ပုလင်းများတွင် ဖိသိပ်ထည့်ယူခဲ့ကြ ပါသည်။ စားပွဲထိုး ဦးကြီးများက မမြင်ချင်ယောင်ဆောင်၍ နင်တို့ငါးပိကြော်တွေ ငရုတ်သီး မပါဘူး ထင်ရဲ့ အဖြူချည်း တွေဟု ရယ်ကျဲကျဲ ပြောတာလည်း မြင်ယောင် မိပါသည်။
Study Bell မထိုးမီ အခန်းတစ်ခန်းတွင်စု၍ ငါးပိကြော်၊ ငါးခြောက်ကြော်၊ သရက်သီးသနပ်များဖြင့် ရောသမမွှေ အဝတ်လျှော်ဇလုံတွင် ထည့်သုပ်ပြီး ရေနွေးကြမ်းဖြင့် သူငယ်ချင်းတစ်သိုက် စုဝေးစားသောက် ရသော ညလယ်စာမရှိတရှိစားချိန်လေးကို သတိရ လွမ်းဆွတ်မိပါသည်။ စားသောက်ပြီး လူစုမခွဲနိုင်သေးဘဲ ထွေရာလေးပါးစကား ပြောကောင်းစဉ် Hall Tutor Round လှည့်လာသောအခါ ကမန်းကတန်း အပြေး အလွှား ကိုယ့်အခန်းအသီးသီး ပြန်ပြေးကြ၊ တစ်ခါတစ်ခါ ပြေးမလွတ် ပက်ပင်းတိုး၍ ဒဏ်တပ်ခံရ အဆောင်နေ ကျောင်းသူဘဝ၏ မမေ့နိုင်စရာနေ့ရက်များပါပေ။
ဘက်စုံထောင့်စုံလေ့ကျင့်ပေးရာ နယ်မြေကြီး
ပုသိမ်ကောလိပ်တွင် မိန်းကလေးဆောင် ထားရှိရာ နှစ်အလိုက် ပထမနှစ်များကို “ယင်းမာဆောင်”၊ ဒုတိယနှစ် “မဉ္ဇူဆောင်” ၊ တတိယနှစ် “ယုဇနဆောင်”၊ စတုတ္ထနှစ် “သပြေဆောင်”တွင် ထားပါသည်။ ကျွန်မ တက္ကသိုလ်ကျောင်းသူဘဝ အဆောင်နေကာလများကို နှစ်အလိုက်အဆောင်များ တစ်နှစ်တစ်မျိုး နေခဲ့ရပါသည်။ လူငယ်ဘဝ အပူအပင်ကင်းမဲ့ လွတ်လပ်ပေါ့ပါးစွာ ပညာရည်နို့ သောက်ခဲ့ရပါသည်။ တက္ကသိုလ်ဆိုသည်မှာ ပညာရပ်သာမက ဘက်စုံထောင့်စုံ လေ့ကျင့်ပေးရာ နယ်မြေကြီးတစ်ခုဖြစ်ပါသည်။
အဆောင်ကျောင်းသူဘဝမှာလည်း ပေါင်းသင်း ဆက်ဆံရေး၊ ဘာသာရေး၊ လူမှုရေး အစစအရာရာ သင်ယူလေ့ကျင့်ရာ နယ်မြေဖြစ်ပါသည်။ နယ်ပယ်အစုံ နေရာဒေသ ဓလေ့စရိုက်မျိုးစုံ စုဝေးနေထိုင်ကြသဖြင့် တစ်ဦးနှင့်တစ်ဦး မောင်ရင်းနှမ၊ ညီရင်းအစ်ကို ညီအစ်မ သဖွယ် ချစ်ခင်ပေါင်းစည်းကြသည်မှာ အဆောင်နေ (Hostel Life) ၏ အနှစ်သာရပင် ဖြစ်ပါသည်။
မိန်းကလေး ကျောင်းသူဆောင်များသည် ယောက်ျားလေးဆောင်များထက် စည်းကမ်း ပိုမို တင်းကျပ်ထားရှိပါသည်။ ညနေ ၅ နာရီခွဲတွင် အဆောင် ထမင်းစားပိတ်၍ ၆ နာရီတိတိတွင် အဆောင်တံခါး ပိတ်ပါသည်။ တာဝန်ကျဆရာမက ထမင်းစားခန်းမတွင် Roll call ခေါ် လူစစ်ဆေးမှုပြုလုပ်၍ ကြေညာစရာ၊ အသိပေးစရာများ ပြောကြားခြင်း၊ ဆုံးမစကား ပြောကြား ခြင်း၊ စာတိုက်မှလာသောစာများ အခန်းလိုက် ဝေငှခြင်းများ ပြုလုပ်ပါသည်။ ပြီးလျှင် Parlour ခန်းမ ဘုရားဆောင်တွင် ဘုရားဝတ်ပြုခြင်း၊ ဓမ္မစကြာ တရားတော်များ ရွတ်ပွားခြင်း နေ့စဉ်ပြုလုပ်ကြပါသည်။
သောကြာနေ့ ညနေတွင် အဆောင်စာကြည့်တိုက်မှ စာအုပ်များတာဝန်ကျ ကျောင်းသူများက တာဝန်ယူ၍ ငှားရမ်းပေးပါသည်။ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ဝတ္ထုများ နှစ်သက်ရာ ငှားရမ်းနိုင်ပါသည်။ တနင်္ဂနွေနေ့ညတွင် ပြန်လည်အပ်နှံရပါသည်။
အဆောင်ကျောင်းသူများ အဆောင်တွင် နေသား တကျဖြစ်သောအခါ အဆောင်သာယာရေးကော်မတီကို ဖွဲ့စည်းပေးပါသည်။ အခန်းအုပ်စုအလိုက် EC များ ရွေးချယ်ပြီး EC များထဲမှ သွက်လက်ချက်ချာရည်မွန်၍ လုပ်ရည်ကိုင်ရည်ရှိသောသူကို အများဆန္ဒအရ အဆောင် အတွင်းရေးမှူး ရွေးချယ်ပေးပါသည်။ EC အဖွဲ့များကို စနစ်တကျကော်မတီများ ဖွဲ့စည်း၍ အဆောင်အတွက် လိုအပ်သည်များကို လုပ်ငန်းကော်မတီများ ခွဲဝေထားရှိ ပေးပါသည်။ ဥပမာ အားကစားကော်မတီ၊ အနုပညာ လှုပ်ရှားမှုကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ လူမှုရေး ကော်မတီ စသည်ဖြင့် ဖွဲ့စည်းဆောင်ရွက်စေပါသည်။ ဤသည်မှာ ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသကဲ့သို့ ပညာသင်ကာလကတည်းက လုပ်ငန်းခွင်ဝင်ရောက်လျှင် အဆင်သင့်ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးခြင်းသဘော ဖြစ်ပါသည်။
လွန်စွာပျော်ရွှင်ခဲ့ရ
ကျွန်မ၏ တက္ကသိုလ်ကျောင်းသူဘဝ ပထမနှစ် အဆောင်နေကျောင်းသူဘဝသည် မိဘရင်ခွင်မှ ခွဲခွာစ သူစိမ်းများနှင့် အတူနေ၊ အတူစား၊ အတူသွား နေထိုင် ရသည်မှာ အစပိုင်း၌ အသားမကျ မနေတတ်သော်လည်း အတန်ကြာသော် နေသားတကျဖြစ်လာပါသည်။ အသွင် မတူ၊ စရိုက်မတူ အလွှာစုံ၊ နေရာစုံမှ အမိုးတစ်ခုတည်းတွင် ပေါင်းစုနေရသောအခါ မိသားစုပမာ နေတတ်သွား ပါသည်။ အဆောင်မှူးနှင့် အဆောင်နည်းပြ ဆရာမ များ၏ ဆိုဆုံးမမှုများအောက်တွင် နေသားကျသွားပါ သည်။ မိန်းကလေးအဆောင်သည် စည်းကမ်း အပြည့်အဝဖြင့် အချိန်မှန်အိပ်၊ အချိန်မှန်စား၊ ဘာသာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးအစစ လုပ်ငန်းခွင် မဝင်မီ စာသင်သားဘဝကတည်းက ရရှိစေရန် သင်ကြား ပေးသဖြင့် ကျွန်မ၏ အဆောင်နေကျောင်းသူဘဝသည် လွန်စွာပျော်ရွှင်ခဲ့ရပါသည်။
နေ့စဉ် Roll call ခေါ်ပြီးတိုင်း ဘုရားဆောင်ထားရှိရာ Parlour ခန်းမကြီးတွင် စုဝေး၍ ဓမ္မစကြာတရားတော် ရွတ်ဆိုကြရာ ကျွန်မ ပါဠိပုဒ်ဆင့်များ မဆိုတတ်သဖြင့် လွယ်ကူစွာ ဆိုတတ်သော စက္ခုဥဒပါဒိ၊ ဉာဏဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိကို အနောက်တွင် အသားကုန်ရွတ်ဆိုပြီး ကျန်နေရာများ၌ အသံတိတ်မှိန်း၍ ဝါးဆိုနေရာတွင် တစ်ပတ်အကြာ အဆောင်နည်းပြဆရာမ ဒေါ်စန်းစန်းမြင့် (မမဆူဆန်)က ကျွန်မအားခေါ်၍ အကျိုးအကြောင်း မေးမြန်းရာ ကျွန်မရှင်းပြတော့မှ ဆရာမသဘောပေါက်ပြီး ဆရာမက နှုတ်တိုက်ချပေးပါတော့သည်။
ကျွန်မတို့ ပုသိမ်ကောလိပ်အဆောင်များတွင် မေ့မရနိုင်သောနေ့များစွာတို့တွင် ညအခါ အဆောင်ရှေ့ သီချင်းများလာဆိုသော ဂီတာချစ်သူ၊ သီချင်းချစ်သူ များ၏ တေးသံကို စောင့်စားနားထောင်ရခြင်းလည်း ကဏ္ဍတစ်ခုဖြစ်ပါသည်။ အဖွဲ့များမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ မမောနိုင်မပန်းနိုင် အရင်ရောက်သူက စတင်သီဆို၊ နောက်လူကစောင့်ဖြင့် တက္ကသိုလ်ညများကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါသည်။ ကျွန်မတို့ ပုသိမ်ကောလိပ်၏ ညတေးသံဖြေဖျော်ရေးတွင် ထူးခြားမှုတစ်ခုမှာ မြို့တွင်းမှ အရာရှိငယ်များဟုဆိုသော “တောသားကြီးအဖွဲ့” ဖြစ်ပါ သည်။ မြန်မာသံစဉ်များကို အလေးထား၍ ဖြေဖျော် သော အဖွဲ့ဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့ညများတွင်သာ လာရောက် ဖြေဖျော်ခြင်းဖြစ်ပါသည်။ “ခင်မောင်ရင် ပြောပြမယ် ….တောသားလည်း ဟုတ်နိုင်ပေါင် ခင်ရယ်….” သီချင်းကို ပင်တိုင်သီဆိုလေ့ရှိသဖြင့် “တောသားကြီး” အဖွဲ့ဟု ခေါ်တွင်ခဲ့ကြပါသည်။
မေ့မရနိုင်သော တက္ကသိုလ်ရက်များ
ပုသိမ်ကောလိပ် အဆောင်နေကျောင်းသူဘဝတွင် နှစ်စဉ် ကထိန်ပွဲတော်နှင့် “ပြည်ထောင်စုနေ့” ပွဲတော် သည် အလွန်စည်ကားခဲ့ပါသည်။ ပွဲတော်တိုင်း သုံးရက်တိုင် ကျင်းပသည်။ ကန်သုံးဆင့်ကျောင်းရှေ့တွင် ဇာတ်စင်ထိုး ၍ မေဂျာအလိုက် အကပဒေသာများ၊ အငြိမ့်များ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်၍ ပျော်ရွှင်စွာကျင်းပခဲ့ကြပါ သည်။ ကျောင်းသား ကျောင်းသူများအချင်းချင်း ပိုမို ရင်းနှီးခဲ့ကြပါသည်။ ရခိုင် ကျောင်းသား ကျောင်းသူများ၏ ရခိုင်စည်တော်ဖွင့်၊ သျှန်ဒိုင်ယိမ်း၊ ကုန်ရာသီတပို့တွဲယိမ်း၊ ကရင်ကျောင်းသား ကျောင်းသူများ၏ ဒုံးယိမ်း၊ ဝါးညှပ်အက၊ ချင်းတိုင်းရင်းသား များ၏ အက၊ မြန်မာကျောင်းသား ကျောင်းသူများ၏ ယိမ်းအမျိုးမျိုး မေဂျာအလိုက် အပြိုင် အဆိုင် တင်ဆက်ကြသည်မှာ မေ့မရနိုင်သော တက္ကသိုလ် ရက်များပါပေ။ ပဒေသာကပွဲများအပြီး အငြိမ့်ခန်းဖြင့် ဖြေဖျော်ရာ “ရုက္ခဗေဒ”အငြိမ့်နှင့် “ရူပဗေဒ”အငြိမ့်မှာ နာမည်ကြီးလှပါသည်။
ကျွန်မတို့ ရုက္ခဗေဒအငြိမ့်မင်းသမီးမှာ “မယဉ်ယဉ်ရွှေ” ဖြစ်ပြီး ရုပ်ရှင်မင်းသမီး ဒေစီကျော်ဝင်းနှင့် ဆင်လှပါသည်။ တကယ့်အငြိမ့်မင်းသမီးကြီးအလား ထဘီ သိမ်းခတ်အက တော်လှပါသည်။ ကျွန်မတို့ ဆရာမ “ဒေါ်ညာကြည်”၏ လက်ထက်သင်ကြားမှုကြောင့်ရော မယဉ်ယဉ်ရွှေ၏ ဗီဇပါရမီအရကြောင့်လည်းကောင်း ကျွန်မတို့အငြိမ့်အဖွဲ့ နာမည်ကြီးလှပါသည်။ ကိုယ်တိုင်ဆို၊ ကိုယ်တိုင်ကနိုင်သူဖြစ်ပါသည်။ ဆရာကြီး “တက္ကသိုလ် ဘုန်းနိုင်”၏ ချီးကျူးမှုကို ခံခဲ့ရပါသည်။ အငြိမ့်လူရွှင်တော် များမှာလည်း ဆရာ“ဦးမောင်မောင်သွင်”၊ ဆရာ “ဦးဝင်း”၊ ဆရာ“ဦးရေချမ်း”တို့၏ ကြီးကြပ်မှုဖြင့် ပြက်လုံးများ ရယ်မောခဲ့ရပါသည်။ မှတ်မှတ်ရရ ပြက်လုံးတစ်ခုမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားနှင့် ပုသိမ်ကောလိပ် ကျောင်းသား၊ ကျောင်းအချင်းချင်း ပြိုင်ပုံတင်ပြမှုမှာ လူရွှင်တော်လေးယောက်က နှစ်ယောက်စီခွဲ၍ ရန်ကုန်၊ ပုသိမ် ပြိုင်ကြခြင်းပါ။ ရန်ကုန်သားက ဘဲဖလ်ဘောင်းဘီတို၊ မျက်မှန်နှင့် အကျအန၊ ပုသိမ်သားက စွပ်ကျယ်၊ ပုဆိုးဖြင့် နှစ်ဖွဲ့အပြိုင် သူ့ကျောင်း၊ ကိုယ့်ကျောင်း ဘယ်ကျောင်းက သာကြောင်း ပြောဆိုပြီး ပြိုင်ကြရအောင်ဆိုပြီး ရန်ကုန်သား အဖွဲ့က စတင်ပါသည်။
“တို့များရဲ့ တက္ကသိုလ်မှာကွယ် ….. တို့များရဲ့ တက္ကသိုလ်မှာကွယ်…… အင်းလျားဆို ကန်နံဘေး ကားတွေနဲ့ဖွေး ဟေး ဟေး……” တိန် တိန် ……တီးလုံးဖြင့် ရန်ကုန်သား နှစ်ယောက် ကနေ။ ပုသိမ်သားလည်း အားကျမခံ ပုဆိုးမြှောင်အောင်ကျိုက်၍ ဟန်နဲ့ပန်နှင့် “တို့များရဲ့ ကောလိပ်မှာကွယ်…….တို့များရဲ့ကောလိပ်မှာ ကွယ်……..သုံးဆင့်ဆို ကန်နံဘေး နွားတွေနဲ့ဖွေး….ဟေး ….” တိန်.... တိန်……..တီးလုံးနဲ့အတူ ကွေးနေအောင် ကနေသော လူရွှင်တော်များကို ကွင်းလုံးပြည့် ကျောင်းသားများ အော်ဟစ်အားပေးနေကြတာ ပျော်စရာကြီးပါပဲ…။
ကျောင်းအုပ်ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် (ဦးခင်မောင်တင့်) လည်း မနေရ။ နောက်တစ်ကွက်ပြက်လုံး၌ “…..ဟေ့ကောင်...တို့ဆရာကြီးနဖူး ဘုလုံး ဘာဖြစ်တာ လဲ သိလား! မသိပေါင်း……အေး အဲဒါဆရာကတော် မမနီ လက်ချက်ကွ…… ဟေ… ဘာဖြစ်လို့တုံး…. ဆရာကြီး ကကွာ သူ့စာအုပ်သေတ္တာကြီး ပြန်ပြန်ဖွင့်….. စာအိတ် ဟောင်းက စာတွေ ပြန်ပြန်ဖတ်နေတာတွေ့တော့….ကျွန်မ ဒီလောက်အစစအရာရာ အဆင်ပြေအောင်ထားနေတာ တောင်…ဒီအတိတ် ပုံဟောင်းကြီး ပုံကြီးထဲက မထွက်နိုင် ဘူးလား….. ဆိုပြီးစာအုပ်နဲ့ ပစ်ပေါက်တာကွ……ဟာ.. အဲဒီတော့ ဆရာကြီးက ဘာပြန်ပြောလဲ… အခုသူတို့ မခေါ်ကြဘူးလား…မင်းကလည်း တို့ဆရာကြီးက စာရေး ဆရာကြီးပဲကွ ဆရာကြီးစကားနဲ့ တစ်ခါတည်း ဆရာကတော် ပျော့ကျသွားတာ…. ဆရာကြီးကဘယ်လိုပြောလိုက်လို့လဲ! စိတ်မရှိပါနဲ့ “နီ”ရယ် အတိတ်ကဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့…. ကိုယ့်ရဲ့ပစ္စက္ခအခြေအနေမှာ “နီ”သာ ကိုယ့်ဘဝ…. “ကိုယ့်ငွေလမင်း” ပါကွာတဲ့….ဆရာကြီး လေသံဟန်ပန် အတိုင်း ပြောဆိုသရုပ်ဆောင်နေသော လူရွှင်တော် ကျောင်းသားကို ဆရာကြီးနှင့် ဆရာကြီးကတော်တို့က ပြုံးပြုံးကြီး ကြည့်ရှုနေတာ တွေ့မြင်ရပါသည်။ အတိတ်ကို လွမ်းမောစရာ မြင်ကွင်းလေးပါပဲ။
ပြန်လည်သတိရမိ
ဟိုတစ်လောက MRTV-4 မှ ဂျီဟောသူ ဇာတ်လမ်းတွဲ ပြသစဉ်ကလည်း ကျွန်မတို့ အဆောင်သူများ၏ မလုပ်မဖြစ် လုပ်လေ့လုပ်ထရှိသော “ရှင်မအောင်ဖြူ” ဖျာလိပ်နတ် မေးခြင်းကို ပြန်လည်သတိရမိပါသည်။ ရှင်မအောင်ဖြူနတ် တကယ်ရှိခဲ့သည်ဟု ကြားဖူးပါသည်။
ကျွန်မ၏ အဆောင်သူဘဝ ရေးရ၊ ပြောရလျှင် ကုန်နိုင်အံ့မထင်ပါ။ ကျွန်မ ပုသိမ်ဒီဂရီကောလိပ်မှ စတုတ္ထနှစ်ကို ၁၉၇၅ ခုနှစ်တွင် ဆေးဝင်ပင်များ ဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်၍ Qualified ဝင်ခဲ့ပါသည်။ ၁၉၇၅- ၁၉၇၆ ပညာသင်နှစ် ရန်ကုန်တက္ကသိုလ်၌ မဟာသိပ္ပံအပိုင်း (က) သင်တန်း တက်ရောက်ခဲ့ပါသည်။ မဟာတန်းများကို အဆောင်မပေးသဖြင့် အင်းလျားလမ်း 100 A ဘော်ဒါဆောင် တွင် သူငယ်ချင်း မြင့်မြင့်သိန်း (ယခု သမားတော်ကြီး ဒေါက်တာဦးစော၏ ဇနီး)နှင့် နှစ်ယောက်ခန်းငှား၍ ပညာ သင်ခဲ့ရပါသည်။ ထိုစဉ်က ကျွန်မ၏ အစ်မအရင်း ဒေါက်တာ တင်တင်သောင်းမှာ အင်းလျားဆောင်၌ Hall Tutor အဖြစ် တာဝန်ထမ်းဆောင်နေသဖြင့် အတန်းပြီးချိန် နေ့လယ်ပိုင်း တွင် အစ်မအခန်း အင်းလျားဆောင် Front Wing ရှိ အခန်း(၁၂)တွင် ကျွန်မ စာသွားကျက်လေ့ရှိပါ
သည်။
အင်းလျားဆောင် အဆောင်မှူးမှာ အင်္ဂလိပ်စာ ဌာနမှ ဆရာမကြီးဒေါ်သိန်းညွန့် ဖြစ်ပါသည်။ စည်းကမ်းကြီးသော ဆရာမကြီးဖြစ်သဖြင့် အဆောင်သူများ ချစ်ကြောက်ရိုသေ ရသူဖြစ်ပါသည်။ ကျွန်မ Part-1 စာမေးပွဲမစမီ Private Study ရက် ဟင်္သာတအိမ်ပြန်စာကြည့်စဉ် ၁၉၇၇ ခုနှစ် မေလ၌ တိုင်းနှင့် ပြည်နယ်များတွင် စတင်ဖွင့်လှစ်သော Regional College တွင် သရုပ်ပြဆရာမအဖြစ် အချိန်ပြည့် ခန့်အပ်ခြင်းခံရပါသဖြင့် စာမေးပွဲကို Withdraw လုပ်၍ လုပ်ငန်းခွင်စတင်ဝင်ရောက်ခဲ့ပါသည်။
အဆောင်နေရေစက်ကြောင့် ပညာသင်ခဲ့ရာ ပုသိမ် မြေသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ အစပိုင်းတွင် ဆရာမ သူငယ်ချင်းလေးယောက် ပြင်ပဆောင်တွင် ငှားနေ ရပါသည်။ ကျောင်းသူဘဝမှ လောလောလတ်လတ် ဆရာမဘဝရောက် ရှိသော ကျွန်မတို့မှာ ပြင်ပဆောင်တွင် ကျောင်းသူများနှင့် ရောနှောနေရသည်မှာ အဆင်မပြေ လှသဖြင့် အတွင်းဆောင် များတွင် အခန်းလွတ် ရှိ၊ မရှိ စုံစမ်းရာရှိနေကြောင်း သိရပါသည်။ သို့ဖြစ်၍ ကျွန်မတို့ အရဲစွန့်ပြီး ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် (ဦးခင်မောင်တင့်) ထံ သွားရောက် တွေ့ဆုံဖို့ စီစဉ်ကြပါသည်။ ကျွန်မတို့ အလုပ်ခန့်အပ်လွှာ Order တွင် နေထိုင်ရေး အစီအစဉ် မိမိဘာသာစီစဉ်ရမည် ဖြစ်ကြောင်း၊ အဆောင်များပေးမည် မဟုတ်ကြောင်း အတိအလင်းပါပြီးသား ဖြစ်ပါသည်။ သို့ရာတွင် ကျွန်မတို့ သူငယ်ချင်းတစ်စု ရလည်း အမြတ်၊ မရလည်း အရှုံးမရှိပါဘူး ဆုံးဖြတ်၍ သောကြာနေ့ ညနေပိုင်းတွင် ဆရာကြီးထံ အရဲစွန့်သွားရောက်ခဲ့ကြပါသည်။
ဆရာကြီးက ကျွန်မတို့အား ကောင်းစွာလက်ခံ စကားပြော၍ ကျွန်မတို့အခက်အခဲများကို ပြောပြခိုင်း ပါသည်။ အတွင်းဆောင်နေရာများအတွက် စဉ်းစား ပေးမည်ဖြစ်ကြောင်း၊ Order တွင် နေထိုင်ရေးစီစဉ် ပေးရန်မပါကြောင်း၊ သို့သော် အကောင်းဆုံးဖြစ်စေရန် စဉ်းစား ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကျွန်မတို့ သူငယ်ချင်းတစ်သိုက် ဝမ်းသာစွာဖြင့် ပြန်ခဲ့ ကြပါသည်။
ကျွန်မတို့အဆောင်နေခွင့် Order ထွက်ရှိ
အံ့ဩစရာပါ။ နောက်တစ်နေ့ စနေနေ့ နေ့ဝက် ကျောင်းတက် (ထိုစဉ်က စနေနေ့နေ့ဝက် ကျောင်းတက် ရပါသည်) အပြီး ကျွန်မတို့အဆောင်နေခွင့် Order ထွက်ရှိလာပါသည်။ မဉ္ဇူဆောင် Extention ဆောင်တွင် ကျွန်မတို့သူငယ်ချင်း ရှစ်ယောက် လေးယောက်တစ်ခန်း Residence အဖြစ် နေထိုင်ရပါသည်။ အဆောင်ကြေး ကိုတော့ ကျောင်းသူများအတိုင်း တစ်လ ကျပ် ၁၂၀ သွင်းရပါသည်။ ဆရာကြီးကိုလည်း ကျေးဇူးအများကြီး တင်ပါသည်။ ရေ၊ မီး အပြည့်အစုံ စားသောက်ရေး အဆင်သင့်ဖြင့် အဆင်ပြေခဲ့ရပါသည်။ ထိုစဉ်က မဉ္ဇူ ဆောင် အဆောင်မှူးမှာ သမိုင်းဌာနမှ ဆရာမကြီး ဒေါ်မေမေခင် ဖြစ်ပါသည်။
မဉ္ဇူဆောင်တွင်နေထိုင်ရင်း အဆောင် Hall Tutor များ ခေါ်သောအခါ ကျွန်မ သပြေဆောင်တွင် အဆောင် နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပါသည်။ အဆောင်မှူးမှာ မြန်မာစာဌာနမှ ဆရာမကြီး ဒေါ်စောကြည်ကြည် ဖြစ်ပါသည်။ စည်းကမ်းကြီးပြီး အဆောင်ဟင်းများကို ကိုယ်တိုင်ကြီးကြပ်ချက်ပြုတ်၍ ကျွေးမွေးခဲ့သူ ဖြစ်ပါ သည်။ စနေ၊ တနင်္ဂနွေနေ့များတွင် ကျောင်းသူများ အကြိုက် အသုပ်များကို တစ်မျိုးပြီးတစ်မျိုး မရိုးရ အောင် Tittin တွင် ကျွေးမွေးခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments