
ဒေါက်တာတင်တင်ချို၊ ပါမောက္ခ(ဌာနမှူး) မြန်မာစာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် အချိန် အခါသမယမှာ ရာပြည့်အထိမ်းအမှတ် စာစောင်တွေကိုဖတ်ရင်း အမိတက္ကသိုလ် မှာသူငယ်ချင်းများနဲ့ ပျော်ပါးစွာ ကျောင်း တက်ခဲ့ပုံ အကြောင်း ပြန်ပြောင်းတွေးတော မိပါတယ်။
မြကျွန်းညိုကို သိကျွမ်းခဲ့တာ ဟိုးငယ်ငယ်ကပါ။ တက္ကသိုလ်ရှေ့နားမှာ နေစဉ်က နယ်ကနေ တက္ကသိုလ်ကျောင်းလာ တက်တဲ့ အဆောင်နေ အစ်မတွေ ကျောင်း ပိတ်ရက်မှာ အိမ်ကို အလည်လာလေ့ရှိကြ တယ်။ သူတို့အဆောင်ပြန်တဲ့အခါ ကျွန်မတို့ မောင်နှမတွေ ညနေလမ်းလျှောက်ထွက်ရင်း ပြန်လိုက်ပို့ကြနဲ့ ကျောင်းထဲ မကြာခဏ ဆိုသလို ရောက်ခဲ့တယ်။ ငယ်သေးတော့ တက္ကသိုလ်ဆိုတာလည်းမသိ။ အဓိပတိလမ်း ဆိုတာလည်း သတိမထား၊ အင်းလျားလမ်း၊ အင်းလျားကန်၊ ပုဂံလမ်းတို့ဆိုတာလည်း ဖြတ်သာလျှောက်တယ် နားမလည်၊ ဘွဲ့နှင်း သဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်တို့ဆိုတာလည်း မြင်သာမြင်ဖူးနေတာ၊ သိတာက သစ်ပင်ကြီး တွေ အုပ်ဆိုင်းနေတဲ့နေရာ၊ ရာသီအလိုက် ပုံဏ္ဌာန်မျိုးစုံနဲ့လှနေတဲ့ ပတ်ဝန်းကျင်၊ ကျေးငှက်တွန်ကျူးသံတွေ ကြားရတတ်တဲ့ နေရာဆိုတာပဲ ခံစားမိတယ်။ အဲဒီကျောင်းထဲ လမ်းလျှောက်ထွက်ရတာ ပျော်တယ်။ လမ်း လျှောက်ထွက်ရင်း ပုဂံလမ်းထဲက ပါမောက္ခ များနေတဲ့ခြံတွေမှာ ပွင့်နေတဲ့စက္ကူပန်းတွေ လှလွန်းလို့ ကျွန်မစိတ်ထဲ အခုထိ မြင်ယောင် မိတယ်။ တက္ကသိုလ်ဆေးရုံဘက်လမ်းလျှောက် ထွက်ရင်း တက္ကသိုလ်ဆေးရုံရှေ့ စိန်ပန်းပင် ကြီးတွေပေါ်မှာ ရဲပတောင်းခတ်ပွင့်နေတဲ့ စိန်ပန်းတွေနဲ့အတူ တစ်ဖက်မှာလည်း လက်ပံ ပင်၊ လက်ပံပွင့်တွေက လှလိုက်တာ ဆေးရုံ လို့တောင် မထင်မှတ်ခဲ့ဘူး၊ စိတ်အာရုံမှာ ပြန်မြင်ယောင်မိပါတယ်။
မိတ်သစ်၊ ဆွေသစ်ဆုံတွေ့စ
စီးပွားရေးတက္ကသိုလ် ကျောင်းတက်လာ တဲ့ အစ်မတွေကို အိမ်လည်ခေါ်ဖို့ မာလာ ဆောင်ရှေ့ ရိုးမရိပ်သာထဲက စိုးယုခိုင် အဆောင်ကို ရောက်ခဲ့ပါတယ်။ သူတို့ ရေချိုး တာကို အခန်းထဲက စောင့်ရင်း ကျောင်းသူတွေ စကားပြောဆိုသံတွေကို ကြားနေရတယ်။ ‘နင်ဘယ်သွားမှာလဲ’ ‘တို့က စမ်းချောင်းအမျိုး အိမ်။’ ‘တို့က ရန်ကင်း။’ ‘လာခေါ်မှာလား။’ ‘အေး လာခေါ်မှာ’စသည်ဖြင့် ရေချိုးခန်းက ပြောဆိုသံတွေပေါ့။ ကျောင်းပိတ်ရက် အပြင် ထွက်မှာမို့ ရန်ကုန်ရောက်စ ကျောင်းသူတွေ မသွားတတ်၊ မလာတတ်နဲ့ တစ်ဦးကိုတစ်ဦး စိတ်ပူနေကြတာ။ အဲဒီအချိန်မှာ ကျောင်းသူ တစ်ဦးကို ‘နင်ရော ဘယ်သွားမှာလဲ’ လို့ မေးတော့ သူ့အဖြေစကားကို ဘယ်သူမှ နားမလည်ကြဘူး။ ‘လာခေါ်မည့် သူရှိလား’ လို့ မေးတော့ မရှိဘူးတဲ့၊ ‘သွားတတ်လား’ မေးတော့ ခေါင်းညိတ်တယ်။ ဒါနဲ့ပဲ သူကို စိတ်ပူပြီး သွားမဲ့နေရာကို အခါခါ မေးကြတော့ သူပြောတာကို ဘယ်သူမှ နားမလည်၊ ကျွန်မလည်း ရန်ကုန်သူ တစ်ယောက်ပေမယ့် သူပြောတဲ့နေရာကို မသိနားမလည်ဖြစ်နေ တယ်။ ကျောင်းသူတစ်ယောက်က ‘စာနဲ့ ရေးပြ’ ဆိုပြီး စာရွက်နဲ့ ဘောပင်ယူပေးလိုက် တယ်။ ရေချိုးနေတဲ့ကျောင်းသူတွေ အားလုံး ထဘီရင်လျားတွေနဲ့ သူရေးမယ့်စာကို စိတ်ဝင် တစား ဝိုင်းကြည့်နေကြတာပေါ့။ သူ့စာကို ဖတ်လည်းပြီးရော အားလုံးဝိုင်းရယ်လိုက် ကြတာ။ ကျွန်မလည်း စိတ်ဝင်စားလို့ သွားဖတ်ကြည့်ပြီး ရယ်လိုက်ရတာ အမှတ်ရ တိုင်းပါပဲ။ သူသွားမယ့်နေရာက ‘ဒလ’တဲ့။ ‘ဒ’နဲ့ ‘လ’ ဗျည်းနှစ်လုံးကို သူဘယ်လို ပြောလိုက်လဲမသိ။ ကျောင်းသူအသံက အညာသံလား၊ ရခိုင်သံလား၊ ထားဝယ်သံ လား၊ မြိတ်သံလား မမှတ်မိတော့ပါ။
ငိုတစ်ခါရယ်တစ်လှည့် စာပေဟောပြောပွဲ
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ စာပေ ဟောပြောပွဲလုပ်တုန်းကလည်း အစ်မတွေ လာခေါ်လို့ ဟောပြောပွဲ လိုက်နားထောင် ဖြစ်ခဲ့သေးတယ်။ ဟောပြောတဲ့သူက စာရေး ဆရာ ဦးသာဓု၊ ဦးသုမောင်၊ ဦးမင်းလူ၊ ဦးဝဏ္ဏတို့ ဖြစ်တယ်။ ဟောပြောတဲ့အကြောင်း က ဝတ္ထု၊ ကဗျာနဲ့ စာနယ်ဇင်းအကြောင်း။ အဲ့ဒီ ခေါင်းစဉ်တွေကို စာရေးဆရာညီအစ်ကို သုံးဦးက ဟောပြောတော့ နားထောင်ကောင်း လွန်းလို့ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်ပြီး နှစ်ခြိုက်စွာ နားထောင်နေ ကြတာ ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမများ အပြည့်ပါပဲ။ ဆရာ ဦးသာဓု အလှည့်မှာ ဆရာကြီးက ရှေ့လူတွေ ဟောပြောတာတွေကို အချုပ်ပြောမယ်လို့ ဆိုတော့ ပရိသတ်ထဲက ဆရာကြီးတစ်ဦး ထပြီး ဆရာကြီး နိုင်ငံ့ဂုဏ်ရည်ဘွဲ့ရခဲ့တဲ့ အကြောင်း ဟောပါလို့ တောင်းဆိုပါတယ်။ ဒါနဲ့ပဲ ဆရာ ဦးသာဓုက သူနိုင်ငံရေးလှုပ်ရှားခဲ့ ပုံတွေ အခက်အခဲတွေ၊ ရုန်းကန်ခဲ့ရပုံတွေကို လိမ္မာပါးနပ်စွာ ပြောသွားတာ နားထောင်သူ အပေါင်း ငိုလိုက်ကြတာ အားလုံးရဲ့ပါးပြင်မှာ မျက်ရည်စတွေနဲ့။ အဲ့ဒီလိုနားထောင်သူတွေ ငိုနေတာကို ဆရာကြီး သတိထားမိတော့ ရယ်စရာအရွှန်းဖောက်လိုက်တာ ကျွန်မတို့ မျက်ရည်ကျနေစဉ်မှာပဲ ‘ဝါးခနဲ’ရယ်ရပြန် ရော။ ဒါတွေကလည်း မြကျွန်းညိုရဲ့ အရသာ တစ်ခုပါပဲ။
ဦးချစ်ဆိုင်မှာထိုင်တုန်းက
ကျွန်မတက္ကသိုလ်ကျောင်း စတက်စဉ်က လှိုင်နယ်မြေမှာ တက်ရတယ်ဆိုပေမယ့် ငယ်ငယ်က သတိမထားခဲ့၊ မြင်ပြီး မသိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရနေရာတွေ ဖြစ်တဲ့ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အဓိပတိ၊ စာကြည့်တိုက်၊ ဦးချစ်ဆိုင်တို့ကို သွားချင်မိတယ်။ အဲဒီတုန်းက ဦးချစ်ဆိုင် နေရာက ရာမညဆောင်နဲ့ တောင်ငူဆောင် ထောင့်၊ ပြည်လမ်းမနဲ့ကပ်လျက် တိုက်ပု လေး၊ ခြံဝန်းကျယ်ကျယ်နဲ့ ပြည်လမ်းကဝင် လို့ရသလို ကျောင်းဘက်ကလည်း ဝင်လို့ရ တယ်။ တက္ကသိုလ်ကျောင်းသူ ကျောင်းသား တွေ တွေ့ဆုံရာ နေရာတစ်ခုပါ။ တစ်နေ့ အတန်းပြီးလို့ သူငယ်ချင်းနဲ့အတူ ဦးချစ်ဆိုင် မှာ မုန့်စားဖို့ ထိုင်မယ်လုပ်တော့ ကျွန်မ ခြေထောက်မှာ ကျွတ်တွယ်တာသိပြီး ‘ကျွတ် ကျွတ်’ လို့ လန့်အော်လိုက်တာ ကျွတ်ကောင် ကိုလည်း မကိုင်ရဲတော့ တွယ်နေတဲ့ ကျွတ် နှစ်ကောင်ကို ကျောင်းသားတစ်ယောက် ဆွဲခွာပေးလို့ စိတ်သက်သာရာရခဲ့တယ်။ ရှက်ရှက်နဲ့ တောင်ငူဆောင်ဘက် ပြန်လာခဲ့ရ တာလည်း အမှတ်တရတစ်ခုပါ။
ရာမညမှာ လွယ်အိတ်မီးလောင်တာ
နည်းပြတန်းဖြေပြီးလို့ သူငယ်ချင်းတွေ စောင့်နေတဲ့ တောင်ငူဆောင်အလယ်ထပ်ကို ထွက်လာတော့ သူငယ်ချင်းတစ်ယောက်က ရာမညဆောင်ရှေ့က အကြော်သွားဝယ်မယ် ဆိုလို့ နှစ်ယောက်သားထွက်လာကြတယ်။ ရာမညဆောင်ရှေ့ ခြံစည်းရိုးဘေး ဝင်ထွက် ပေါက်နားမှာ အကြော်သည်က အကြော် မျိုးစုံကို မီးလျှံရဲရဲနဲ့ကြော်လိုက်၊ ဗန်းထဲက အကြော်တွေကို ထည့်ပေးလိုက်နဲ့။ ကျောင်း သူ ကျောင်းသားအချို့လည်း ဗန်းထဲက အကြော်တွေ ဝိုင်းအုံရွေးနေကြတယ်။ ကျွန်မ နဲ့ သူငယ်ချင်းလည်း အကြော်ရွေးကြတာပေါ့။ ကျွန်မတို့ခေတ် ကျောင်းသူ ကျောင်းသားတွေ က လွယ်အိတ်လွယ်လေ့ရှိတယ်။ တိုင်းရင်း သားရိုးရာ လွယ်အိတ်တွေဆို သိပ်သဘောကျ တာ။ အဲ့ဒီတုန်းက အမွေးပွလွယ်အိတ်ကြိုးကို အထုံးထုံးပြီးလွယ်တာ ခေတ်စားတယ်။ (အဲဒီအထုံးကို ဂေါ်ထုံးလို့ ခေါ်ကြတယ်။) သူငယ်ချင်းက အမွေးပွ လွယ်အိတ်နဲ့ မီးဖို ဘက်အခြမ်းကနေ ဗန်းထဲကအကြော်တွေကို ရွေးတော့ အောက်မီးဖိုက မီးက သူ့လွယ် အိတ်ကိုမီးဟပ်ပြီး လွယ်အိတ်မီးလောင် ပါလေရော။ သူ့လွယ်အိတ်မီးစွဲတာလည်း သူသိပုံမရဘူး။ သူ့ဘေးနားက အကြော်ရွေး နေတဲ့ကျောင်းသားက သူဝတ်ထားတဲ့ ပုဆိုးပူလို့ အောက်ငုံ့ကြည့်လိုက်တော့မှ လွယ်အိတ်မီးလောင်နေမှန်း သိတာ။ ကျောင်းသားက လန့်ပြီး ‘မီးဗျို့ မီးဗျို့’ နဲ့ အော်တော့ အနားရှိတဲ့ ကျောင်းသားတွေ မီးစွဲနေတဲ့လွယ်အိတ်ကို ဝိုင်းသတ်ပေးခဲ့ ရတယ်။ ဒီတစ်ခါလည်း နှစ်ယောက်သား တောင်ငူဆောင် အပြေးပြန်ခဲ့ရပြန်တယ်။ လွယ်အိတ်တစ်ခြမ်း မီးလောင်သွားတယ်။ သူငယ်ချင်းက အဲ့ဒီလွယ်အိတ်ကို အမှတ် တရအနေနဲ့ အခုထိ သိမ်းထားတယ်တဲ့။ ဒါလည်းပဲ ပျော်စရာ အထိတ်တလန့် အမှတ် တရတစ်ခုပါ။
ဗိုလ်ချုပ်နေခဲ့သည့် ပဲခူးဆောင်
မိုးကောင်းမြို့ကနေ မနုဿဗေဒ အထူး ပြုနဲ့ လာတက်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက ပဲခူးဆောင်မှာ အခန်းရတယ်။ အဆောင်မှာလည်း သူက ကျောင်းသား ခေါင်းဆောင်လို့ ပြောရမလားပဲ။ အားလုံးက သူ့ကိုခင်တယ်။ သူပြောရင် အားလုံးပြီးတယ်။ အဆောင်ထမင်း၊ ဟင်း စားမကောင်းကြောင်း မကြာခဏပြောတယ်။ ဒါပေမယ့် ပဲခူးဆောင် မှာနေရတာ ဂုဏ်ယူနေသူတစ်ယောက်။
ဘာလို့လဲဆိုတော့ ပဲခူးဆောင်က ဗိုလ်ချုပ်အောင်ဆန်းနေခဲ့တဲ့ အဆောင်လေ။ အဆောင်မှာ ဗိုလ်ချုပ်အခန်းရှိကြောင်း သူပြောတော့ ကျွန်မတို့ သူငယ်ချင်းတစ်သိုက် ပဲခူးဆောင်ရောက်သွားကြတာပေါ့။ ဗိုလ်ချုပ် နေတဲ့ အခန်းက မြေညီထပ်၊ အခန်းကို သော့ခေတ်ထားတယ်။ ဝင်ပေါက်တံခါးမှန်ချပ် ကနေ အထဲကို ကြည့်တော့ ဗိုလ်ချုပ်အိပ်တဲ့ ခုတင်၊ စာကြည့်စားပွဲ၊ ကုလားထိုင်၊ ကုလားထိုင် နောက်ကျောအမှီမှာ ဗိုလ်ချုပ် ဆောင်းတဲ့ ထီး ချိတ်ထားတယ်။
ကြည့်နေတုန်း တစ်ဖက်လျှောက်လမ်း ကနေ ကျောင်းသားအချို့ ဖြတ်လျှောက်ရင်း ဗိုလ်ချုပ်အခန်းရှေ့ရောက်တော့ ‘ကိုအောင် ဆန်းထတော့၊ တို့အတန်း သွားတော့မယ်။ အဆောင်မနက်စာ စားမကောင်းဘူး။ အတန်းပြီးရင် ကင်တင်းသွားမယ်။ ခင်ဗျား လိုက်ခဲ့။’ လို့ တစ်ယောက်တစ်ပေါက် ပြောဆိုနှုတ်ဆက်သွားကြတာ။ သူတို့က ဗိုလ်ချုပ်ကို ရှိနေသူ၊ ရှင်နေသူအဖြစ် သတ်မှတ်ထားတာကိုး။ သူတို့ရဲ့ သူငယ်ချင်း တစ်ယောက်လို ချစ်ခင်တဲ့စိတ်နဲ့ ပြောဆို ဆက်ဆံနေတာကို သတိထားမိပြီးစိတ်ထဲ ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။
စာသင်နေတုန်း အိပ်ငိုက်ပုံ
ကျွန်မတက္ကသိုလ်ကျောင်းသူဘဝက လှေလှော်အားကစား လုပ်ပါတယ်။ မနက် စောစော အင်းလျားကန်ထဲ သူငယ်ချင်းတွေနဲ့ လှေလှော်လေ့ကျင့်ကြတယ်။ လေ့ကျင့်ပြီး အင်းလျားလမ်းက ခေမရဋ္ဌ်မှာ မုန့်စားပြီးမှ အတန်းတက်တယ်။ နေ့လယ်စာစားပြီး အတန်းပြန်တက်ချိန်က ဆရာကြီး ဦးတိမ်ကြည်ရဲ့ မွန်ကျောက်စာချိန်။ ကျောင်းသား ကျောင်းသူတွေ အင်မတန် ချစ်ကြောက်ရိုသေ၊ လေးစားရတဲ့ဆရာကြီး။ ဆရာကြီးက စာသင်သိပ်ကောင်းတော့ ဆရာကြီးအချိန်ဆို နေရာဦးရတယ်။ ကျောင်းသူ ကျောင်းသား အတန်းပြည့်ပဲ။ ဆရာကြီး စာသင်လို့ ဆယ့်ငါးမိနစ်လောက်ဆို ကျွန်မ စငိုက်ပြီ။ ငိုက်သာ ငိုက်တယ် ကြောက် ရတာလည်းအလွန်ပါ။ အိပ်ငိုက်တာ မသိ အောင် ကျွန်မဦးခေါင်းကို ဘေးနားက သူငယ်ချင်း လက်နဲ့ ထောက်ပြီး ငိုက်ရတယ်။ လူကတော့ ဟန်မပျက် စာလိုက်နေတဲ့ ပုံစံ နဲ့ပေါ့။ အတန်းပြီးလို့ဆရာကြီးကို နှုတ်ဆက် သံကြားမှ နိုးထတော့တယ်။ လက်ထောက် ထားပေးတဲ့ သူငယ်ချင်းလက်တွေ ထုံကျင်နေ တော့တာပဲ။ အဲ့ဒီတုန်းက ကျွန်မအိပ်ငိုက်ခဲ့ တာ ဆရာကြီး မသိဘူးလို့ထင်ခဲ့တာပဲ။
တိုင်းရင်းသားရိုးရာပွဲတော်ဆင်နွှဲပျော်
စတုတ္ထနှစ်ရောက်တော့ အာရ်စီထဲမှာ တိုင်းရင်းသားရိုးရာပွဲကို ဖိတ်လို့ ကျွန်မတို့ အုပ်စု ဆရာကြီးအချိန်မတိုင်မီ သွားကြတယ်။ ဟိုရောက်တော့ ရိုးရာမုန့်တွေ တစ်မျိုးပြီး တစ်မျိုး လိုက်စားကြတာ။ ကျွန်မတို့ကို ခေါင်ရည်ပါ တိုက်လွှတ်လိုက်တယ်လေ။ သောက်တုန်းကတော့ ဘာမှမဖြစ်ကြပါဘူး။ ဆရာကြီးအတန်းလည်း တက်ရော ဘယ်အချိန်ဘယ်လို အိပ်ပျော် သွားမှန်းကို မသိတော့ဘူး။ တစ်အုပ်စုလုံး စားပွဲပေါ် ခေါင်းမှောက် အိပ်နေကြတာ။ အတန်းပြီး နိုးလာတော့မှ အတန်းဖော်တွေ ပြန်ပြောပြလို့ အကြောင်းစုံသိရတော့တယ်။ နောက်တစ်နေ့ မှာတော့ ကျွန်မတို့ ဆရာကြီးအခန်းမှာ တောင်းပန်စကားပြောရင်း ထိုင်ကန်တော့ ခဲ့ကြရတယ်။ တိုင်းရင်းသားပွဲတော်နေ့ဆိုရင် ရိုးရာမုန့်တွေအစုံ စားရသလို၊ ရိုးရာပစ္စည်း တွေလည်း ဝယ်လို့ရတယ်။ ညဘက်ရောက် တော့ ရိုးရာအကတွေနဲ့ ကခုန်ကြတာလည်း အမှတ်ရစရာတွေပါ။
ဂဠုန်လိုက်လို့ ပြေးရသေး
အတန်းပြီးချိန်တွေဆို ကျွန်မတို့အုပ်စု အင်းလျားကန်ပေါင်သွား အကြော်နဲ့ ရခိုင် မုန့်တီသွားစားလေ့ရှိတယ်။ ကန်ပေါင်မှာ ထိုင်ပြီး ညနေခြောက်နာရီလောက်မှ လှည်း တန်းဘက် လမ်းလျှောက်လာ၊ ဘတ်စ်ကားစီး အိမ်ပြန်ကြတယ်။ အဲ့ဒီတုန်းက အကြော်ဆိုင် က ကန်ပေါင်ထောင့်အချိုး တောင်ပိန္နဲပင် ကြီးနှစ်ပင်အောက်မှာ ခနော်နီခနော်နဲ့ စားပွဲခုံ၊ သစ်သားခုံပုပုလေးတွေနဲ့ ရခိုင် မုန့်တီက ဆိုင်မဟုတ်သေးဘူး။ အထမ်း သမား။ နာမည်က အာပူလျှာပူ။ တစ်ညနေခင်း ကျွန်မတို့အုပ်စု အကြော်စုံစား၊ ရခိုင်မုန့်တီ စပ်စပ်တွေစားပြီး ပါးစပ်ပူ၊ လျှာပူလွန်းလို့ အထမ်းသမား မန်ကျည်းဖျော်ရည်သည်ကို ဘွဲနှင်းသဘင်နောက်ပေါက်နားမှာ တွေ့လို့ ဝယ်သောက်တော့ ဈေးသည်က မရောင်း ဘူးတဲ့။ ဘာလို့လဲမေးတော့ ဂဠုန်လာနေလို့ တဲ့။ ကျွန်မသူငယ်ချင်းက ‘ဂဠုန်မကြောက်နဲ့ ကျွန်မ စည်ပင်လူကြီးနဲ့ သိတယ် ’ လို့ ပြောလိုက်တော့ ဈေးသည်က အဟုတ်ထင်ပြီး အထမ်းချ၊ ခုံခင်း၊ ဖျော်ရည်ဖျော်ပေးတော့ တယ်။ ကျွန်မတို့လည်းဈေးသည်ခင်းပေးတဲ့ ခုံပုလေးတွေမှာထိုင်ရင်း ဖျော်ရည်သောက် တုန်း ဂဠုန်စည်ပင်ကားကြီး ဆိုက်လာပါရော။ ဖျော်ရည်အမြန်သောက် ဈေးသည်ရဲ့ အထမ်း နှစ်ခုနဲ့ ထမ်းပိုး၊ ခုံတွေကို ကိုယ်စီကိုင်၊ ဈေးသည်ဦးလေးကြီးပါခေါ်ပြီး ဘွဲ့နှင်းသဘင် နောက်ပေါက်ကနေ ကျောင်းထဲဝင်ပြေးလို့ ဂဠုန်ဘေးက လွတ်ခဲ့တယ်။
ရုပ်ရှင်ရုံမှာ ခုံဦးတာ
ရုပ်ရှင်လက်မှတ် လက်ဆောင်ရလို့ သမိုင်းဘာသာက သူငယ်ချင်းနှစ်ယောက်နဲ့ သမ္မတရုံမှာ ရုပ်ရှင်သွားကြည့်ကြတယ်။ ကျွန်မတို့အကျင့်က ရုပ်ရှင်ရုံထဲရောက်ရင် အလယ်ခုံနေရာကို ရအောင်ဦးလေ့ရှိတယ်။ အဖွဲ့သားများရင်တော့ အလယ်ခုံနေရာများ မှာပေါ့။ သွားတာက သုံးယောက်ဆိုတော့ အလယ်ခုံက တစ်နေရာပဲလေ။ မရရအောင် ဦးရတော့မှာပေါ့။ ရုပ်ရှင်ချိန်က ညနေ ၆ နာရီ။ ကျွန်မတို့ရောက်သွားတာ နည်းနည်း နောက်ကျတယ်။ ရုပ်ရှင်စနေပြီဆိုတော့ မီးတွေပိတ်ထားတယ်။ စမ်းတဝါးဝါးနဲ့ ခုံနံပါတ်ရှာရတယ်။ ကိုယ်ရှာတဲ့အတန်း ခုံနံပါတ်လည်းတွေ့ရော သုံးယောက်သား အလယ်ခုံ လုထိုင်လိုက်ကြတာ ရုပ်ရှင်တစ်ရုံ လုံး အသံတွေဆူညံသွားတာပဲ။ အဲဒီအချိန်မှာ ချက်ချင်း မီးလင်းလာပြီး လုံခြုံရေးတွေက ဓာတ်မီးတွေနဲ့ရောက်လာတယ်။ ‘ဘာဖြစ် တာလဲ’မေးတော့ ကျွန်မတို့သုံးယောက် ပြုံးစိစိနဲ့ ‘ခုံနေရာဦးတာပါ’လို့ ပြောလိုက် တယ်။ ခဏနေတော့မှ မီးပြန်ပိတ်သွားပြီး ရုပ်ရှင်ဆက်ပြတော့တယ်။ ရုပ်ရှင်ကား အမည်က Princess and Photographer ။
အင်းလျားကန်ထဲလှေနစ်ခဲ့
တက္ကသိုလ်ပေါင်းစုံ လှေပြိုင်ပွဲနီးလို့ လေ့ကျင့်မှုတွေ လုပ်တဲ့အခါ အကြီးတန်းနဲ့ အငယ်တန်းတွဲပြီးလေ့ကျင့်လေ့ရှိတယ်။ ကျွန်မတို့လှေက အကြီးတန်းနှစ်ယောက်နဲ့ အခြားလှေက အငယ်တန်းနှစ်ယောက်။ လှေပေါ်မှာ လှော်သမားလေးယောက်နဲ့ ပဲ့ကိုင်ယောကျ်ားလေးတစ်ယောက် စုစု ပေါင်း ငါးယောက်။ အင်းလျားကန်ထဲ လေ့ကျင့်ပြီးလို့ Club ကို အပြန်၊ Club နားရောက်မှ လှေကကွဲ၊ ရေဝင်ပြီး လှေနစ် ပါတော့တယ်။ ရေကူးတတ်တာဆိုလို့ ပဲ့ကိုင်ရယ်၊ ကျွန်မရယ် နှစ်ယောက်ပဲရှိတယ်။ ထိပ်ဆုံးက လှော်သမားကို ပဲ့ကိုင်က လှမ်းထိန်းထားနိုင်တယ်။ အလယ်လှော်သမား နှစ်ယောက်ကို ရေကူးတတ်တယ်လို့ပဲ ထင်ခဲ့ တာ။ ကျွန်မ ကမ်းဘက်ကို လက်ပစ်ကူးဖို့ ပြင်တော့ သူတို့နှစ်ယောက် ရေမကူးတတ် ကြောင်းပြောပြီး သူ တို့ကို မထားခဲ့ဖို့လှမ်းပြော တယ်။ ကျွန်မလည်း လှေဘက်ပြန်လှည့်ပြီး နစ်နေတဲ့လှေကို ပြိုင်တူမှောက်လိုက်ကြ တယ်။ ပြီးတော့မှ လှေနံကို ငြိမ်အောင်ကိုင် ထားစေတယ်။ နောက်လှေတစ်စင်းနဲ့ အကူသမားသွားခေါ်ဖို့ ကမ်းဘက်ကိုအကူးမှာ အနားကတစ်ယောက် ကြောက်လန့်ပြီး ကျွန်မကိုလှမ်းဆွဲတော့ နှစ်ယောက်သား ဗလုံးဗထွေးဖြစ်ကုန်ရော။ ကျွန်မသူ့ကို လွတ်အောင်ရှောင်လိုက်ပြီး သူစိတ်ငြိမ်အောင် ခဏစောင့်လိုက်တယ်။ ခဏနေတော့ ကျွန်မ ရဲ့ မလှမ်းမကမ်းမှာ ကူညီဖို့အသင့်ရောက် နေတဲ့ ကျောင်းသားတစ်ယောက် ကျွန်မ အခြေအနေကို သူကြည့်နေတယ်။ သူလည်း ကျွန်မဆီ စွတ်မဝင်ရဲဘူး။ ကျွန်မ ကျောင်း သားဘက်ကို ခုန်ကူးလိုက်ပြီး ကမ်းဘက် ဆက်ကူးလာခဲ့တယ်။ ကျောင်းသားက လှေနံရံကို ကိုင်ထားပြီး သူတို့နှစ်ယောက်ကို ဆက်ထိန်းထားပေးတယ်။ ကျွန်မ ကမ်းနား ရောက်တော့ ကူညီဖို့ ထွက်လာတဲ့လှေတစ်စင်း ပေါ်တက်၊ သူတို့ရှိရာပြန်လာပြီးခေါ်ရတယ်။ တကယ့်ကို စွန့်စားခန်းပါပဲ။ တစ်ယောက်မှ ဘာမှမဖြစ်ကြလို့ တော်ပါသေးတယ်။
ကမ်းပေါ်ရောက်တော့မှ အဖြစ်အပျက် တွေကိုပြန်ပြောပြီး ရယ်မောနိုင်တော့တယ်။ ရေနစ်တဲ့ ကျောင်းသူတွေကို သွားကယ်တဲ့ ကျောင်းသားတွေနဲ့ စနောက်ကြပေါ့။ တက္ကသိုလ်မှာ ဆောင်ပုဒ်တစ်ခုရှိတယ် ‘မစွံတောင်တက် လှေလှော်ထွက်၊ မလှော် ရေကူး၊ မကူးလုပ်အားပေး’တဲ့။ ဘယ်သူ ရေးစပ်လိုက်လဲတော့ မသိဘူး။ စွံချင်ရင် ဆောင်ပုဒ်အတိုင်းသာလုပ် စွံတယ်တဲ့။ ကျွန်မအဖို့တော့ ဆောင်ပုဒ်နဲ့မညီပေမယ့် သူငယ်ချင်းတွေနဲ့ နေထိုင်စားသောက် ပျော်ရွှင်ခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူဘဝကို ကျေနပ်နေရင်း …။
လွမ်းနေဆဲပါ မြကျွန်းညို။ ။
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
----------------------------
- ရန်ကုန်မြို့၊ လမ်းမတော်ဇာတိ ဖြစ်ပါသည်။
- အဖဦးတင်အုန်း၊ အမိ ဒေါ်ခင် ဝင်းကြည်တို့မှ ဖွားမြင်ပါသည်။
- အခြေခံပညာ အထက်တန်းကို အ. ထ. က (၂) စမ်းချောင်းမှ ၁၉၈၃ ခုနှစ်တွင် အောင်မြင် ခဲ့သည်။
- ၁၉၈၃၊ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေ၌ မြန်မာစာအထူးပြု ဘာသာရပ် ဖြင့် ပထမနှစ်၊ ဒုတိယနှစ်သင်တန်း များကို တက်ရောက်ခဲ့သည်။
- ၁၉၈၅ ခုနှစ်မှစတင်၍ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက်ပညာ သင်ကြားခဲ့ရာ ၁၉၈၆ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၉၇ ခုနှစ်တွင် မဟာ ဝိဇ္ဇာဘွဲ့၊ ၂၀၀၇ ခုနှစ်တွင် ပါရဂူ ဘွဲ့တို့ကို ရရှိခဲ့သည်။
- ၁၉၉၅ ခုနှစ်တွင် နည်းပြရာထူးဖြင့် ဒဂုန်တက္ကသိုလ် စတင်အမှုထမ်း ခဲ့သည်။
- ၂၀၀၆ မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်တွင် လက်ထောက် ကထိက၊ ကထိက ရာထူးဖြင့် အမှုထမ်းခဲ့သည်။
- ယခုအခါ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် မြန်မာစာဌာနတွင် ပါမောက္ခ၊ ဌာနမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေပါသည်။
- Log in to post comments