
နေပြည်တော် ဇွန် ၁၄
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမို တိုးတက်ကောင်းမွန်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာ ခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယ ဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဆွေးနွေးတင်ပြ မည့်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံ အတွင်း နှစ်စဉ်တိုးတက်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် အမြဲမပြတ် တွက်ချက်သုံးသပ်ပြီး ရေတို၊ ရေရှည်စီမံချက်များနှင့် အတူဖြစ်နိုင်သော နည်းလမ်း ပေါင်းများစွာနှင့် ဆောင်ရွက်လျက် ရှိသကဲ့သို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်လျက်ရှိရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေး တင်ပြသူများမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလိုအပ်ချက်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု နယ်ပယ်အတွင်း တည်ငြိမ်ပြီး အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို စဉ်ဆက် မပြတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းရေးနှင့်ခေတ်မီဓာတ်အားခ ကောက်ခံမှုစနစ်များစသည်တို့နှင့် ပတ်သက်သည့် တင်ပြချက်များကို ဆွေးနွေးတင်ပြသွားမည် ဖြစ် ကြောင်း၊ ထို့ကြောင့် တက်ရောက် လာကြသော ဌာနအကြီးအမှူး များ၊ Moderator များအဖြစ် ဆောင်ရွက်ပေးကြမည့် အဆင့်မြင့် အရာရှိကြီးများနှင့် တက်ရောက် လာသူများအနေဖြင့် ဆွေးနွေး တင်ပြသူများ၏ တင်ပြချက်များ အပေါ် သုံးသပ်အကြံပြုဆွေးနွေး ခြင်း၊ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်းတို့ဖြင့် ပံ့ပိုးဆောင် ရွက်ပေးကြခြင်းသည် အနှစ်သာရ ပြည့်ဝပြီး ရည်ရွယ်ချက် အထ မြောက်၍ ရလဒ်ကောင်းများ ထွက်ပေါ်လာစေမည် ဖြစ်သည့် အတွက် ဆွေးနွေးမှုများအပေါ် အကျိုးရှိစွာ ဆောင်ရွက်သွားကြ ရန် ပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပိုမိုတိုးတက်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးတင်ပြ ချက် ၁၄ စောင်ကို ဖတ်ကြား တင်ပြခြင်း၊ ဖတ်ကြားတင်ပြမှု အပေါ် ဆွေးနွေးမေးမြန်းခြင်းနှင့် အကဲဖြတ် သုံးသပ်တင်ပြခြင်း တို့ကို ဆောင်ရွက်ကြကာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြသူများကို ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်ပြီး နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်