လွတ်လပ်ခြင်းဆိုသည်မှာ အချုပ်အနှောင်ကင်းမဲ့ခြင်းနှင့် အတား အဆီး မရှိခြင်းတို့ပင်ဖြစ်သည်။ ချုပ်နှောင်ထားခြင်း၊ တားဆီး ပိတ်ဆို့ထားခြင်းကို မည်သူမျှမကြိုက်။ လူတိုင်း လူတိုင်းက လွတ်လပ်ခြင်းကိုသာ အလိုရှိကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရေးလက်စ ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် “လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေး ဘဝထက် ကျွန်တော် အဆတစ်ရာ ကြိုက်သည်။ နှစ်သက် သည်။ ကျွန်တော်သည် စိမ်းလန်းစိုပြည်သော၊ ကျယ်ပြန့်သော လွင်ပြင်ရိုင်းတွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးတူးအော်ဟစ်နေလိုသည်။”ဟူ၍ ရေးဖွဲ့ခဲ့ရာ လွတ်လပ်ခြင်း အပေါ် ဗိုလ်ချုပ်၏ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ပြက်ပြက် ထင်ထင် တွေ့မြင်နိုင်သည်။
ထိုစဉ်က မြန်မာတစ်မျိုးသားလုံးသည် လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်သည့် ကာလမဟုတ်။ တိုင်းတစ်ပါးမှ လာရောက် အုပ်စိုးခြယ်လှယ်နေသည့် နယ်ချဲ့နှင့် ၎င်း၏ လက်ပါးစေတို့ကို သခင်အဖြစ် ခယဝပ်တွားကာ မိမိကိုယ်ကို ကျွန်အဖြစ် ဦးနှိမ်ရိုကျိုးခဲ့ကြရသည့်ကာလ။ နိုင်ငံ၏ စီမံ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာ ရေး၊ ရေမြေသယံဇာတ အားလုံးက နယ်ချဲ့သခင်တို့၏ လက်ထဲမှာ။ နယ်ချဲ့တို့က ကျွန်နိုင်ငံသားတို့ကို ဖိနှိပ်ထားသည်။ ချုပ်ချယ်ထားသည်။ ခွဲခြားထားသည်။ နှိမ့်ချထားသည်။ တောင်ပေါ်နှင့် မြေပြန့်ကို ပိုင်းခြားထားသည်။ ကျွန်နိုင်ငံသားအချင်းချင်းကြား မသင့် မတင့်အောင်၊ မညီညွတ်အောင် နည်းလမ်းပေါင်းစုံဖြင့် ဖန်တီး ထားသည်။ ကျွန်နိုင်ငံသားများထဲမှပင် အင်ပါယာကို အထင် ကြီးသူ၊ လေးစားအားကျသူ၊ ဘိုစာတတ်၊ ဘိုစကားပြော၍၊ ဘိုစိတ် ပေါက်နေသူ အင်ပါယာသစ္စာတော်ခံများကို မွေးမြူကာ အရှင် သခင်တို့၏ အကျိုးစီးပွားအတွက် ထမ်းရွက်စေခဲ့သည်။ ထိုသူ တို့မှာ တစ်နည်းအားဖြင့် မလွတ်လပ်သော လူယဉ်ကျေးများပင် ဖြစ်သည်။
ယခုအခါ မြန်မာတို့လွတ်လပ်ခဲ့သည်မှာ နှစ်ပေါင်း ၇၄ နှစ် ပြည့်မြောက်တော့မည်။ ၇၄ နှစ်ဟူသော ကာလသည် ရှည်လျား လှသောကာလဖြစ်သည်။ ထိုကာလအတိုင်းအရှည်သည် နိုင်ငံနှင့် လူမျိုးတို့ ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ရေးအတွက် ကြိုးပမ်း တည်ဆောက်ကြရန် ကောင်းစွာလုံလောက်သည်။ ထိုမျှသော ကာလအတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ အင်အားတောင့်တင်း ခိုင်မာသော နိုင်ငံများအဖြစ် တက်လှမ်းရောက်ရှိသွားသော နိုင်ငံများစွာတို့ ရှိခဲ့သော်လည်း မြန်မာနိုင်ငံမပါခဲ့။ သို့ဖြစ်ရာ လွတ်လပ်သည့်နိုင်ငံ၊ လွတ်လပ်သည့်လူမျိုးဘဝကို ပြန်လည်ရရှိခဲ့ပြီးသည့်နောက်တွင် ချမ်းသာစွာ ခေါင်းထောင်နေနိုင်သည့် နိုင်ငံအခြေအနေသို့ ရောက်ရှိရန် မိမိတို့ ကြိုးပမ်းကြရဦးမည် ဖြစ်သည်။ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ် ရေးအင်အားတို့ တောင့်တင်းခိုင်မာလာစေရေး အားထုတ် တည်ဆောက်ကြရဦးမည်ဖြစ်သည်။
လူ့သမိုင်းကို လူတို့က ဖန်တီးနေကြခြင်းဖြစ်သည်။ အတိတ် ကာလက သမိုင်း၏ ဆိုးမွေကောင်းမွေတို့ကို ပစ္စုပ္ပန်တွင် ခံယူကာ အနာဂတ်အတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် ဖန်တီး တည်ဆောက်နိုင်ကြရန်လိုသည်။ နိုင်ငံ၏အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်တွင်းအင်အားကို ရယူစုစည်းကာ အကျိုးအရှိဆုံးဖြစ်အောင် အသုံးချ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရခြင်းဖြစ်သည်။ ပြည်တွင်းအင်အားဟူသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုမှ ပေါ်ထွက်လာသည့် စွမ်းအားပင်ဖြစ်ပြီး ယင်းစွမ်းအားဖြင့် နိုင်ငံ၏ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းကာ ယင်းစွမ်းအားဖြင့်ပင် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။