“အဲဒီတော့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်း လွတ်လပ်ရေး ရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြား လက်ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ်”ဟူသော စကားစုကို မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည့် နောက်ဆုံးမိန့်ခွန်း တွင် ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းပါ ပြောကြားချက်များအရ လွတ်လပ်ရေး၏ တာဝန်များသည် တိုင်းပြည်ကို ကာကွယ်ရန်နှင့် အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ထမ်းရွက်ရန်ဖြစ်သည်။
တိုင်းပြည်ကို ကာကွယ်နိုင်ရန်အတွက် လိုအပ်ပါက အရွယ် ရောက်သူ၊ ကျန်းမာသူမှန်သမျှ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်း၍ စစ်ထဲသို့ ထည့်တန်ထည့်ရမည်ဖြစ်ကြောင်း၊ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် စစ်ထဲဝင်ရန်၊ စစ်ဖြစ်သည့်အခါတွင်လည်း တိုက်ချင်သည်ဖြစ်စေ၊ မတိုက်ချင်သည်ဖြစ်စေ တာဝန်အရ ဝင်တိုက်ရမည်ဖြစ်ကြောင်း၊ ယင်းသည် လွတ်လပ်ရေးရသည့်အခါတွင် ဖြစ်ရမည့် တာဝန်ဖြစ်ကြောင်း ဗိုလ်ချုပ်က ပြောကြားခဲ့သည်။ လွတ်လပ်ရေးရသည့်အခါတွင် အခြားနိုင်ငံများနှင့်တန်းတူညီတူ ဖြစ်စေရန် ကြိုးစားအလုပ်လုပ်ဖို့လိုကြောင်း၊ အခြားနိုင်ငံများက ခြေတစ်လှမ်းလှမ်းလျှင် မိမိတို့က ခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်း လှမ်းလိုက် နိုင်မှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အခြားနိုင်ငံများနှင့် တန်းတူညီတူ ဖြစ်သွားမည်ဖြစ်ကြောင်းဖြင့် လွတ်လပ်ရေး၏ ဒုတိယ မြောက်တာဝန်ကိုပါ ညွှန်ပြခဲ့သည်။
လွတ်လပ်ပြီးနောက် ၇၄ နှစ် ကာလသို့ ရောက်ရှိလာပြီဖြစ်သည့် မိမိတို့နိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တပ်မတော်က ထမ်းဆောင်လျက်ရှိသည်။ လွတ်လပ်ရေးရပြီး မကြာမီမှာပင် ပြည်တွင်းလက်နက်ကိုင် အုံကြွမှုများနှင့် ပြည်ပကျူးကျော်မှုတို့ ပေါ်ပေါက်ခဲ့ရာ တပ်မတော်က ရှိသည့်အင်အားဖြင့် နိုင်ငံ့အချုပ်အခြာ အာဏာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တိုက်ပွဲဝင် ခဲ့ရသည်။ တိုင်းပြည်ကို ကာကွယ်ခြင်းသည် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံမှ နိုင်ငံသူ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ နိုင်ငံသားတစ်ယောက်အနေဖြင့် တရားဥပဒေကို လေးစားလိုက်နာ ခြင်း၊ ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းတို့အားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ပြီး စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီးသည့် အခါတွင်မူ ဥပဒေနှင့်အညီ စစ်မှုထမ်းကြရမည်ဖြစ်သည်။
လွတ်လပ်ရေး၏ နောက်ထပ် တာဝန်တစ်ရပ်ဖြစ်သည့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတာဝန်သည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လည်း ဆက်စပ်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ ဒေသများတွင် တရားဥပဒေစိုးမိုးပြီး အေးချမ်းသာယာနေမှသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်သည်။ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သော ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ လမ်းတံတား၊ ဓာတ်အား၊ ဆက်သွယ်ရေး စသည်တို့အပါအဝင် အခြေခံအဆောက် အအုံများ တည်ဆောက်ခြင်း၊ ဒေသနေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများထူထောင်နိုင်ရန် ပံ့ပိုးကူညီ ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့အတွက် လိုအပ်ချက်တွင် ဒေသတည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့က အဓိကဖြစ်သည်။
အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း နိုင်ငံကို ကာကွယ်စောင့်ရှောက် ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်တို့သည် မိမိတို့နိုင်ငံသားအားလုံး မဖြစ်မနေ ထမ်းဆောင်ကြရမည့် လွတ်လပ် ရေး၏ တာဝန်များပင် ဖြစ်သည်။ ယင်းတာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်မှု၊ အလေးအနက်မရှိ ပေါ့လျော့မှုတို့ များပြားလာသည်နှင့် အမျှ နိုင်ငံ၏ လွတ်လပ်ရေးသည် တစ်ပါးသူလက်သို့ သက်ဆင်း ကျရောက်သည့်အဖြစ်ဆီသို့ ဦးတည်သွားစေမည်ဟု သတိဖြင့် ဆင်ခြင်ကာ လွတ်လပ်ရေး၏ တာဝန်များကို ကိုယ်စီကျေပွန်နိုင် ကြပါစေကြောင်း။ ။