
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး
မြင့်မောင်စိုး
လွတ်လပ်ရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ တကယ်ထိတွေ့ခဲ့တာက လွတ်လပ်ရေးနေ့မှာပြုလုပ်တဲ့ အားကစားပွဲတွေပဲ။ တောတွေရော၊ မြို့တွေရော၊ ရပ်ကွက် တွေ၊ ကျောင်းတွေ၊ လမ်းတွေ နေရာအသီးသီးမှာ လုပ်ကြတာ။ လွတ်လပ်ရေးကိုအကြောင်းပြုပြီးတော့ အားကစားပွဲတွေ ကျင်းပပြုလုပ်ကြတာ။ ဘယ်သူ ဘယ်ဝါတွေ ဦးဆောင်မယ်၊ ဘယ်သူတွေပါမယ်ဆိုတာ ကြိုတင်ညှိနှိုင်းထားခြင်းမရှိဘဲနဲ့ အဲဒီနေ့ရောက်တာနဲ့ ကျောင်းအားကစားကွင်းတွေ၊ လမ်းတွေ လမ်းတွေမှာ အော်ဟစ်ပြေးလွှား ဆော့ကစားနေတဲ့ မြင်ကွင်းတွေကတော့ သောသောညံလို့နေပါတယ်။
ထုပ်ဆီးတိုး၊ ခေါင်းအုံးရိုက်၊ အိုးရိုက်၊ အာလူး ကျောက်ကောက်၊ ဗန်းရွက်ပြေး၊ ဂုန်နီအိတ်စွပ်၊ ချောတိုင်တက်၊ ဘောလုံးစတဲ့ အားကစားတွေ ကစားကြတယ်။
အလွယ်ကူဆုံးကစားနည်းကတော့ အပြေးပဲ။ ကလေးတွေ သူ့အရွယ်အလိုက်ပြေးမယ်။ အနိုင်ရတဲ့ ကလေးတွေကို ဆုတွေချ၊ မုန့်တွေဝေ အတော် လေးကို ပျော်စရာကောင်းပါတယ်။
လွတ်လပ်ရေးနဲ့ပတ်သက်လို့ ဒါတင်ပဲလား။ မဟုတ်ပါဘူး။ ကျောင်းတွေမှာဆို စာစီစာကုံးပြိုင်ပွဲ တွေလုပ်တာရှိတယ်။ ပန်းချီပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲတွေ လုပ်တာရှိတယ်။ ဆုရတဲ့ ကျောင်းသား ကျောင်းသူ တွေကို လွတ်လပ်ရေးနေ့မှာပဲ ဆုချီးမြှင့်ပွဲတွေ လုပ်တာရှိတယ်။ ဆုတွေချ၊ ဂုဏ်ပြုကြတာပေါ့။
အချို့မြို့နယ်တွေမှာဆိုရင်တော့ လွတ်လပ်ရေး နေ့ကိုအကြောင်းပြုပြီး စျေးရောင်းပွဲတွေ၊ ဌာန ဆိုင်ရာ ပြကွင်းပြကွက်တွေ လုပ်တာရှိတယ်။ ပြီးတော့ အငြိမ့်၊ ဇာတ်သဘင်၊ ရုပ်ရှင်၊ ရုပ်သေး ပြသတာတွေလည်းရှိတယ်။ အကြောင်းအရာ မျိုးစုံ၊ ရှုထောင့်ပေါင်းစုံက လွတ်လပ်ရေးကို အသိပေးနေ တာပါ။ လွတ်လပ်ရေးဆိုတဲ့အရသာကို ကွင်းကွင်း ကွက်ကွက်သိအောင်၊ မြင်အောင်ပြတဲ့သဘော လည်းဖြစ်၊ ထိန်းသိမ်းတတ်တဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးရာလည်း ဖြစ်ပါတယ်။
တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးတွေမှာတော့ လွတ်လပ် ရေးနေ့ကျရောက်တဲ့ ဇန်နဝါရီလ ၄ ရက် မနက် စောစောမှာ အလံတင်၊ အလေးပြုပွဲတွေ လုပ်ကြ တာပေါ့။ ဒါက ဌာနဆိုင်ရာအဆင့်တွေလုပ်တဲ့ပွဲပါ။ ရဟန်းသံယာတော်တွေကို ဆွမ်း၊ ဘောဇဉ်၊ ချိုချဉ် အရသာ၊ သင်္ကန်း အစရှိတဲ့ လှူမှုတန်းမှုတွေ ပြုလုပ် ကြပါတယ်။
လွတ်လပ်ရေးဆိုတဲ့သဘောသဘာဝ
ဒီလို ဒီလို လွတ်လပ်ရေးနေ့အကြောင်းအရာ တွေကို အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင် လွတ်လပ် ရေးဆိုတဲ့ သဘောသဘာဝကို ပြည်သူလူထု အသည်းနှလုံးထဲ၊ ဦးနှောက်ထဲ စွဲစွဲမြဲမြဲ ရောက်ရှိ သွားဖို့ပါပဲ။ လွတ်လပ်ရေးကို ထိန်းသိမ်း တတ်ဖို့၊ ချစ်မြတ်နိုးတတ်ဖို့၊ လေးစားတန်ဖိုးထား တတ်ဖို့၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်မြတ်နိုး တတ်ဖို့ အသိအတွေးစိတ်ကို မွေးမြူပေးလိုက်ခြင်းပါ။
ခုလို ပျော်ပျော်ပါးပါး၊ သွားသွားလာလာ သွားနိုင်တယ်၊ လာနိုင်တယ်၊ စားနိုင်တယ်၊ သောက်နိုင်တယ်၊ ပညာသင်ကြားနိုင်တယ်၊ စီးပွား ရေး ကြီးပွားရေး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်တယ် ဆိုတာက လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လို့ပဲ။ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်နယ်မြေဆိုတာတွေရှိလို့ လွတ်လပ်ရေး ဆိုတာရှိတာ။ မဟုတ်ရင် လွတ်မြောက်ခြင်း မရှိ သလို လွတ်လပ်ရေးဆိုတာလည်း ဖြစ်လာမှာမဟုတ် ဘူး။ ဒီတော့ ဒီလွတ်လပ်ရေးဆိုတာ လွယ်လွယ်နဲ့ ရခဲ့တဲ့အရာမဟုတ်။ တိုင်းရင်းသားတွေရဲ့ အသက်၊ ချွေးသွေးနဲ့ ရယူခဲ့ရတာမဟုတ်လား။ အလွန် ခက်ခက်ခဲခဲ ရယူခဲ့ရတာဆိုတာလည်း အားလုံး သိကြတဲ့အတိုင်းပါပဲ။
ဒီတော့ လွတ်လပ်ရေးဆိုတာ ကျွန်တော်တို့ ဆုံးရှုံးခဲ့ဖူးသလား။ သေချာပေါက် ဆုံးရှုံးခဲ့ဖူးပါတယ်။ သမိုင်းပြန်ကြည့်။ မြန်မာတွေဟာ ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ့်ထီးကိုယ့်နန်း ကိုယ့် ကြငှန်းနဲ့နေလာကြတဲ့ လူမျိုးပဲ။ သို့သော် ဘာကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသလဲ။ စည်းလုံး ညီညွတ်မှုပြိုကွဲလို့၊ စည်းလုံးညီညွတ်မှုမရှိကြလို့ဆိုတာ အထင်အရှားပဲ။ သမိုင်းဖတ်တဲ့သူတွေဆို ပိုသိ မှာပေါ့။ “မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်း ပျောက်ခဲ့တယ်”ဆိုတဲ့စကားကလည်း ဒီကနေ့အထိ လူထုကြားမှာ အထင်အရှားပဲ မဟုတ်လား။ တိုင်းပြည်တစ်ပြည်ရဲ့ စည်းလုံးညီညွတ်မှုဟာ အင်မတန်မှအရေးကြီးပါတယ်။
စည်းလုံးညီညွတ်နေရင်
လွတ်လပ်ရေးနဲ့ပတ်သက်လို့ စည်းလုံးညီညွတ် မှုဟာ အရေးကြီးတဲ့အကြောင်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောကြားသွားခဲ့တဲ့ မိန့်ခွန်းတစ်ရပ်လည်း ကြားဖူးပါတယ်။ "ဗမာပြည်မယ် လူထုညီညွတ်ရေး၊ တိုင်းရင်းသား ညီညွတ်ရေးတွေဟာ မပြိုမကွဲနဲ့ ဘယ်သူမှ ဖောက်ထွင်းလို့မရလို့ရှိရင်၊ နောက်ပြီးတော့ လက်ဝဲ သမားလို့ခေါ်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်သထက် ညီညွတ်နေလို့ရှိရင် အဲဒါကြီး ကြီး သလောက် လွတ်လပ်ရေးဟာ ပိုကောင်းလာမှာပဲ မဟုတ်လား။”
အလွန်မှတ်သားစရာ ကောင်းပါတယ်။ လွတ်လပ်ရေးဆိုတာ စည်းလုံးညီညွတ်နေလို့ရှိရင် မပြိုကွဲ၊ မပျောက်ဆုံးနိုင်ပါဘူး။ စည်းလုံးညီညွတ် ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။
“သမဂ္ဂါနံ တပေါ သုခေါ” ဟု ဆိုထားတယ် မဟုတ်လား။ သမဂ္ဂါနံ- ညီညွတ်သောသူတို့၏၊ တပေါ- အကျင့်သည်၊ သုခေါ -ချမ်းသာ၏ ဟု ဆိုပါ တယ်။ စည်းလုံးညီညွတ်ခြင်းသည် အောင်မြင်ခြင်း ရဲ့အကြောင်းလို့ ဆိုတာပါ။ သို့သော် စည်းလုံး ညီညွတ်မှု အားနည်းသွားပြီဆိုရင်တော့ ပြိုကွဲဖို့ လမ်းစဖြစ်လာတတ်ပါတယ်။ လွတ်လပ်ရေးဆိုတာ လည်း အလွယ်လေးနဲ့ ဆုံးရှုံးသွားတတ်ပါတယ်။ နယ်ချဲ့သမားတွေဆိုတာကလည်း အဲဒီအားနည်း ချက်ကို ချောင်းနေတာပါ။
ပြိုကွဲသွားတဲ့နိုင်ငံတွေ
ဒီကနေ့ ကမ္ဘာမှာကြည့်ကြည့်လိုက်။ စည်းလုံး ညီညွတ်မှု အားနည်းလို့ ပြိုကွဲသွားတဲ့နိုင်ငံတွေရှိခဲ့ဖူးတယ်။ ဆိုဗီယက်ဆိုတာ တစ်ချိန်က ကမ္ဘာမှာ အကြီးဆုံး။ အလွန်ကိုကြီးမားတဲ့ အင်ပါယာကြီးပါ။ လုံးဝကို ထင်မထားကြပါဘူး။ နောက်တော့ ပြိုကွဲ သွားတာ ကမ္ဘာက အံ့ဩမဆုံးဖြစ်ကြရတယ်။ အရင် တုန်းက အရှေ့ဂျာမနီ၊ အနောက်ဂျာမနီဆိုပြီး ရှိခဲ့ တာ၊ နောက်မှ ဂျာမနီပေါင်းစည်းလုပ်ပြီး ပြန်ပေါင်း သွားတာ။ ထို့အတူ ဗီယက်နမ်လည်း တောင်ဗီယက် နမ်၊ မြောက်ဗီယက်နမ်ဆိုပြီး နှစ်ပိုင်းကွဲဖူးတယ်။ နောက်မှ ပြန်ပေါင်းနိုင်တာ။ မပေါင်းနိုင်တာက ကိုရီးယား။ ဒီကနေ့အထိ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုပြီး ဖြစ်သွားခဲ့တယ်။
အရှေ့အလယ်ပိုင်းကို ကြည့်လိုက်ဦး။
အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချ ဖို့ကြိုးစားရင်း နိုင်ငံပျက်စီးသွားခဲ့တယ်။ ဒီနောက် အာဖဂန်နစ္စတန်ရော ဘာထူးတုန်း။ အကြမ်းဖက် ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ချေမှုန်းရင်း နိုင်ငံကျေသွားတယ်။ အမေရိကန်ကျောထောက်နောက်ခံပြုတဲ့အစိုးရ ပြုတ်ကျပြီး တာလီဘန်အစိုးရ ပြန်ဖြစ်သွားခဲ့တယ်။ လစ်ဗျားနိုင်ငံဆိုတာလည်း ထိုနည်းလည်းကောင်းပဲ။ လစ်ဗျားခေါင်းဆောင် ကဒါဖီကိုဖြုတ်ချဖို့ ဝင်တိုက်ရင်း နိုင်ငံပြိုကွဲသွားခဲ့ တယ်။ အရှေ့နဲ့အနောက် နှစ်ပိုင်းပြိုကွဲနေပြီး စင်ပြိုင်အစိုးရနှစ်ရပ် ဖြစ်နေတယ်။ နိုင်ငံအနောက် ပိုင်း မြို့တော်ထရီပိုလီမှာ ဗဟိုအစိုးရတစ်ခု၊ နိုင်ငံ အရှေ့ပိုင်း တိုဘရွတ်မြို့မှာ အတိုက်အခံအစိုးရ တစ်ခုနဲ့ အစိုးရနှစ်ခုဟာ စင်ပြိုင်စစ်တပ်တစ်ခုစီနဲ့ နှစ်ပိုင်းကွဲနေတာ။
ဒီအဖြစ်အပျက်တွေဟာ ပုံပြင်မဟုတ်သလို ဒဏ္ဍာရီလည်းမဟုတ်ပါဘူး။ တကယ့်မျက်မှောက် ကာလမှာ ကြုံတွေ့နေကြရတာပါ။ စစ်မီးစစ်လျှံတွေ တောက်လောင်ခဲ့ရတဲ့ဘဝတွေ အထင်အရှား ဆိုတာ ရှင်းနေတာပဲ။ ဒီတော့စည်းလုံးညီညွတ်မှု ပြိုကွဲရင် လွတ်လပ်ရေးဆိုတာ ဆုံးရှုံးတတ်တယ် ဆိုတာ အထင်အရှားပဲမဟုတ်လား။
လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့
ဒီကနေ့ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်လမ်း ကြောင်း ဘယ်ကိုသွားနေတယ်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။ စည်းလုံးနေတာလား၊ မစည်း လုံးဘူးလားဆိုတာ ကိုယ့်ဘာသာ စဉ်းစားကြည့်ကြ ပေတော့။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့လွတ်လပ်ရေး၊ အချုပ်အခြာအာဏာကို ထိခိုက်ပျက်စီးစေ မယ့်အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်၊ အကြံအစည်မှန်သမျှ လက်မခံဘဲ ဝိုင်းဝန်းတိုက်ဖျက် ကြဖို့လိုပါတယ်။ သေချာတာကတော့ ဘယ်နည်းနဲ့မှ လွတ်လပ်ရေးဆိုတာ ထိခိုက်လို့မဖြစ်ဘူး။ ရရှိထား တဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီမှာ တာဝန်ရှိ တယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်မျိုးရိုးကို ချစ်မြတ်နိုးဖို့၊ လေးစားတန်ဖိုးထားတတ်ဖို့၊ ညီညွတ် ကြဖို့လိုပါတယ်။ ညီညွတ်ရေးဟာ အင်မတန်မှကိုပဲ အရေးကြီးတယ်။ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့် ရှောက်တဲ့နေရာမှာလည်း တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်ပျက်စီးစေမယ့်အရာမှန်သမျှကို မဖြစ်စေဘဲနဲ့ လုပ်ကိုင်ဆောင်ခြင်း ဖြစ်တယ်လို့ ရှုမြင်မိပါတယ်။
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ ပြည်သူ တစ်ရပ်လုံးညီညွတ်ရေးဆိုတာတွေက လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်ရေးအတွက် အရေးကြီးတဲ့ အချက်တွေပဲလို့ ဆိုပါတယ်။ ညီညာမှပြည်သာသတဲ့။ ညီညွတ်တဲ့နိုင်ငံတွေဟာ ရှေ့ကိုရောက်သွားတာပဲ။ တဖြည်းဖြည်း တိုးတက်သွားကြတယ်။ လူတိုင်း လူတိုင်းကတော့ တိုးတက်မှု၊ ကြီးပွားချမ်းသာမှုကို လိုလားကြပါတယ်။ ဒီအကြောင်းအရာတွေရဲ့ မူလဇာစ်မြစ်ကတော့ တည်ငြိမ်မှု၊ အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုတွေ ဖြစ်ပါတယ်။
တည်ငြိမ်မှ အေးချမ်းမယ်။ အေးချမ်းမှလည်း စီးပွားရေး၊ ကြီးပွားရေး တိုးတက်မှုတွေကို လုပ်ကိုင် နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့တာ လာမယ့် ဇန်နဝါရီ ၄ ရက်ဆိုရင် (၇၄)နှစ် ပြည့် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာ့ လွတ်လပ်ရေးသက်တမ်းဟာ(၇၅) နှစ်ဆိုတဲ့ စိန်ရတု ကာလကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးကြီး နှစ်ထောင်သောင်းမက ထာဝစဉ် အဓွန့်ရှည်ရေး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ညီညွတ်မှုကိုအခြေခံပြီး ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါ တယ်။
အခု ဒီဆောင်းပါးလေးကိုရေးနေရင်း လွတ်လပ် ရေးနေ့မှာကြားရလေ့ရှိတဲ့ သီချင်းတစ်ပုဒ် အမှတ် မထင် ခေါင်းထဲရောက်လာပါတယ်။ သီချင်းတစ်ပုဒ် လုံးလည်း ရတာတော့မဟုတ်ဘူး။ ဟိုတစ်စ၊ ဒီတစ်စပေါ့။ ဘာပဲဖြစ်ဖြစ်ဆိုကြည့် ရအောင်-
လွတ်လပ်ရေးကို တို့ချစ်သည်x x x
လွတ်လပ်ရေးကို တို့မြတ်နိုးသည်x x x
အမျိုးသားတို့ ညီညွတ်ကြရမည်x x x
အမျိုးသမီးတို့ ညီညွတ်ကြရမည်x x x
လွတ်လပ်ရေးကို တို့ချစ်သည်x x x
လွတ်လပ်ရေးကို တို့ချစ်သည် x x x
- Log in to post comments