လွတ်လပ်ရေးသတိ အမြဲရှိကြစို့

Type

 

မောင်ခိုင်မာ(အထက်မင်းလှ)
 

 

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် (မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်) တနင်္ဂနွေနေ့ ၊ နံနက် ၄ နာရီ မိနစ် ၂ဝ တွင် အမိမြန်မာနိုင်ငံတော်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကြေညာခဲ့သည်ဖြစ်ရာ ယခုနှစ် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါသည်။ 

 


လွတ်လပ်ရေးဟူသည်


လွတ်လပ်ရေးဟူသည်“တိုင်းတစ်ပါးအုပ်စိုးမှု သွေးစုပ်ခြယ်လှယ်မှုတို့ကင်းစင်၍     နိုင်ငံတော် အချုပ်အခြာအာဏာကို မိမိတို့ဘာသာ ဖန်တီးနိုင် ခွင့်ရှိခြင်း”  ဖြစ်သည်။  နိုင်ငံတစ်နိုင်ငံတွင် အချုပ် အခြာ  အာဏာရှိခြင်း၊  မရှိခြင်းကို ဥပဒေပြုရေး အာဏာ၊   တရားစီရင်ရေးအာဏာ၊   အုပ်ချုပ်ရေး အာဏာတို့ဖြင့် တိုင်းတာနိုင်သည်။ နိုင်ငံတစ်နိုင်ငံကို အပြင်ပန်းအားဖြင့်     လွတ်လပ်သည်ဟုဆိုနိုင်သော် လည်း  ထိုနိုင်ငံ၏ ဥပဒေပြုရေးအခန်းကဏ္ဍများတွင် အခြားနိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) တစ်ဦးတစ်ဖွဲ့က ကြိုးကိုင်ခြယ်လှယ် အမိန့်ပေးနေပါက ထိုနိုင်ငံသည် ဥပဒေပြုရေးအာဏာ   ကျိုးပေါက်နေသည်မည်၏။ အလားတူ  တရားစီရင်ရေးအာဏာ၊    အုပ်ချုပ်ရေး အာဏာတို့တွင်လည်း ကျိုးပေါက်နေတတ်ပေသည်။

 

ထိုသို့သောနိုင်ငံမျိုးကို အနှစ်သာရအားဖြင့် လုံးဝ လွတ်လပ်သော    နိုင်ငံ၊   အချုပ်အခြာအာဏာပိုင် နိုင်ငံဟု ခေါ်ဆိုနိုင်မည်မဟုတ်ပေ။
မျက်မှောက်ကာလ၌ လွတ်လပ်ရေးဆုံးရှုံးခြင်း မှာ  အခြားနိုင်ငံတစ်ခုက  ကိုယ့်နိုင်ငံကို    စစ်သည် အင်အား    အလုံးအရင်းဖြင့်   လာရောက်သိမ်းပိုက် ကျွန်ပြုမှ ဆုံးရှုံးသည်မဟုတ်ပေ။ အင်အားကြီးနိုင်ငံ အချို့၏   ကယ်တင်ရှင်ပုံသဏ္ဌာန်ဖြင့်    ဩဇာ ထူထောင် လွှမ်းမိုးချုပ်ကိုင်မှု၊  ကန့်သတ်တားဆီးမှု၊  တွန်းအား၊ ဖိအားပေးမှု၊ ရုပ်သေးအစိုးရတစ်ရပ်    (သို့မဟုတ်) ၎င်းဩဇာခံပုဂ္ဂိုလ်တစ်ဦး  သို့မဟုတ်    အများကို နိုင်ငံတော်အဆင့်တွင်   ထည့်သွင်းမြှုပ်နှံ ထားနိုင်မှု စသည်တို့ကြောင့်လည်း   လွတ်လပ်ရေး နှင့်   အချုပ်အခြာအာဏာ  ဆုံးရှုံးနေတတ်ပါသည်။ ဤနည်းလမ်းက စစ်ရေးနည်းလမ်းထက်  ထိရောက် သည်ဟု  ဆိုကြသည်ကို မမေ့သင့်ပါ။ 

 


ခေမဋ္ဌိတာဇနပဒါ 


လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးသည်ခေါင်းနှင့် ပန်းပမာအညမညဖြစ်သည်။ အကျိုးပြုနေကြခြင်း ဖြစ်၏။ လွတ်လပ်သောနိုင်ငံဟုဆိုသော်ငြား၊ မငြိမ်း ချမ်းသောဒေသရှိနေပါလျှင်        ထိုဒေသသည် လွတ်လပ်ရေးအရသာကို    တင်းပြည့်ကျပ်ပြည့် ခံစားရမည်မဟုတ်ပေ။  “ကူဋဒန္တသုတ်တော်” တွင် “ခေမဋ္ဌိတာဇနပဒါ” (ဒေသအားလုံး  ငြိမ်းချမ်းရေးအခိုင်အမာရရှိထားခြင်း)ဟူသည့်အချက်ကို ဖော်ပြ ထားသည်နှင့်အညီ နိုင်ငံအဝန်း ငြိမ်းချမ်းမှသာလျှင် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်ဖြစ်ပေမည်။

 


မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးကို  ခေတ် အဆက်ဆက်အစိုးရများက       ကြိုးပမ်းခဲ့ကြသော် လည်း   တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခအပါ အဝင်  အကြောင်းကြောင်းကြောင့် ငြိမ်းချမ်းရေးခရီး သည် နီးမလိုနှင့်  ဝေးနေဆဲဖြစ်၏။  ယခုအခါနိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်း ရေးကိုတည်ဆောက်ရန်   စီမံစိုင်းပြင်းနေကြောင်း တွေ့မြင်ကြားသိနေရပါသည်။

 


ပြည်ထောင်စုသမ္မတ         မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅)ရပ် အနက်  အမှတ်စဉ်(၄)တွင်  “တစ်နိုင်ငံလုံး  ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်  တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း   ဖြစ်နိုင် သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟု   အတိ အလင်း  ဖော်ပြထားပါသည်။ ထို့အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် (NCA)ပါအတိုင်း  အလေးထားလုပ်ဆောင် ရေး” ဟူသောအချက်ကို   သတ်မှတ်ဆောင်ရွက်လျက် ရှိပါသည်။

 


တစ်ဆက်တည်းဖော်ပြလိုသည်မှာ - အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှု    ဗဟိုကော်မတီဥက္ကဋ္ဌ၊        နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၁၅-၁၀-၂ဝ၂၁)ရက်နေ့တွင်     တစ်နိုင်ငံလုံး    ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း(၆)နှစ်မြောက်   နှစ်ပတ်လည်နေ့တွင်    ပေးပို့သည့် သဝဏ်လွှာ၌ “မိမိတို့အစိုးရသည်  ထာဝရငြိမ်းချမ်း ရေးအတွက် (NCA) စာချုပ်ပါအတိုင်း     ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး   တွေ့ဆုံဆွေးနွေးရေး အတွက် အမြဲတံခါးဖွင့်ထားသည်ကို အတိအလင်း ကြေညာပြီးဖြစ်ကြောင်း”နှင့်   “ နိုင်ငံတော်အစိုးရ သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မထိခိုက်စေရန် သဘောထားကြီးစွာဖြင့်   တတ်နိုင်သမျှ    ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည်လည်း    အကြမ်းဖက်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ      ပယောဂများ၊      မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် (NCA)ငြိမ်းချမ်းရေး လမ်းကြောင်းမှ သွေဖည်မသွားစေရန် အထူးသတိ ပြုကြစေလိုပါသည်။”  ဟူ၍  ထည့်သွင်းပြောကြားခဲ့ပါ သည်။     ထို့အတူ   နိုင်ငံတော်ဝန်ကြီးချုပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  သဘော တူစာချုပ် (NCA) ချုပ်ဆိုခြင်း   (၆)နှစ်မြောက် နှစ်ပတ်လည်နေ့၌ မိန့်ခွန်းတစ်ရပ်ပြောကြားရာတွင် “သဘာဝသယံဇာတများ ပေါကြွယ်ဝတဲ့ မိမိတို့နိုင်ငံ အနေနဲ့     ငြိမ်းချမ်းရေးအမြန်ရရှိလေ    တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လေ ဖြစ်မှာဖြစ်ပါတယ်...”ဟု      ပြောကြားခဲ့သည်မှာ မှတ်သားလိုက်နာဖွယ်ရာ   ဖြစ်ပါသည်။

 


ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း ထာဝရငြိမ်းချမ်းရေးအတွက် ကျရာတာဝန်ကို ထမ်းဆောင်ကြရန်အခြေအနေက တောင်းဆိုနေပြီ ဖြစ်ပါသည်။ 

 


သမဂ္ဂါနံတပေါသုခေါ


လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးသည် ဒွန်တွဲလျက်ရှိသည်။ မြန်မာတို့၏   ကံဇာတာကိုကြည့် လျှင် တစ်မျိုးသားလုံးစည်းလုံးညီညွတ်ချိန်သည် မြန်မာတို့၏ ကံဇာတာတက်ချိန်ဖြစ်သည်။ အတိတ် သမိုင်းကိုပြန်ပြောင်းကြည့်လျှင် မြန်မာ့ရှေးဦးကာလ က   မြို့ပြနိုင်ငံငယ်လေးများအသွင်ဖြင့် အကွဲကွဲ အပြားပြားရှိရာမှ     တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကိုတည်ဆောက်နိုင်သော မင်းကောင်းမင်းမြတ် များလက်ထက်တွင်     ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊     တတိယမြန်မာနိုင်ငံတော်ဟူ၍တည်ထောင်နိုင်ခဲ့ပါသည်။    သို့သော်   ကုန်းဘောင်ခေတ်မင်းဆက်(၁၁)ဆက် ကာလတွင်     နိုင်ငံကို သုံးပိုင်းပိုင်းကာ သုံးကြိမ်သုံးခါ ကျွန်ပြုခြင်း ကို ခံခဲ့ရပါသည်။ အင်္ဂလိပ်- မြန်မာ ပထမကျူးကျော် စစ်ဖြစ်ခဲ့သည့်၁၈၂၄ ခုနှစ်မှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်အထိ စုစုပေါင်းကျွန်သက် ၁၂၄ နှစ်တာ ကျွန်သက်ရှည်ကာလအတွင်း     နယ်ချဲ့တို့က သွေးခွဲအုပ်ချုပ်မှုကြောင့်   တိုင်းရင်းသားစည်းလုံး ညီညွတ်မှုလည်း   အားနည်းခဲ့ရသည်။     သို့သော် ခေါင်းဆောင်အသီးသီး၏  အမြော်အမြင်ရှိရှိ စည်းရုံး မှုကြောင့် တိုင်းရင်းသားပြည်သူ   တစ်ရပ်လုံးသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံသော  စည်းလုံး ညီညွတ်မှုဖြင့် လွတ်လပ်ရေးအောင်ပန်းကိုပြန်လည် ဆွတ်ခူးနိုင်ခဲ့ပေသည်။

 


ဖော်ပြပါအတိတ်သမိုင်းက     “လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အဓိကအကျဆုံးအချက်သည် တိုင်းရင်းသား   စည်းလုံးညီညွတ်မှုစွမ်းပကား   ဖြစ် ကြောင်း” မီးမောင်းထိုးပြနေပါသည်။ အမှန်တကယ် အားဖြင့် စည်းလုံးညီညွတ်မှုသည် အောင်မြင်ခြင်း၏ အခြေခံအကြောင်းတရားဖြစ်သောကြောင့် ရရှိပြီး သော လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့စေရေးမှာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကသာ အခရာမဟုတ်ပါလား။

 


“သမဂ္ဂါနံတပေါသုခေါ” (စည်းလုံးညီညွတ်ခြင်း သည်     ချမ်းသာခြင်းကို      ယူဆောင်လာတတ်၏)ဟူသည့် စကားနှင့်အညီ ကျွန်ုပ်တို့   တိုင်းရင်းသားလူမျိုးများအားလုံးအကြား       ရေပက်မဝင်သည့် စည်းလုံးညီညွတ်မှုကို     အခိုင်အမာတည်ဆောက် ကြရပေမည်။   ထိုသို့    တည်ဆောက်ရန်မှာလည်း “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၏ ရေသောက် မြစ်”သည်    ပြည်တွင်းမှာသာ   တည်ရှိသဖြင့် ပြည်တွင်းအင်အားဖြင့်ပင်  ရယူတည်ဆောက်အပ် ပေသည်။ သို့မှလည်း(ကဗျာဆရာကြီး “နောင်” ၏ ကဗျာစာသားဖြင့်  ဖော်ပြရလျှင်)   “သွေးနှင့် ချွေးနှင့် အဆင့်ဆင့်ဆက်၊ အသက်သက်များ၊ စတေးထား၍၊ ဘိုးဘွားပေးဝေ၊ ချစ်အမွေ” ဖြစ်သည့်  လွတ်လပ် သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အား    ကျွန်ုပ် တို့ နှောင်းလူများက ကမ္ဘာတည်သရွေ့ ထိန်းသိမ်း စောင့်ရှောက်နိုင်ပေလိမ့်မည်။ 

 


ဇာတိမာန်ဇာတိသွေး


ကျွန်ုပ်တို့သည်    အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး၊       ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊  တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ၏     လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊    ထာဝရ ငြိမ်းချမ်းရေး စသည့် ... စသည့်တို့အတွက် စည်းလုံး ညီညွတ်ကြရန်  လိုအပ်သည်ဟုဆိုကြငြား၊ ဇာတိ မာန် ဇာတိသွေး အားနည်းနေကြပါလျှင် သင်္ကြန်အမြောက်ပမာသာဖြစ်နေပေလိမ့်မည်။    ဤနေရာ တွင် ဇာတိမာန်၊ ဇာတိသွေးနှင့် ပတ်သက်၍ တင်ပြ လိုပါသည်။ 

 


မိမိတို့မြန်မာလူမျိုးများသည် ဇာတိပျက်သော၊ ယဉ်ကျေးမှုမဲ့သော      ကြုံရာကျပန်းလူမျိုးများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံမဟုတ်၊ ယဉ်ကျေး မှုအစဉ်အလာ၊     ဘာသာတရား     ကြီးမားစွာဖြင့် နှစ်ပေါင်းရှည်ကြာ တည်တံ့လာသောနိုင်ငံဖြစ်သည် ဟု စိတ်နေမြင့်မားခြင်းသည် ဇာတိမာန်ဖြစ်သည်ဟု ဆိုချင်ပါသည်။    အမျိုးအနွယ်အားဖြင့်    သန့်စင် မွန်မြတ်ခြင်း၊    စိတ်နေမြင့်မားခြင်း၊    ဂုဏ်ယူခြင်း စသည်တို့ကို ဆိုလိုရင်းဖြစ်ပြီး မိမိအမျိုးမှ  အမျိုးဟူ သည့်   အစွန်းရောက်စိတ်ဓာတ်အစွဲကို   မဆိုလိုပါ။ တစ်နည်းအားဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို ဆိုလိုပါသည်။ ထို့ကြောင့် ဇာတိမာန်တွင် အမျိုးဂုဏ် မြင့်မားခြင်း၊     မျိုးချစ်စိတ်ဓာတ်    ထက်သန်ခြင်း၊ လွတ်လပ်ရေးကိုမြတ်နိုးခြင်း၊ နိုင်ငံနှင့်လူမျိုးကိုချစ် မြတ်နိုးခြင်း၊   အဖျက်ရန်ကို   စုပေါင်းတွန်းလှန် ကာကွယ်ခြင်းဟူသည့်    ဂုဏ်ဒြပ်များ    ပါဝင်နေပါ သည်။ 

 


“ဇာတိသွေး” ဟူသည်မှာ  “ တိုင်းပြည်နှင့် လူမျိုးအတွက်   အသက်စွန့်ကြိုးပမ်း  တတ်သော သတ္တိ” ဖြစ်ပါသည်။  အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတစ်လျှောက်ကိုကြည့်လျှင်     တိုင်းရင်း သားညီအစ်ကို မောင်နှမများသည်  တိုင်းပြည်တွင် ရန်စွယ်အန္တရာယ်နှင့်   ကြုံလာလျှင်    အသက်စွန့် ကာကွယ် တတ်ကြသည်။  ကာကွယ်ရဲသော သတ္တိ လည်းရှိကြကြောင်း တွေ့ရသည်။ ဤသည်ပင်လျှင် နိုင်ငံချစ်သည့်သတ္တိသွေး “ဇာတိသွေး” ဖြစ်ပေသည်။

 


ယနေ့မြန်မာနိုင်ငံသည် ကိုဗစ်- ၁၉  တည်း ဟူသော ကမ္ဘာ့ကပ်ရောဂါကြောင့်  ခံစားနေရသည့် စီးပွားရေး နောက်ကျမှုများ၊   အကြမ်းဖက်အန္တရာယ် များ၊ လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်ပနိုင်ငံကြီး အချို့၏    ပယောဂများစသည်တို့ကို ရင်ဆိုင်ကြုံတွေ့ နေရသည့် ကာလဖြစ်ပါသည်။  အခြားတစ်ဖက်တွင် လည်း   ကမ္ဘာသစ်အစီအစဉ်နှင့်    ကမ္ဘာ့ပါဝါမျှခြေ အပြောင်းအလဲ၊ အင်အားကြီးနိုင်ငံများ၏  အားပြိုင် မှု၊   အကျိုးစီးပွား     ထိပ်တိုက်တွေ့မှုများကြောင့် ဖြစ်ပေါ်လာသည့်    သက်ရောက်မှုများကိုလည်း အထိုက်အလျောက်  ခံစားနေရသည့်    ခံစားရမည့် ကာလဖြစ်ပါသည်။ ဤအခြေအနေများကို တိုင်းရင်း သားစည်းလုံးညီညွတ်မှုစွမ်းပကားဖြင့်    ရင်ဆိုင် ကျော်လွှားရမည်ဖြစ်ပါသည်။ ဤသည်ကပင်လျှင် လွတ်လပ်ရေးကို  ထိန်းသိမ်းခြင်းမည်ပါသည်။ 

 


လွတ်လပ်ရေးသတိအမြဲရှိကြစို့


ကျွန်ုပ်တို့နှောင်းလူများသည်     လွတ်လပ်ရေး တိုက်ပွဲအကြောင်းကို    ကြားဖူးရုံသာ   ရှိပေမည်။ သူ့ကျွန်ဘဝ၏ခါးသီးနာကြည်းဖွယ်ရာ အနိဋ္ဌာရုံများ ကိုလည်း သိရှိနိုင်မည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ သည် လွတ်လပ်ရေးကို      မြတ်နိုးသောစိတ်ဖြင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင်   အခက် အခဲအမျိုးမျိုးကြားမှ နှစ်ပေါင်းများစွာ လက်ဆင့် ကမ်း     ထိန်းသိမ်းလာခဲ့ကြသည်မှာ    စိန်ရတုတိုင် တော့မည်ဖြစ်ပါသည်။

 


အမှန်တကယ်အားဖြင့် ကျွန်ုပ်တို့အမြတ်တနိုးတန်ဖိုးထားသည့်    လွတ်လပ်ရေးဟူသည်        သတိ မထားမိလျှင် မျက်စိတစ်မှိတ် လျှပ်တပြက်အတွင်း အလွယ်တကူဆုံးရှုံးသွားတတ်သော်လည်း လွတ်လပ် ရေးပြန်လည်ရရှိရန်         ကြိုးပမ်းသည့်အခါတွင်မူ ဘဝပေါင်းများစွာ အသက်ပေါင်းများစွာကို စတေး ရပါသည်။ ရင်းနှီးရပါသည်။ အလွယ်တကူ ပြန်မရ တတ်ပါ။  ထို့ကြောင့်   ကျွန်ုပ်တို့   တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးက     အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် လွတ်လပ်ရေး သတိအမြဲရှိကြဖို့လိုအပ်ပါကြောင်း(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယဝယ် တိုက်တွန်းတင်ပြ လိုက်ရပေသည်။        ။