လွတ်လပ်တဲ့ နိုင်ငံရဲ့ဂုဏ်ဒြပ်တွေနဲ့အညီ

Type

 

 

မောင်မောင်မြင့်ဆွေ

 

 

နှစ်သစ်အကူး နှစ်ဦးအစ ရက်တွေရောက်တိုင်း ပြည်သူတစ်ရပ်လုံးအတွက်ရော နိုင်ငံတော်အတွက်ပါ မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်က စောင့်ကြိုနေလျက်ရှိပါတယ်။ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအတွက်ပါ တန်ဖိုးဖြတ်လို့မရနိုင်တဲ့အပြင် ကမ္ဘာ့အလယ်မှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဝင့်ဝင့်ထည်ထည်ရပ်တည်နိုင်ခဲ့တဲ့ လွတ်လပ်ရေးနေ့က ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးကို ထွေးပွေ့လိုက်သလို တည်ရှိနေလို့ ဖြစ်ပါတယ်။ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ရင်းနှီးပြီး ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ရရှိခဲ့တာမို့ အခုဆိုရင် (၇၃)နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ နှစ်စဉ် ဇန်နဝါရီ ၄ ရက်ရောက်တိုင်း ပြည်သူတွေရဲ့ နှလုံးအိမ်မှာ လွတ်လပ်ရေးနဲ့ဆက်စပ်တဲ့ အသိတရားတွေနဲ့အတူ လေးလေးစားစားတန်ဖိုးထားကာ စောင့်ထိန်းကြရမယ့်စိတ်ဓာတ်တွေ ကိန်းအောင်းနိုင်ကြစေဖို့ နှိုးဆော် တိုက်တွန်းခံရတဲ့ စိတ်ခံစားမှုတွေဖြစ်ပေါ်စေပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေရဲ့ စုစည်းမှုအင်အား၊ သွေးစည်း ညီညွတ်မှုနဲ့ ပြင်းထန်တဲ့စိတ်ဓာတ်တွေ၊ လှေခွက်ချည်း ကျန် အလံမလှဲဘဲ တိုက်ပွဲဝင်ခဲ့ကြတာတွေ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်ဆိုတဲ့ ရည်မှန်းချက်တစ်ခုတည်း အောက်မှာ တွဲလက်မြဲမြဲအားမာန်ခဲပြီး ဆင်နွှဲခဲ့ကြတာ တွေက သမိုင်းဖြစ်ရပ်တွေအဖြစ် ထင်ထင်ရှားရှားဖော်ပြလျက်ရှိပါတယ်။ မြန်မာနိုင်ငံတည်ရှိနေသမျှ မြန်မာ့ လွတ်လပ်ရေးကြိုးစားမှု သမိုင်းစာမျက်နှာတွေက နောင် လူငယ်လူရွယ်တွေအတွက် မမေ့ကောင်းစရာမှတ်တမ်းမှတ်ရာတွေအဖြစ် ထာဝရတည်ရှိနေမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရယူခဲ့တာ၊ လွတ်လပ်ရေးအတွက် ကြိုးစားခဲ့ ရတာတွေကိုကြည့်ရင် မြန်မာနိုင်ငံအတွင်းမှာ စုပေါင်း နေထိုင်ကြတဲ့ ပြည်သူအားလုံးရဲ့ ညီညွတ်မှုကြောင့် ဖြစ်တယ်။

ညီညွတ်မှုတွေကြောင့် လွတ်လပ်ရေးရ

ဒီလိုညီညွတ်မှုတွေကြောင့် လွတ်လပ်ရေးရယူနိုင် ခဲ့သလို လွတ်လပ်တဲ့နိုင်ငံအဖြစ်နဲ့ ရပ်တည်တဲ့အခါမှာ လည်း အားလုံးစည်းလုံးညီညွတ်ရေးဟာ အရေးကြီးတဲ့ အကြောင်းကို မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ကျင်းပ တဲ့ ဖဆပလပြည်လုံးကျွတ်ညီလာခံမှာ အမျိုးသား ညီညွတ်ရေးနဲ့ ပတ်သက်ပြီး “ကျွန်တော်လိုချင်တဲ့ ညီညွတ် ရေးက တစ်တိုင်းတစ်ပြည်လုံး၊ လူတစ်မျိုးလုံးရဲ့ လွတ်လပ် ရေး၊ လူတစ်မျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ရည်ရွယ် ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် ဒါတွေကိုရအောင် အဲဒီလို တူညီတဲ့အကျိုး၊ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ် က ပြောရုံနဲ့မပြီးဘူး၊ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး၊ အလုပ်မှာလဲ တူရမယ်၊ အကျိုးမှာလဲ တူရမယ်၊ ရည်ရွယ်ချက်မှာလဲ တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ်ထိုက်တယ်”လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ညီညွတ်ရေးဟာ အရေးကြီးတယ်ဆိုတာ ပေါ်လွင်လျက်ရှိပါတယ်။ ညီညွတ် မှုရှိခြင်းဟာ နိုင်ငံအရေးအရာကိစ္စတွေသာမကဘဲ လူတစ်ဦးချင်း၊ တစ်မိသားစုချင်းမှသည် နေရာဒေသ လူမျိုးမခွဲခြားဘဲ ကိစ္စကြီးငယ်ကို အောင်မြင်စွာ ဖြေရှင်း ဖြတ်ကျော်နိုင်စွမ်းရှိတဲ့ စွမ်းအားနဲ့အတူ ရလဒ်ကောင်း တွေရနိုင်မှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရယူဖို့ ကြိုးစားခဲ့ရ တဲ့ကာလတွေမှာ တိုင်းရင်းသားလူမျိုးအားလုံးစုစည်းညီညွတ်စွာနဲ့ ရယူခဲ့ကြသလို ရရှိခဲ့တဲ့ နိုင်ငံ့လွတ်လပ်ရေးမထိခိုက်မဆုံးရှုံးအောင် ပြည်ထောင်စုသားအားလုံးရဲ့ ညီညွတ်မှုနဲ့ပဲ လက်တွဲမဖြုတ်ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ဥမကွဲသိုက်မပျက်နဲ့ ညီညွတ်မှုအားတွေ ပေါင်းစုပြီး စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

အားသွန်ခွန်စိုက် ဆောင်ရွက်ကြ

လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ မြန်မာ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေအလယ်မှာ မိမိနိုင်ငံရဲ့ ဂုဏ် ကျက်သရေနဲ့အညီ ရသင့်ရထိုက်တဲ့ အဆင့်အတန်း ရောက်ရှိအောင် ပြည်ထောင်စုတိုင်းရင်းသားတွေအားလုံး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု အတွင်းမှာ စုပေါင်းနေထိုင်ကြတဲ့ ပြည်သူတွေအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကောင်းကျိုးချမ်းသာတွေ ပြည့်ဝစွာရရှိရေးအတွက် ခိုင်မြဲတဲ့ အဓိဋ္ဌာန်နဲ့ အားသွန်ခွန် စိုက် ဆောင်ရွက်ကြရမှာလည်း ဖြစ်ပါတယ်။

စွန့်လွှတ်စွန့်စားမှုပေါင်းများစွာ၊ အသက်သွေးပေါင်း များစွာ ပေးဆပ်ရင်းနှီးပြီးမှ ရရှိခဲ့တဲ့လွတ်လပ်ရေးဖြစ်တာနဲ့ အညီ လွတ်လပ်တဲ့ မြန်မာနိုင်ငံဟာ အခုအချိန်ကာလမှာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်မှာရောက်ရှိသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အခုလို (၂၁)ရာစု နည်းပညာခေတ်မှာ နိုင်ငံတိုင်းရဲ့တိုးတက်မှုကို စွမ်းဆောင်ရည်ပြည့်ဝတဲ့ နိုင်ငံ သားတွေအပေါ်မှာ ဘယ်လောက်မူတည်နေတယ်ဆိုတာ တိုးတက်နေတဲ့ နိုင်ငံတိုင်းရဲ့ အညွှန်းကိန်းတွေမှာ တွေ့ရှိရ မှာ ဖြစ်ပါတယ်။

တာဝန်ကျေခဲ့ပြီ

နှစ်ပေါင်း ၁၀၀ ကျော် ကိုလိုနီဘဝနဲ့ နေထိုင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို လွတ်လပ်တဲ့နိုင်ငံအဖြစ်၊ လွတ်လပ်တဲ့ ပြည်သူတွေအဖြစ် ရပ်တည်နိုင်အောင် လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်တွေ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုတွေ အသက် တွေ စွန့်လွှတ်ကာ စွမ်းဆောင်ပေးခဲ့ကြပြီး ဖြစ်ပါတယ်။ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့အတွက် တာဝန်ကျေခဲ့ပြီ ဖြစ်ပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့၊ လူတန်းစေ့နေနိုင်ဖို့အတွက် အားလုံးကြိုးစား ဖို့ လိုအပ်နေပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဧပြီလ ၅ ရက်နေ့ ရေဒီယိုအသံလွှင့်မိန့်ခွန်းမှာ ပြော ကြားခဲ့တာတွေအနက် “ကျွန်တော်တို့ ပြောကောင်းရုံ ကလေးအတွက် ကြိုးပမ်းနေကြတာမဟုတ်ဘူး၊ ခပ်တိုတို ပြောရင် လူတန်းစေ့စေ့နေနိုင်အောင်လုပ်ပေးဖို့ လွတ်လပ် ရေးအတွက် ကြိုးပမ်းနေကြတာ၊ အဲဒီတော့ လွတ်လပ်ပြီး တဲ့နောက် လူတန်းစေ့စေ့နေနိုင်ဖို့ အလုပ်တွေကို မလုပ်ရ ဘဲ ကဖျက်ယဖျက်သမားတွေရဲ့ နှောင့်ယှက်မှုတွေကို တုံ့ပြန်နေရတာနဲ့သာ အချိန်ကုန်နေကြမယ်ဆိုရင် လွတ်လပ်ရေးရတာဟာ အဓိပ္ပာယ်ကိုရှိမှာမဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

တိုးတက်မှုတွေ နှေးကွေးခဲ့ရ

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ စုစည်းညီညွတ်စွာ အလုပ်လုပ်ကိုင်မှုအားနည်းခဲ့လို့ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာ တွေ တိုးတက်လာအောင် ဆောင်ရွက်မှုတွေ မထိရောက် ခဲ့တာမို့ တိုးတက်မှုတွေ နှေးကွေးခဲ့ရတာတွေလည်း ကြုံ တွေ့ခဲ့ကြရပါတယ်။ ဒီလိုအခြေအနေမျိုးတွေကနေပြီး နိုးထကာ ပေါင်းစည်းညီညွတ်မှုအင်အားတွေနဲ့ နိုးကြား တက်ကြွစွာ လက်တွဲအကောင်အထည်ဖော်ကြဖို့လည်း အချိန်တန်နေပြီ ဖြစ်တယ်။ ပြည်ထောင်စုတိုင်းရင်းသားတွေ အချင်းချင်း ညီညွတ်ရေးနဲ့ တိုင်းသူပြည်သားများအားလုံး ညီညွတ်ရေးရှိမှသာ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်ဒြပ် နဲ့ ညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေးမှာ တိုင်းပြည်အတွင်းတည်ငြိမ်အေးချမ်းရေးဖြစ်စဉ်များ အမြဲမပြတ် ဖြစ်ထွန်း ပေါ်ပေါက်နေမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါ လွတ်လပ်ရေးရယူခဲ့စဉ်က စိတ်ဓာတ်မျိုးတွေ ရှိဖို့လိုအပ်ပါတယ်။ အဲဒီကာလတွေ တုန်းက ရှိခဲ့ကြတဲ့ စည်းလုံးညီညွတ်မှုတွေ၊ စုပေါင်းအား တွေ၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ခံယူချက်တူညီမှုတွေက လွတ်လပ်ရေးအရယူဖို့အတွက် ကျရာနေရာ၊ ကျရာတာဝန် ထမ်းဆောင်ခဲ့ကြတဲ့ အားမာန်အပြည့်နဲ့ စိတ်ခွန်အားတွေ အတိုင်း ဖြစ်ပေါ်နေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အဲဒီ စိတ်ဓာတ်မျိုးတွေကို တိုင်းပြည်အနာဂတ်ခရီးမှာ ဆက်လက်မွေးမြူသွားနိုင်ဖို့ လိုအပ်နေသလို ပြည်သူတွေ ပေါင်းစည်းညီညွတ်မှုအားဟာ တိုင်းပြည်ရဲ့ ဘယ်လို အခက်ခဲမဆို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ယနေ့ခေတ်လူငယ်များအတွက်ရော ပြည်သူတွေ အတွက်ပါ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ပြောကြားမှုကို သတိပြုမိကြစေလိုပါတယ်။ ၁၉၄၇ ခုနှစ် ဇွန် ၁၀ ရက်မှာ စတင်ကျင်းပခဲ့တဲ့ တိုင်းပြု ပြည်ပြုအစည်းအဝေးရဲ့ ဇွန် ၁၆ ရက်နေ့အစီအစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းက “လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ၊ လွတ်လပ်ရေးဆိုတာဟာ တစ်ဦးတစ်ယောက်ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကိုမထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ်ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာ ဟာ လွတ်လပ်ရေးပဲ” လို့ ပြောကြားခဲ့ဖူးပါတယ်။

တိုင်းပြည်သည် ပိုပြီးစည်းကမ်းရှိဖို့လို

ဒါ့အပြင် “လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ ကမ်းမဲ့သဘောမျိုးမဟုတ်ဘူး၊ စည်းနဲ့ကမ်းနဲ့သဘောမျိုး သာ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှသာလျှင် လွတ်လပ်ရေး ဆိုတာ ဖြစ်နိုင်တယ်၊ အဲဒီတော့ လွတ်လပ်ရေးဆိုတာကို ကျွန်တော်တို့ရတဲ့အခါမှာလည်း နားလည်ရမှာက ငါတို့ တိုင်းပြည်သည် ပိုပြီးစည်းကမ်းရှိဖို့လိုတယ်” လို့လည်း သတိပေးပြောကြားခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ မြန်မာနိုင်ငံဟာ ယနေ့အချိန်အထိ ပြည်သူတွေစည်းကမ်း လိုက်နာဖို့ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။ ပြည်သူတစ်ဦး ချင်းမှသည် နိုင်ငံသားအားလုံး တိုင်းပြည်ချစ်တဲ့စိတ်၊ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့စိတ်နဲ့ အရာရာမှာ စည်းကမ်းတကျနဲ့ ညီညီညွတ်ညွတ် လုပ်ကိုင် တတ်တဲ့စိတ်တွေ ဖြစ်ထွန်းနေဖို့ လိုအပ်ပါတယ်။

လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း လွတ်လပ်တဲ့ နိုင်ငံသူ နိုင်ငံသားတွေဟာ အလုပ်တွေကို စနစ်တကျနဲ့ ကျွမ်းကျင်စွာ လုပ်ကိုင်ကြဖို့လည်း လိုအပ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံနဲ့ လူမျိုးအဖြစ် ရပ်တည်နိုင်ဖို့အတွက် အချင်းချင်း စည်းလုံးညီညွတ်ပြီး အရည်အချင်းရှိရှိ၊ စည်းကမ်းရှိရှိ၊ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ကြိုးစားရင် ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ် အ​ေးချမ်းခြင်းတွေ ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်မှု တွေ ရရှိဖို့ဆိုတာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံအကျိုးစီးပွားကို အတူလက်တွဲ ဖော်ဆောင်မယ်ဆိုတဲ့ ထက်သန်တဲ့ စိတ်ဓာတ်တွေ အစဉ် အမြဲ ကိန်းအောင်းနေမှုစတဲ့ အချက်တွေ ကိုယ်စီရင်ထဲမှာ စွဲမြဲစွာတည်ရှိနေဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့တာဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက် (ယနေ့)မှာ (၇၃) နှစ်ရှိပြီမို့ လွတ်လပ် တဲ့နိုင်ငံ၊ လွတ်လပ်တဲ့ နိုင်ငံသားတွေအနေနဲ့ အခုလို လွတ်လပ်ရေးနေ့ အခါသမယက စတင်ကာ ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုတွေ ယုံယုံကြည်ကြည် ညီညီညွတ် ညွတ်နဲ့ စုပေါင်းလက်တွဲပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို အမြင်ကျယ်ကျယ်နဲ့ အတူတကွ ဖော်ဆောင်ကြမယ်ဆိုရင် လွတ်လပ်တဲ့နိုင်ငံ့ဂုဏ်ဒြပ်နဲ့ ထင်ဟပ်စေမယ့် အကျိုးရလဒ်တွေ ဖြစ်ထွန်းပေါ်ပေါက် လာမှာ အမှန်ဖြစ်ပါတယ်။ ။